လက်ရှိမြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၏ အားနည်းချက် များကို တစေ့တစောင်းလေ့လာမိခြင်း
မြန်မာနိုင်ငံသည် ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကို ပြန်လည်ကျင်းပနိုင်ခဲ့၏။ သို့သော်ထိုရွေးကောက်ပွဲသည် စစ်အာဏာရှင်အုပ်စုဝင်ဖြစ်သည့် ကြံခိုင်ရေးပါတီအား အာဏာ ရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် ပုံဖော်ဖန်တီးယူသွားသော ရွေးကောက်ပွဲတစ်ခုမျှသာ ဖြစ်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ်မြောက်လွှတ်တော် ရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ် တတိယအကြိမ်မြောက်လွှတ်တော် ရွေးကောက်ပွဲတို့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသည် ပြည်ခိုင်းဖြိုးပါတီ အပါအဝင် တိုင်းရင်းသားဒေသအခြေခံ ပါတီများကို ကျော်ဖြတ်၍ လွှတ်တော်ကိုယ်စားလှယ်နေရာ ရာနှုန်းပြည့်နီးပါး အနိုင်ရရှိခဲ့သည်။ ထိုအခြေအနေသည် နိုင်ငံသားအားလုံး၏ အာဏာရှင်အား ဆန့်ကျင်လိုစိတ်နှင့် ခေါင်းဆောင်တစ်ဦးအပေါ် အပြည့်အဝ ယုံကြည်အားကိုးလိုစိတ်ကို ထင်ထင်ရှားရှား ပြသလိုက်ခြင်းပင်ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ပါတီများဖွဲ့စည်းမှုပုံသဏ္ဍာန်(၂) ပိုင်းခွဲထားသည်ကို တွေ့ရှိရသည်။ နိုင်ငံတစ်ဝှမ်းကို လွှမ်းခြုံဖွဲ့စည်းမည့် ပါတီများ နှင့် သက်ဆိုင်ရာ တိုင်း(သို့မဟုတ်)ပြည်နယ်အတွင်း တွင်သာ ဆောင်ရွက်ရန် ဖွဲ့စည်းထားသောပါတီများ ဟူ၍ဖြစ်သည်။ တိုင်းဒေသကြီးတစ်ခုခုအတွက် ရည်ရွယ်၍ ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့်ပါတီများ မရှိသော်လည်း ပြည်နယ်များတွင် မိမိတို့၏ တိုင်းရင်းသား မျိုးနွယ်များအပေါ် ကိုယ်စားပြု ရန် ရည်ရွယ်၍ ဖွဲ့စည်းထားသည့် ပါတီများ အများအပြားရှိနေပါသည်။ ယခင် ရွေးကောက်ပွဲများ၏ ရလဒ်အတွေ့အကြုံအရ တစ်နိုင်ငံလုံးကို ကိုယ်စားပြုထားသည့် ပါတီကြီး (၂) ခုကသာလျှင် ရွေးကောက်ပွဲ ရလဒ်ကို ချုပ်ကိုင်ထားသည့် အခြေအနေကို တွေ့ရသည်။ တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်များလွှတ်တော်အတွင်း ပါဝင်နိုင်မှုမှာ လွန်စွာအားနည်းခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်ကြောင့် ဖြစ်သည်ဟု ထောက်ပြမှုများ ရှိခဲ့ပါသည်။ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံနှင့် ထပ်တူအခြေအနေမျိုးကို ဒီမိုကရေစီ ဘိုးအေကြီးဟု ခေါ်ဆိုနေကြသော အမေရိကန်ပြည်ထောင်စုတွင်လည်း တွေ့မြင်နိုင်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးသည် ဒီမိုကရေစီ အသိရင့်သန်ခြင်း၊ ဒီမိုကရေစီသဘောတရားပြည်ဝခြင်း စသည်တို့နှင့် မသက်ဆိုင်ဘဲ ရွေးကောက်ပွဲစနစ်ဖြင့်သာ သက်ဆိုင်နေသည်။ ထို့ကြောင့် ရွေးကောက်ပွဲ စနစ်ပြုပြင်ရန်လည်း ပထမအကြိမ်လွှတ်တော်အစည်းအဝေးများတွင်တောင်းဆိုမှုများရှိခဲ့ဖူးသည်။ လက်ရှိ ပြဋ္ဌာန်းထားသော ရွေးကောက်ပွဲစနစ် သည် နိုင်သူအကုန်ယူစနစ် ( First Past The Post – FPTP) စနစ်ဖြစ်သောကြောင့် ပါတီကြီးများအပေါ်တွင် အားသာချက် လွန်စွာရှိနေပြီး ပါတီငယ်လေးများ လွှတ်တော်တွင်ပါဝင်နိုင်သည့် အခွင့်အရေး အလွန်နည်းပါးသော ရွေးကောက်ပွဲ စနစ်ပု့စံတစ်ခုဖြစ်သည်။ ထိုစနစ်ကြောင့် တိုင်းရင်းသားပါတီငယ်များ၏အသံ လွှတ်တော် တွင် ကြားနိုင်ရန် ခက်ခဲလှသည်။ ယခင်လွှတ်တော်များ၏ အတွေ့အကြုံအရ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်သော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစု အသိအမှတ်ပြုခံရမှု လွန်စွာနည်းပါးခဲ့သည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးသော ပြည်တွင်းစစ် ဖြစ်ပွားနေသည့် နိုင်ငံတွင်းတည်ငြိမ်မှုကင်းမဲ့နေသည့် နေရာတစ်ခုအဖြစ် ကမ္ဘာက ရှု့မြင်ထားသော နိုင်ငံဖြစ်သည်။ လူအများစုဖြစ်သော ဗမာလူမျိုးများအပေါ် လူနည်းစု တိုင်းရင်းသားများမှ မကျေနပ်မှုများ၊ အမုန်းတရားများ၊ အထင်လွဲမှုများနှင့် ပြည့်နှက်နေသော ထိုကဲ့သို့သော နိုင်ငံမျိုးကို ထာဝရငြိမ်းချမ်းပြီး အမျိုးသားနိုင်ငံ တစ်ခုထူထောင်နိုင်ရန်အတွက် အလွန်ခက်ခဲပါသည်။ အမျှော်အမြင်ကြီးမားစွာဖြင့် ရေရှည်မျှော်တွေးသော ခေါင်းဆောင်မျိုး မှသာ ထိုအခက်အခဲကို ကျော်လွှားနိုင်မည် ဖြစ်သည်။ ထိုအခြေအနေအတွက် အကောင်းဆုံး လုပ်ဆောင်သင့်သည့် နည်းလမ်း တစ်ခုမှာ တိုင်းရင်းသားလူမျိုးတိုင်း နိုင်ငံတော်အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များတွင် ပါဝင်ရန် အခွင့်အရေး ရရှိစေခြင်းပင်ဖြစ်သည်။ သူတို့၏ လိုလားချက်၊ အခွင့်အရေးများကို သူတို့ကိုယ်တိုင် ဖော်ဆောင်နိုင်ခွင့်နှင့် ထိုလိုလားချက်အခွင့်အရေးများကိုလည်း ကာကွယ်နိုင်ရန် အခွင့်အရေးရရှိနေရမည်။ ၂၀၁၀ခုနှစ်မှ အစပြုသော ပါတီစုံ ဒီမိုကရေစီ အစိုးရ (၅)နှစ် သက်တမ်း(၂) ကြိမ်တွင် ထိုကဲ့သို့သော အခွင့်အရေးကို ဖန်တီးပေးရန် အနိုင်ရပါတီကြီးများ၌ ပြင်းပြသောစိတ်ဆန္ဒ မတွေ့ရသလို အခြားတစ်ဖက်တွင်လည်း စစ်အာဏာရှင်များ စိတ်ကြိုက်ဖန်တီးခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးက ထပ်မံ၍တားဆီးထားသည်။ ထိုအခြေခံဥပဒေသည် ၁၉၈၈ ခုနှစ် အာဏာသိမ်းစစ်တပ်မှ သူတို့စိတ်ကြိုက် ရေးဆွဲထားသော ဥပဒေတစ်ခုဖြစ်သည်။ တစ်နည်းဆိုရသော် မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ဗိုလ်ကျစိုးမိုးခဲ့သော စစ်အာဏာရှင်များမှ တိုင်းပြည်ကို သူတို့ ရေရှည်လွှမ်းမိုး ချုပ်ကိုင်ထားနိုင်ရန် ရည်ရွယ်၍ ဖန်တီးထားသော ဖွဲ့စည်းပုံ တစ်ခုဖြစ်သည်။ သို့သော်လည်း ထိုဖွဲ့စည်းပုံ၏ အားနည်းချက်မှာ ရွေးကောက်ပွဲတွင် ပါတီတစ်ခုအနေဖြင့် အပြတ်အသတ် အနိုင်ရရှိပါက ဖွဲ့စည်းပုံပြင်ရန် နှင့် စစ်တပ်ကို တိုက်ရိုက်ထိန်းချုပ်နိုင်ရန်မှလွဲ၍ ကျန်ရှိသည် အင်စတီကျုးရှင်းများ၊ ဥပဒေများကို ထိန်းချုပ်နိုင်သည့်အခြေအနေရှိ၏။ ထို့အပြင် နောက်တစ်ကြိမ်ရွေးကောက်ပွဲတွင် အခြားပါတီများထက် အနိုင်ရရှိရန် အခွင့်အရေး ပိုမိုဖန်တီးနိုင်သည်။ ဥပမာအားဖြင့် ရွေးကောက်ပွဲကော်မရှင်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အနိုင်ရအစိုးရသက်တမ်းအတွင်း စိတ်ကြိုက်ဖွဲ့စည်းပိုင်ခွင့်ရှိခြင်း၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များအပါအဝင် အစိုးရအဖွဲ့ကို ခန့်အပ်ပိုင်ခွင့် ရှိခြင်း၊ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်များ အနေဖြင့်လည်း တာဝန်မှ နှုတ်ထွက်စရာမလိုဘဲ နောင်တစ်ကြိမ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခြင်းတို့သည် အာဏာလက်မဲ့ဖြစ်သော ပါတီများထက် ပိုမိုအားသာသော အချက်များဖြစ်သည်။၂၀၁၅ -၂၀၂၀ လွှတ်တော်သက်တမ်းတွင် အနိုင်ရပါတီဖြစ်သည့် NLD ပါတီသည် ရွေးကောက်ပွဲ ကျင်းပခါနီးအချိန်တွင် ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးအဆိုကို စစ်တပ်နှင့် အတိုက်အခံ လုပ်၍ ပြင်ဆင်ရန်ကြိုးပမ်းခဲ့ပါသည်။ သို့သော်လည်း စစ်တပ်၏ ထောက်ခံမှု မရရှိသည့်အတွက် ပြင်ဆင်နိုင်ခြင်းမရှိခဲ့ပါ။ ထိုအောင်မြင်မှုမရှိခဲ့သည် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုတွင် တိုင်းရင်းသားများပြင်ဆင်ပေးရန် မျှော်လင့်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅)၊ပုဒ်မ (၂၆၁)(ခ) နိုင်ငံတော်သမ္မတ မှ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များကို ရွေးချယ်ခန့်အပ်သည် ဥပဒေကို ပြင်ဆင်မည့် အကြောင်းမပါရှိခြင်း၊ တိုင်းရင်းသားပါတီငယ်များ လွှတ်တော်ထဲသို့ ပိုမို ဝင်ရောက်နိုင်ရန် ယခုပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲစနစ်ထက် ပိုမိုကောင်းမွန်သော စနစ်တစ်ခု ပြောင်းလဲရန် အတွက် ပြင်ဆင်ရန်ထည့်သွင်းဖေါ်ပြမှု မရှိခြင်းတို့သည် ဗမာတိုင်းရင်းသားအခြေခံသော လက်ရှိအနိုင်ရပါတီ အပေါ်တွင် တိုင်းရင်းသား များ အမြင်လွဲမှားမှု ကိုပိုမိုတိုးစေခဲ့သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သော