အနာဂတ်နိုင်ငံတော်အစိုးရ ပြုပြင်ဆောင်ရွက်ရမည့် အကျဉ်းထောင်ဆိုင်ရာ ပြဿနာများ

(ထောင်များကာရန်ထားသည့် နိုင်ငံတော်မှ ထောင်များကာရန်ထားသည့် နိုင်ငံတော်သစ်ဆီသို့)

ဆင်းရဲသားများ ပျော်ရွှင်၍ ပညာမတတ်သူ ဒုက္ခရောက်သူများမရှိဘဲ အကျဉ်းသားမဲ့သော ထောင်၊ သူတောင်းစား ကင်းသောလမ်း၊ လူအိုများချမ်းသာ၍ အခွန်အတုတ်နည်းပါးပေသည်ဟု ပြောနိုင်သော အစိုးရမျိုးမှ လောကတွင် ထိပ်တန်းကျသောအစိုးရဟု ကြွားနိုင်သည်၊၊ (သောမတ်စ်ပိန်း)

“အကျဉ်းသားမဲသောထောင်” ဖြစ်မှသာ ထိပ်တန်းကျသော အစိုးရဖြစ်နိုင်မယ်ဆိုတာ တစ်ချိန်တစ်ခါက ပုံပြင်တစ်ပုဒ်လို ယုံတမ်းစကားတစ်ခုလို၊ မယုံမရဲရှိခဲ့ကြပေမယ့်၊ အခုအခါမှာတော့ အကျဉ်းသားမရှိလို့ အကျဉ်းထောင်တွေ ပိတ်ပစ်နေရတဲ့ နိုင်ငံတစ်ချို့နဲ့ အကျဉ်းထောင်တွေကို တည်းခိုဆောင်တွေကို စီစဉ်ဆောင်ရွက်နေကြတဲ့နိုင်ငံတစ်ချို့ရဲ့ သတင်းတွေကို ဖတ်ရှုနားဆင် မြင်တွေ့ရတဲ့အခါမှာတော့၊ “အကျဉ်းသားမဲ့သော ထောင်” ဆိုတာ တစ်ကယ်ရှိနေပါပေါ့လားဆိုပြီး ယုံယုံကြည်ကြည်နဲ့ကို လက်ခံလာကြပါပြီ၊၊

“အကျဉ်းသားမရှိတဲ့ ထောင်တွေ တည်ရှိရာ နိုင်ငံတွေကိုကြည့်လိုက်တော့ ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်ပြီး အာဏာရှင်နိုင်ငံတွေ တစ်နိုင်ငံမှ မရှိပါဘူး၊၊

၂၀၂၂ ခုနှစ် မတ်လ(၁၀)ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ထဲမှာ (၁)နှစ်နှင့် (၅)လခန့် နေခဲ့ရသော ကျွန်တော်သည် ရုံးထုတ်သည့် အခါတိုင်း ထောင်ဗူးတံခါး၀အတွင်းရှိ အကျဉ်းသား၊ အချုပ်သားစာရင်းကို ကြည့်မိသည့်အခါတိုင်း တစ်သောင်း (၁၀၀၀၀)အောက် ရောက်သည်မရှိ အမြဲအစဉ် တစ်သောင်း (၁၀၀၀၀)အထက်တွင်သာ ရှိနေသည်ကို မြင်တွေ့ခဲ့ရသည်၊၊

နေ့စဉ် လွတ်ရက်စေ့၍ လွတ်သွားကြသော အကျဉ်းသားများနှင့် မကြာမကြာ ထောင်ပြောင်းနှင့် ရဲဘက်စခန်းများသို့ ရောက်ရှိသွားကြသော အကျဉ်းသားများရှိပါသော်လည်း အကျဉ်းထောင် (အင်းစိန်)ကြီးရဲ့ အကျဉ်းသားစာရင်းကတော့ နဂိုထက် လျော့သွားသည်ကိုမရှိ အမြဲအစဉ် တစ်သောင်း (၁၀၀၀၀) အထက်မှာပင် ဖြစ်သည်၊၊

