၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံအကျဉ်း

အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရယူရန် ရေးဆွဲခဲ့သည့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာနိုင်ငံအတွက် ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပြီး ပါလီမန် ဒီမိုကရေစီစနစ်ကို အခြေခံသည်။ ထိုဖွဲ့စည်းပုံအကြောင်း ဆွေးနွေးလျှင် မြန်မာနိုင်ငံ၏ တောင်တန်းပြည်မ သွေးစည်းရေး အတွက် ချုပ်ဆိုခဲ့သည် ပင်လုံစာချုပ် အကြောင်း မဖြစ်မနေထည့်သွင်း စဉ်းစားရပါမည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးနောက် အင်္ဂလိပ်တို့သည် ဗမာနိုင်ငံကို ၁၉၃၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေ အတိုင်း ပြန်လည် အုပ်ချုပ်ရန် ဆင်းမလားစီမံကိန်းကို ရေးဆွဲပြီး ပြန်လည်ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း ပြည်သူတစ်ရပ်လုံး အနေဖြင့် လွတ်လပ်ရေးကိုသာ အလိုရှိခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလ အဖွဲ့ချုပ်က စစ်မှန်သော လွတ်နိုင်ငံရေးကို ရယူပေးနိုင်မည်ဆိုသော ယုံကြည်ချက် အပြည်အဝရှိနေသည့် အချိန်လည်းဖြစ်သည်။ ၁၉၄၆ခုနှစ် ဇန်နဝါရီလ(၃၁) ရက်နေ့ တွင် မိုင်းပွန်စော်ဘွားကြီးက စော်ဘွားများကောင်စီ အစည်းအဝေးကို ခေါ်ယူခဲ့သည်။ ထိုအစည်းအဝေးမှ မတ်လတွင် ကျင်းပမည့် လဲချားနယ်၊ ပင်လုံမြို့ ဘုရားပွဲတွင် လက်မှုပြပွဲတစ်ရပ်ကျင်းပ၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များ၊ ဗမာပြည်မမှ အခြားနိုင်ငံရေးခေါင်းဆောင်များ၊ တောင်တန်းဒေသများဖြစ်သော ကချင်၊ ချင်း၊ ကရင်နီ ခေါင်းဆောင်များ ကို ဖိတ်ကြားမည်ဟုဆုံဖြတ်ခဲ့သည်။ ပထမပင်လုံညီလာခံကို ပင်လုံမြို့တွင် ၁၉၄၆ ခုနှစ် မတ်လ(၁) ရက်နေ့မှ (၁၂) ရက်နေ့ထိ ကျင်းပခဲ့သည်။ ထိုညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြည် ဘက်သို့ ခရီးလွန်နေသောကြောင့် မတက်ရောက်နိုင်ဘဲ ဦးနု၊ ဦးဘဂျမ်း၊ မန်းဘခိုင်၊ ဦးဘအေး၊ သထုံဦးလှဖေတို့အပြင် ဂဋ္ဌုန်ဦးစော တို့ တက်ရောက်ခဲ့သည်။ ထိုအစည်းအဝေးပွဲသည် ရှမ်း၊ ဗမာ၊ ကချင်၊ ချင်း စသော တိုင်းရင်းသားခေါင်းဆောင်များ မြန်မာပြည်၏ အနာဂတ်နိုင်ငံရေးကို အတူတူ ပူးပေါင်းဆောင် ရွက်ရန် ရင်းနှီးကျွမ်းဝင်မှုများ ရရှိခဲ့သည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလတွင် ဗြိတိသျှ ဝန်ကြီးချုပ် အက်တလီမှ ဗမာပြည်အနာဂတ်အရေးဆွေးနွေးရန် ဗမာကိုယ်စားလှယ် အဖွဲ့ လန်ဒန်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ဗမာပြည်အစိုးရကိုယ်စားလှယ်အဖွဲ့ သည် တစ်နှစ်အတွင်းလွတ်လပ်ရေးရမည်ဆိုသော ကြွေးကြော်သံ ကို ကိုင်စွဲ၍ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် လန်ဒန်သို့ ထွက်ခွါခဲ့သည်။ လန်ဒန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်နှင့်အတူ တောင်တန်းဒေသနယ်မြေများပါ အပြိုက်နက် လွတ်လပ်ရေးပေးရန် အဆိုတင်သွင်းခဲ့သည်။ ထိုအဆို တင်သွင်းချိန်တွင် ရှမ်းစော်ဘွားများကောင်စီက ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ကိုသာကိုယ်စားပြုပြီး ရှမ်းပြည်နှင့် တောင်တန်းဒေသများကို ကိုယ်စားမပြုကြောင်း ဗြိတိသျှ အစိုးရထံ ကြေးနန်းစာပို့ခဲ့သည်။ ထိုကဲ့သို့ ရှမ်းစော်ဘွားများ ဗြိတိသဆ အစိုးရထံ ကြေးနန်းစာပို့ကြောင်း ကြားသိရသော ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ (ရပလ) အဖွဲ့သည် တောင်ကြီးမြို့စျေးနေ့တွင် လူထုစည်းဝေးပွဲကြီးကျင်းပ၍ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာကိုယ်စားလှယ်အဖွဲ့ကို ရှမ်းပြည်သူလူထုက ထောက်ခံကြောင်း ဆုံးဖြတ်၍ လန်ဒန်ကို ကြေးနန်းရိုက်အကြောင်း ကြားခဲ့သည်။ ထိုကြေးနန်း နှစ်စောင်ကို လေ့လာပါက ရှမ်းစော်ဘွားများ ပေးပို့သော ကြေးနန်းသည် အုပ်ချုပ်သူ ပဒေသရာဇ်စော်ဘွားများ၏ သဘောထားဖြစ်ပြီး ဒုတိယ ပေးပို့သော ကြေးနန်းသည် ရှမ်းပြည် နိုင်ငံရေးအင်အားစု များနှင့် ကြည်သူများ၏ သဘောထားဖြစ်ကြောင်း တွေ့ရှိရသည်။ သို့သော် ပြည်သူများ၏ သဘောထားကို ရယူရာတွင် တောင်ကြီးမြို့ စျေးနေ့တွင်သာ ပြုလုပ်ခဲ့သောကြောင့် ရှမ်းပြည်ရှိ ပြည်သူလူထု အားလုံး၏ သဘောထားကို ရယူခဲ့ခြင်းတော့ မဟုတ်ပါ။ ထို ရပလ အဖွဲ့၏ ပေးပို့သောကြေးနန်းကို ရှမ်းပြည်သူများမှ ကန့်ကွက်ခဲ့သည်ဆိုသော အချက်အလက် မတွေ့ရှိရ သဖြင့် ရှမ်းပြည် ပြည်သူအားလုံးသည် ထိုသဘောထားကို လက်ခံကြောင်း ယူဆ၍ ရနိုင်ပါသည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်အစိုးရကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားများနှင့် ရှမ်းလူထုကိုယ်စားလှယ်များ၊ ကချင်ဒူဝါများနှင့် ကချင်လူထုကိုယ်စားလှယ်များ၊ချင်းတောင်တန်းမှ ခေါင်းဆောင်များပါဝင်သော ပင်လုံညီလာခံကြီးကို စတင်ကျင်းပခဲ့သည်။ ရှမ်း၊ ကချင်၊ ချင်းတိုင်းရင်းသားခေါင်းဆောင်များ သည် ပင်လုံညီလာခံမကျင်းပခင်မှပင် အချင်းချင်းတွေ့ဆုံ၍ အကြိုညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့သောကြောင့် ပင်လုံညီလာခံ တွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာပြည်အစိုးရအဖွဲ့နှင့်သာ အဓိကထား ဆွေးနွေးခဲ့ကြသည်။ ပင်လုံညီလာခံတွင် တိုင်းရင်းသားခေါင်းဆောင်ကြီးများက သဘောတူဆုံးဖြတ်တင်ပြသော အချက်(၅) ချက် ကို ဗိုလ်ချုပ်အောင်ဆန်းမှ ပြန်လည်ဆွေးနွေးခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေးအတွက် သမိုင်းဝင်သည့် ပင်လုံ စာချုပ်ကြီးကို ပြည်ထောင်စု ရှမ်းပြည်နယ်မှ (၁၄) ဦး၊ ကချင်တောင်တန်းဒေသမှ (၅) ဦး၊ ချင်းတောင်တန်းဒေသမှ (၃) ဦး၊ ဗမာပြည်အစိုးရကိုယ်စားပြု (၁) ဦး လက်မှတ်ရေးထိုး၍ အတည်ပြုခဲ့သည်။ ထိုပင်လုံစာချုပ်တွင် အချက်(၉) ချက်ပါဝင်ခဲ့ပြီး ယေဘူရ ဖော်ပြရလျှင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ တောင်တန်းဒေသကိုယ်စားလှယ်ပြု အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးခန့်အပ်ရန် နှင့် ၎င်းနှင့် မျိုးနွယ်မတူသော အခြားတိုင်ရင်သားကိုယ်စားလှယ် (၂) ဦးကို ဒုတိယ အတိုင်ပင်ခံများ အဖြစ်ခန့်အပ်ရန်၊နယ်စပ်ဒေသတွင် ယခုလက်ရှိကျင့်သုံးနေသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မူလအတိုင်းအပြည်အဝကျင့်သုံး ပိုင်ခွင့်ကို လက်ခံခြင်း၊ ကချင်ပြည်နယ် ဖွဲ့စည်တည်ထောင်ခွင့်ကို မူအားဖြင့် လက်ခံပြီး တိုင်ပြုပြည်ပြု လွှတ်တော်တွင် တင်ပြ ဆုံးဖြတ်ရန်၊ တောင်တန်းဒေသတွင် နေထိုင်သူများ အနေဖြင့် ဒီမိုကရေစီနိုင်ငံများတွင် သတ်မှတ်ထားသော အခွင့်အရေးများ ကို ခံစာပိုင်ခွင့် နှင့် ဤစာချုပ်ပါ အစီအစဉ်များသည် ကချင်တောင်တန်း၊ ချင်းတောင်တန်းတို့၏ ရရှိနေသော ဘဏ္ဍာရေးခံစား ခွင့်ထိခိုက်မှုမရှိစေရအပြင် ရှမ်းပြည်၏ယခုလက်ရှိ ကျင့်သုံးနေသော ဘဏ္ဍာရေးနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်မှု မရှိစေရတို့ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော နိုင်ငံရေးခေါင်းဆောင်များသည် တိုင်းရင်းသားလူမျိုးများ တန်းတူရည်တူ စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံထူထောင်ရေးကြိုးပမ်းနေစဉ်မှာပင် ၁၉၄၇ ခုနှစ် ဇူလှိုင်လ (၁၉) ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရေး လုပ်ငန်းစဉ်ကို ဖဆပလဥက္ကဋ္ဌ ဖြစ်လာသော ဦးနုမှ ဆက်လက်တာဝန်ယူပြီး ဥပဒေပညာရှင် ဦးချန်ထွန်းနှင့် ဦးမြင့်သိန်းတို့မှ တာဝန်ယူရေးဆွဲခဲ့ပါသည်။
၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခန်း(၁၄) ခု ၊ဇယား (၄) ခုတို့ပါဝင်ပါသည်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံ၏ အခန်း(၁၀) တွင် ခွဲထွက်နိုင်သော အခွင့်အရေး ခေါင်းစဉ်ဖြင့် ဖွဲ့စည်းပုံ အတည်ပြုပြီးသည့်နောက် (၁၀) ကျော်လျှင် ခွဲထွက်လိုက ခွဲထွက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ သို့သော်လည်း အခန်း(၉) ၊ ကချင်ပြည်နယ်အစိုးရ ခေါင်းစဉ်အောက်ရှိ ပုဒ်မ (၁၇၈)တွင် အခန်း(၁၀) ပြဋ္ဌာန်းချက်သည် ကချင်ပြည်နယ်နှင့်မသက်ဆိုင်သော် ဖော်ပြထားသည်။
တတိယဇယား၏ စာရင်း(၁) တွင် ပြည်ထောင်စုနိုင်ငံဥပဒေပြုစာရင်းဖေါ်ပြထားသည်။
၁။ကာကွယ်ရေး ၂။ပြည်ပရေးရာ ၃။ဆက်သွယ်ရေး ၄။ ဘဏ္ဍာရေး ၅။အရပ်ရပ် ဆိုင်ရာတို့ဖြစ်သည်။
တတိယဇယား၏ စာရင်း(၂) တွင် ပြည်နယ်ဥပဒေပြုစာရင်း ပြဋ္ဌာန်းထားပါသည်။