နိုင်ငံတစ်ခုအတွက် အမျိုးသားနိုင်ငံတော် ထူထောင်ရန် အဟန့်အတား ပိုမိုဖြစ်စေခဲ့သည်။ သို့သော်လည်း NLG ပါတီဘက်မှ စဉ်းစားသောအခါတွင် လက်ရှိဖွဲ့စည်းပုံအရ စစ်တပ်မှ လွှတ်တော်နှင့် အစိုးရပိုင်းတွင် ပါဝင်ပတ်သက်နေသည့်အတွက် ထိုအချက်များပြင်ဆင်ပါက ပြည်သူရွေးချယ်သော အရပ်သားအစိုးရအတွက် ပိုမိုအခက်အခဲဖြစ်စေပြီး စစ်တပ်၏ နိုင်ငံရေးလွှမ်းမှု ပိုမိုကြီးထွားလာမည်ကို စိုးရိမ်မှုရှိသောကြောင့် မထည့်သွင်းခြင်း ဖြစ်သည်ဟုယူဆရပါသည်။
သို့သော်လည်း ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာရုံဦးတွင် စစ်တပ်မှ လက်ရှိရွေးကောက်ခံအစိုးရ၏ ခေါင်းဆောင်များ ကို ဖမ်းဆီး၍ အာဏာသိမ်းခြင်းကို လုပ်ဆောင်လိုက်သည်။ ထို့အတွက်ကြောင့် တတိယအကြိမ် လွှတ်တော်မခေါ်ဆိုနိုင်ခဲ့ သလို အစိုးရလည်း မဖွဲ့စည်းနိုင်ခဲ့ပါ။ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်အများစု အပါအဝင် တိုင်းရင်းသားလွှတ်တော် များ စုပေါင်း၍ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကိုဖွဲ့စည်းခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ကိုလွတ်မြောက်နယ်မြေကို အခြေပြု ဖွဲ့စည်းနိုင်ခဲ့သည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးကောင်စီ၏ သဘောတူညီချက်ဖြင့် ဖက်ဒရယ်ပဋိညာဉ် ကိုရေးဆွဲခဲ့သည် ကိုတွေ့ရသည်။ အဆိုပါ ပဋိညာဉ်ကြောင့် စစ်တပ်အာဏာသိမ်းမှုကို ပြန်လည်တွန်းလှန်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်သည် ဖက်ဒရယ်နိုင်ငံတစ်ခု အဖြစ်၊ အမျိုးသားနိုင်ငံတော် တစ်ခုအဖြစ် မဖြစ်မနေ လျှောက်လှမ်းနိုင်တော့မည် မှာ မလွဲမသေ မြင်နေရသည်။ တိုင်းရင်းသားအားလုံး လက်ခံသော နိုင်ငံတော်ကို တည်ဆောက်ရာတွင် “အစကောင်းမှ အနှောင်းသေချာ” ဆိုသော မြန်မာစကားပုံအရ အစကောင်းအောင် အားလုံးအတွက် သေချာသော၊ အာမခံချက်ရှိသော၊ လက်လှမ်းမှီနိုင်သော အခြေအနေကို ယခုအချိန်မှစ၍ အသေးစိတ် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။ ဖက်ဒရယ်နိုင်ငံတော်တစ်ခုတွင် ပါဝင်သော ပြည်နယ်ဒေသများ၊ တိုင်းရင်းသားလူမျိုးများကို ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ပေးခြင်းသည် ကမ္ဘာပေါ်ရှိ ဖက်ဒရယ်နိုင်ငံများစံနှုန်းဖြစ်သည်။ သို့သော်လည်း တစ်ချို့အခြေအနေများကြောင့် “ပေးကားပေး၏ သို့သော်မရ” ဖြစ်နေတတ်သည်။ ဥပမာအားဖြင့် လုပ်ပိုင်ခွင့် အာဏာများပေးထားသော်လည်း ထိုလုပ်ပိုင်ခွင့် အာဏာကို ဆောင်ရွက်ခွင့်မရခြင်းသည် ကိုယ်စားပြုသူများလက်လှမ်းမမှီ သောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် သုံးစွဲခဲ့သော