အာဏာရှင်စစ်အစိုးရက မကြာခဏ လွတ်ငြိမ်းသက်သာခွင့်ပေးနေသည်မှာ ၎င်းတို့အဆို “လူသားချင်းစာနာ ထောက်ထားမှု”အရ လုံးဝလုံးဝ မဟုတ်ပေ၊၊ နိုင်ငံအနှံ့ အကျဉ်းထောင်များတွင် အကျဉ်းသားများ တောင်လိုပုံနေ၍ ဝန်လျှော့ခြင်းသာ ဖြစ်ပေသည်၊၊

လွတ်ငြိမ်းချမ်းသာခွင့်များ ပေးသည့် အချိန်ကာလအနည်းငယ်သာ လူလျော့သွားသော်လည်း တစ်လပင် မပြည့်မီ ဝင်လာမစဲ တသဲသဲနှင့် နဂိုစံတော်ချိန်ကို ရောက်ရှိလာစမြဲဖြစ်သည်၊၊ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်သွားကြသူ အများစုမှာ နည်းနှစ်နည်းနှင့် လွတ်ဖို့ရက်လို၊ လလိုသူ အကျဉ်းသားများသာ ဖြစ်သည်၊၊ ၅၀၅ (က) နိုင်ငံရေးပုဒ်မ ဖြင့် အကျဉ်းကြနေသူတစ်ချို့အား ရံဖန်ရံခါထည့်သွင်း လွှတ်ပေးလေ့ရှိသည်၊၊ ထောင်တွင်းသို့ ဝင်လိုက်ထွက်လိုက် လုပ်နေကြသူအများစုမှာ အခြေခံ လူတန်းစားများ ဖြစ်ကြပြီး အမှုသေး၊ ပြစ်ဒဏ်သေးသူများသာ ဖြစ်ကြသည်၊၊

ယခုခေတ်၊ စစ်အာဏာရှင် စနစ်အောက်တွင် ယခင်က ရှိနှင့်ပြီးသား ရိုးရိုးပုဒ်မတစ်ခုကို အထူးအဆန်းလုပ်ပြီး၊ ပြစ်ဒဏ်ကိုပါ တိုးမြင့်အပြစ်ပေးလာသည်၊၊ အဆိုပါ ပုဒ်မမှာ ၁၉ (င)ခေါ် လက်နက်ကိုင်ဆောင်မှု ပုဒ်မပင်ဖြစ်သည်၊၊

အဆိုပါ ၁၉(င) ပုဒ်မအား အရပ်တရားရုံးများမှ ပြစ်ဒဏ်ကို (၃)လ၊ (၆လ) နှင့် အမြင့်ဆုံး (၁)နှစ်သာ အပြစ်ပေးလေ့ရှိသော်လည်း စစ်အုပ်ချုပ်ရေးနယ်မြေရှိ စစ်ခုံရုံးများမှ ထောင်ဒဏ် (၃)နှစ်ချမှတ်ပြီး အပြစ်ပေးခဲ့ကြသည်၊၊

၎င်းပုဒ်မဖြင့် ထောင်ကျလာသည့် သူများမှာ များလွန်းလှသည်၊၊ ထိုပြစ်ဒဏ်ဖြင့် ထောင်ကျလာသည့်သူ အများစုမှာလည်း လူငယ်များဖြစ်နေသည်ကို အံ့ဩစွာ မြင်တွေ့ခဲ့ရသည်၊၊ ထိုသဘောမှာ “နိုင်ငံအနှံ့ရှိ လူငယ်များကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနှင့် သုတ်သင်ဖယ်ရှားရေးမူဝါဒ” စစ်အာဏာရှင်များ ကျင့်သုံးနေသည်ကို ထင်ထင်ရှားရှားတွေ့ မြင်နေရသည်၊၊

နေ့စဉ် အဝင်များပြီး အထွက်နည်းသည့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ထောင်များတွင် အကျဉ်းသားဉီးရေ အဆမတန် များလွန်းသောကြောင့် အကျဉ်းသားများသည် တစ်ဉီးနှင့် တစ်ဉီး ပူးကပ်ပြီး ခက်ခဲကြပ်တည်းစွာ အိပ်စက်နေကြရသည်၊၊