၁။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များ

၂။ စီးပွားရေးကိစ္စများ

၃။ လုံခြုံရေး

၄။ဆက်သွယ်ရေး

၅။ ပညာရေး

၆။ ပြည်သူ့ကျန်းမာရေး

၇။ ဒေသန္တရအုပ်ချုပ်ရေး

၈။ အရပ်ရပ်ဆိုင်ရာ တို့ဖြစ်သည်။

စတုတ္ထဇယားတွင် ပြည်နယ်အခွန်တော်စာရင်းကို ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။
တတိယဇယား စာရင်း(၂) ပြဋ္ဌာန်းချက် ၁။ တွင်ဖေါ်ပြသော ဇွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဆိုင်ရာကိစ္စရပ်များဆိုသည်မှာ ဤပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ ပြည်နယ်ဖွဲ့စည်းပုံများ ရေးဆွဲခွင့် ပြုထားခြင်းဖြစ်သည်။
၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံသည် ပါလီမန်စနစ်ကို အခြေခံသောစနစ်ဖြစ်ပြီး နိုင်ငံတော်၏ အကြီးအကဲသည် သမ္မတဖြစ်၍ ဝန်ကြီးချုပ်သည် အုပ်ချုပ်ရေးအကြီးအကဲ ဖြစ်သည်။ လွှတ်တော် (၂) ရပ် စနစ်ထားရှိသည်။ အမျိုသားလွှတ်တော် (Chamber of Nationalities) နှင့် ပြည်သူ့လွှတ်တော် (Chamber of Deputies) တို့ဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် စုစုပေါင်းကိုယ်စားလှယ် (၁၂၅) ဦးရှိပြီး ရှမ်းပြည်နယ်မှ (၂၅) ဦး၊ ကချင်ပြည်နယ်မှ(၁၂) ဦး၊ ချင်ဝိဒေသတိုင်းမှ (၈) ဦး၊ ကယားပြည်နယ်မှ (၃) ဦး၊ ကရင် (၂၄) ဦး နှင့် ဗမာနယ်မြေအားလုံးကိုယ်စားပြု (၅၃) ဦးတို့ပါဝင်သည်။ ပြည်သူလွှတ်တော်၏ ကိုယ်စားလှယ်စုစုပေါင်းမှာ အမျိုးသားလွှတ်တော်၏ (၂) ဆ ဖြစ်ပြီး လူဦးရေ (၃၀၀၀၀) နှင့် (၁၀၀၀၀၀) အကြား ကိုယ်စားလှယ် တစ်ဦး ရွေးချယ် ခန့်ထားရမည်။
၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအရ ပြည်နယ်များမှာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းဝိဒေသတိုင်း၊ ကော်သူလေး အထူးဒေသ တို့ဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် ဖွဲ့စည်းပုံပြင်ဆင်ရန် ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ပ.ထ.စ အစိုးရနှင့် တိုင်းရင်း သား ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးနေသည် ကာလတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းမှ တိုင်းရင်းသာများခွဲထွက်ရန်ကြိုးပမ်းနေသည့် ဆိုသော အကြောင်းပြချက်ဖြင့် ၁၉၆၂ခုနှစ် မတ်လ (၂) ရက်နေ့တွင် နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။ ထိုအချိန်မှစ၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဖျက်သိမ်းပစ်ခဲ့ပါသည်။
ထို့ကြောင့် ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံဥပဒေသည် စတင်ကျင့်သုံးသည် ၁၉၄၈ ခုနှစ်မှ အာဏာသိမ်းသည် ၁၉၆၂ ခုနှစ်အထိ (၁၄) နှစ် ကြာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပထမဆုံး ကျင့်သုံးဆောင်ရွက်ခဲ့သော ဖွဲ့စည်းပုံတစ်ခုဖြစ်ခဲ့ပါသည်။

၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (မြန်မာဘာသာ)
၁၉၄၇ ခုနှစ် မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ (အင်္ဂလိပ်ဘာသာ)

သက်နှင်း (ရိုးမ)