ရွေးကောက်ပွဲစနစ်သည် အထက်ပါ အခြေအနေကို နောက်ဆုံး တွင် ရောက်ရှိသွားသည်ကို တွေ့မြင်နေရသည်။ ဗမာလူမျိုးများဦးဆောင်သော ပါတီကြီးများကို ကိုယ်စားပြုသည့် တိုင်းရင်းသားတစ်ချို့သာ လွှတ်တော်၊အစိုးရပိုင်းတွင် အနည်းငယ်ပါဝင်မှုရှိ ပြီး မိမိတိုင်းရင်းသားတစ်မျိုးထဲကိုသာ ကိုယ်စားပြု သည့် ဒေသခံတိုင်းရင်းသားပါတီများ နိုင်ငံရေး အာဏာရရှိမှု မရှိသလောက်နည်းပါခဲ့သည်။ ထိုအခြေအနေသည်ပင်လျှင် တိုင်းရင်းသားများကို မြေပေါ်တရားဝင် နိုင်ငံရေးအဝန်းအဝိုင်းမှ ဖယ်ကျဉ်ပြီး လက်နက်ကိုင်လမ်းကြောင်းကို တွန်းပိုသလိုမျိုး ဖြစ်ခဲ့ပါသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို နောက်နောင် ထပ်မံမပေါ်ပေါက်စေရန်အတွက် တိုင်းရင်သားများကို တိုက်ရိုက် ကိုယ်စားပြု သောနိုင်ငံရေးအင်အားစုများ လွှတ်တော်အသီးသီး၊ သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင် နေရာအသီးသီးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်အောင် ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။ ထိုသို့ ပါဝင်နိုင်အောင် အဓိက ပြုပြင်ပြောင်းလဲရမည့် စနစ်မှာ ရွေးကောက်ပွဲစနစ်သာ ဖြစ်သည်။ ပါတီငယ်များ လွှတ်တော်ထဲတွင်ပါဝင်လာနိုင်အောင် သင့်လျှော်သော ရွေးကောက်ပွဲစနစ် တစ်ခုကို အနည်းဆုံး လွှတ်တော် တစ်ခုခုအတွက် ရွေးကာက်ပွဲတွင် ပြုပြင်ပြောင်းလဲရန်အထူးလိုအပ်နေပါ သည်။ ယခုအချိန်သည် စစ်တပ်ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို အပြီးတိုင်ဖျက်သိမ်းရန် ဆုံးဖြတ်ပြီး ဖြစ်သည့် အတွက် တိုင်းရင်းသားအားလုံးပါဝင် ဆောင်ရွက်ခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတစ်ခု စစ်စစ်မှန်မှန် ပေါ်ပေါက်ရန်မှလွဲ၍ မည်သည့် အကြောင်းမှ တွေးတောစဉ်းစားစရာမလိုအပ်တော့ပါ။ စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု လုံးဝချုပ်ငြိမ်း အောင်သာ အားလုံးညီညီညွတ်ညွတ်ပါဝင်လာစေရန် ခိုင်မာသောအာမခံကတိများနှင့် လုပ်ဆောင်မှုများလုပ်ပြရန်သာ လိုအပ် ပါတော့သည်။
ဂျာမန်-အင်္ဂလိပ် စာရင်းအင်းပညာရှင် Ernst Friedrich Schumacher (16 August 1911 – 4 September 1977) ရေးသော Small Is Beautiful (“ငယ်သော်လှ၏”) စာအုပ်ခေါင်းစဉ်ကဲ့သို့ ရွေးကောက်ပွဲစနစ်သည် ဖက်ဒရယ်ဖွဲ့စည်းပုံနှင့် နိုင်င့တော်အာဏာခွဲဝေမှု အပိုင်းလောက် မထင်ရှားပေမဲ့ လူမျိုးပေါင်းစုံပါဝင်သော အမျိုးသား နိုင်ငံတော်အတွက် အလွန်အရေးကြီးပြီး ချန်ထား၍မရသော အပိုင်းဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။
သက်နှင်း (ရိုးမ)