မြန်မာ့ရွေးကောက်ပွဲများသမိုင်း (၈)

၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ တွင် ကျင်းပသည်။

ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မှီ နောက်ခံ အခြေအနေ

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ် ဇွန်လ(၁၄) ရက်စွဲပါ အမိန့်အမှတ် (၁၄/၂၀၁၇) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်(၂)ဦးကို ထပ်င်္မ ခန့်အပ်တာဝန် ပေးအပ်ခဲ့သည်။

၂၀၁၈ ခုနှစ် မတ်လ (၂၁)ရက်နေ့တွင် ဦးထင်ကျော်သည် နိုင်ငံတော်သမ္မတ တာဝန်မှ အနားယူခဲ့သည်။ လစ်လပ်သွားသော နိုင်ငံတော်သမ္မတ နေရာအား အစားထိုးခန့်အပ်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့(၃)ဖွဲ့ရှိသည့်အနက် အစုအဖွဲ့တစ်ခုစီမှ  ရှေးဦးစွာ ဒုသမ္မတ များ ရွေးချယ်တင်မြှောက် ရမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှ ပြည်သူ့လွှတ်တော် ဥက္ကဌ (ဦးဝင်းမြင့်) ကို လျာထားခဲ့သည်ဖြစ်၍ ဦးဝင်းမြင့် သည် ပြည်သူ့လွှတ်တော် ဥက္ကဌ ၂၀၁၈ ခုနှစ် မတ်လ (၂၁)ရက်နေ့တွင် နှုတ်ထွက်ခဲ့သည်။ ၂၀၁၈ ခုနှစ် မတ်လ (၂၂)ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက ဦးတီခွန်မြတ် ကို ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ်လည်းကောင်း၊ ဦးထွန်းထွန်းဟိန်ကို  ပြည်သူ့ လွှတ်တော် ဒုဥက္ကဌ အဖြစ်လည်းကောင်း ရွေးကောက် တင်မြှောက်ခဲ့ကြသည်။  ၂၀၁၈ ခုနှစ် မတ်လ (၃၀)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတ အဖြစ် ဦး၀င်းမြင့်ကို မဲပေး ရွေးချယ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၈ ခုနှစ် မေလ (၈)ရက်နေ့တွင် ကြေငြာချက် (၆၀/၂၀၁၈) ဖြင့်  ကြားဖြတ် ရွေးကောက်ပွဲ  ကျင်းပမည့် နေ့ရက် နှင့်  လစ်လပ် မဲဆန္ဒနယ် (၁၃) နယ် ကို ကြေငြာခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ ကြိုတင် ကြေငြာခဲ့သော လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၄)နယ်မှာ –ချင်းပြည်နယ်တွင် (ကန်ပက်လက်)၊ မန္တလေးတိုင်းဒေသကြီးတွင် (မြင်းခြံ)၊ ရန်ကုန်တိုင်းဒေသကြီးတွင် (တာမွေ၊)၊ ရှမ်းပြည်နယ်တွင်(လဲချား) တို့ဖြစ်ကြသည်။ လစ်လပ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁) နယ်မှာ- ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၂)၊ ဖြစ်သည်။ လစ်လပ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၈) နယ်မှာ-ချင်းငြည်နယ်တွင် (မတူပီ(၁)) စစ်ကိုင်းတိုင်း ဒေသကြီးတွင် (တမူး(၂))၊ ပဲခူးတိုင်းဒေသကြီးတွင်(အုတ်တွင်း(၁))၊ မန္တလေးတိုင်းဒေသကြီးတွင်(သပိတ်ကျင်း(၁)) မဲဆန္ဒနယ်နှင့် ရှမ်း တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် နေရာ ၊ ရခိုင်ပြည်နယ်တွင် (ရသေ့တောင်(၂))၊ မကွေးတိုင်းဒေသကြီးတွင် (မင်းဘူး(၂))၊ ရန်ကုန်တိုင်းဒေသကြီးတွင် (ဆိပ်ကမ်း(၂)) တို့ဖြစ်ကြသည်။

၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် နိုင်ငံရေးပါတီ(၂၄)ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်(၄) နယ်အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း(၁၉)ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁)နယ် အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း(၅)ဦး၊ တစ်သီးပုဂ္ဂုလ ကိုယ်စားလှယ်လောင်း(၁)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၆)ဦး၊ တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် (၈)နယ် အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်း(၃၈)ဦး၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း(၆)ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း (၄၄)ဦး၊ အသီးသီး ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ ခဲ့ကြသည်။

၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် ပြည်သူ့လွှတ်တော် အတွက်   မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၃၇၂,၇၅၄)ဦး ရှိသည့်အနက် (၁၄၄,၉၁၄)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၃၈.၈၈) ရာခိုင်နှုန်း၊ အမျိုးသား လွှတ်တော် အတွက်   မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၂၀၃,၂၉၂))ဦး ရှိသည့်အနက် (၆၉,၄၄၃)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၃၄.၁၆) ရာခိုင်နှုန်း ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော် အတွက်   မဲပေးပိုင်ခွင့်ရှိသူ ဦးရေ (၃၂၆,၇၀၄)ဦး ရှိသည့်အနက် (၁၆၈,၆၀၄)ဦး လာရောက်မဲပေးသဖြင့် မဲပေးပိုင်ခွင့်ရှိသူ ဦးရေ အားလုံး၏ (၅၁.၆၁) ရာခိုင်နှုန်း ရှိခဲ့သည်။

၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ တွင် သက်ဆိုင်ရာ လွှတ်တော် အလိုက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၏ ရွေးကောက်ခံရမှု အခြေအနေမှာ အောက်တွင်ဖော်ပြထားသည့် ဇယားအတိုင်း ဖြစ်ပါသည်။

စဉ် ပါတီကမည် ပြည်သူ  လွှတ်တော် အမျိုးသား လွှတ်တော် တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် တိုင်းရင်သားလူမျိုး ကိုယ်စားလှယ် စုစုပေါင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချူင်ပါတီ ၃ နယ် ၃ နယ် ၁ နယ် ၇ နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ၁ နယ် ၂ နယ် ၃ နယ်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချူပ် ၁ နယ် ၁ နယ်
ချင်းဒီမိုကရေစီအဖွဲ့ချူပ် ၁ နယ် ၁ နယ်
တစ်သီးပုဂ္ဂလ ၁ နယ် ၁ နယ်
စုစုပေါင်း ၄ နယ် ၁ နယ် ၇ နယ် ၁ နယ် ၁၃ နယ်

လစ်လပ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၄)နယ် အနက် ရှမ်းပြည်နယ်တွင်(လဲချား) မဲဆန္ဒနယ် တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ်မှ ကိုယ်စားလှယ်အား ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ကျန် မဲဆန္ဒနယ် များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ လစ်လပ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် (၁) နယ် ဖြစ်သည့် ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်  (၂) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် အား ရွေးကောက် တင်မြှောက် ခဲ့ကြသည်။ လစ်လပ် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၈) နယ် အနက် ချင်းပြည်နယ် (မတူပီ(၁)) မဲဆန္ဒနယ် တွင်  ချင်းဒီမိုကရေစီအဖွဲ့ချူပ် မှ ကိုယ်စားလှယ်အားလည်းကောင်း၊  စစ်ကိုင်းတိုင်းဒေသကြီး (တမူး(၂)) မဲဆန္ဒနယ်နှင့် ရန်ကုန်တိုင်းဒေသကြီး (ဆိပ်ကမ်း(၂)) မဲဆန္ဒနယ် များတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များအား လည်းကောင်း၊ ရခိုင်ပြည်နယ် (ရသေ့တောင်(၂)) မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦး အား လည်းကောင်း ရွေးကောက် တင်မြှောက်ခဲ့ကြသည်။ ကျန် မဲဆန္ဒနယ် များတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူင်ပါတီ မှ ကိုယ်စားလှယ်များအား ရွေးကောက် တင်မြှောက် ခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး ရှမ်း တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် နေရာအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူင်ပါတီ မှ ကိုယ်စားလှယ်အား ရွေးကောက်တင်မြှောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ (ပြည်ထောင်စု ဥပဒေ အမှတ်(၃၆/၂၀၁၆)) ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ (ပြည်ထောင်စု ဥပဒေ အမှတ်(၃၇/၂၀၁၆)) ကိုလည်းကောင်း၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ (ပြည်ထောင်စု ဥပဒေ အမှတ်(၃၈/၂၀၁၆)) ကိုလည်းကောင်း၊ ပြဌာန်းခဲ့သည်။