ထိုကဲ့သို့ အိပ်စရာနေရာအခက်အခဲအတွက် ဘုရားခန်း(ခေါင်းရင်းခန်း) အုပ်ရိုးတန်း၊ ဘေးတန်းတို့တွင် တစ်ပေခွဲခန့် နေရာအား ငွေကျပ်နှစ်သိန်းမှ သုံးသိန်းအထိပေး၍ “တတ်နိုင်သူတို့” အိပ်စက်ကြရသည်၊၊ ငွေမတတ်နိုင်သူတို့ကတော့ အပ်ဆောင်အလယ်တွင် တိရိစ္ဆာန်ကောင်များသဖွယ် အိပ်စက်ကြရသည်၊၊ တစ်ယောက်နှင့်တစ်ယောက် ပူးကြပ်ထိကပ်စွာ အိပ်နေကြရသည်၊၊ ၎င်းတို့အချင်းချင်း မကြာခဏ စကားများ ရန်ဖြစ်လျှက်ရှိကြသည်၊၊ ထိုအခါများတွင် အိပ်ဆောင်ကို အုပ်ချုပ်ရသော “သူကြီး” (ယခင်အခေါ် အခန်းလူကြီး) က ခေါ်ယူရိုက်နှက် အပြစ်ပေးခြင်းကို ခံကြရသည်၊၊

အိပ်ဆောင်ကို အုပ်ချုပ်ရသော အကျဉ်းသား အခန်းသူကြီးက ရန်ပွဲအပေါ်မူတည်ပြီး အိပ်ဆောင်မှူးရုံးသို့ တင်သည့်အခါလည်း ရှိသည်၊၊ အိပ်ဆောင်မှူးက အပြစ်ရှိသူဟု သတ်မှတ်သူကို ရိုက်နှက်အပြစ်ပေးခြင်း၊ အခန်းခွဲခြင်းနှင့် နှစ်ဉီးစလုံးကို ထိုကဲ့သို့ စီရင်ခြင်းမျိုးကိုလည်း လုပ်လေ့ရှိသည်၊၊

အခြားသော ကြီးလေးသည့် အမှုများဖြစ်သည့် ယောကျ်ားခြင်း အနိုင်ကျင့်၍ လိင်တူဆက်ဆံခြင်း၊ သဘောတူ၍ လိင်ဆက်ဆံခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ထောင်မှ သတ်မှတ်ထားသည့် စည်းကမ်းများကို ချိုးဖောက်ခြင်း စသည့် အမှုကြီးများဖြစ်ပေါ်လာပါက အိပ်ဆောင်မှုးက “မိန်းဂျေး”သို့ ပို့၍ အမှုကို စီရင်စေသည်၊၊

“မိန်းဂျေး”ဆိုသည်မှာ ထောင်တစ်ထောင်လုံးကို ကွပ်ကဲအုပ်ချုပ်သည့် နေရာဖြစ်သည်၊၊ ဉီးစီးအရာရှိဆိုသူ ရုံးထိုင်၍ ဝန်ထမ်းများ၊ အကျဉ်းသား လက်ပါးစေများဖြင့် စုဖွဲ့ထားသော နေရာဖြစ်သည်၊၊ ထိုနေရာသို့ ထောင်တွင်းပြစ်မှု ဖြင့် ရောက်ရှိလာသည့် အကျဉ်းသားများအား ဝန်ထမ်းများနှင့် အကျဉ်းသားလက်ပါးစေများက ပြင်းထန်စွာ ဝိုင်းဝန်းရိုက်နှက်ကြပြီး သံခြေချင်းခတ်၊ ဒေါက်ခတ်၊ တိုက်ပိတ် ပြစ်ဒဏ်များကို ခံယူကြရသည်၊၊

“ထောင်နှင့် ငွေကြေး”

ထောင်ထဲတွင် အကျဉ်းသားများ ပိုက်ဆံ(ငွေ)ကိုင်ဆောင် သုံးစွဲခွင့် မရှိပါ၊၊ သို့ပါသော်လည်း ထောင်ထဲတွင် အကျဉ်းသားများ ပိုက်ဆံ (ငွေ)ကို ကိုင်ဆောင်သုံးစွဲနေကြရသည်၊၊

အိပ်စရာနေရာအတွက် အလုပ်မလုပ်ရရေး? အလုပ်သက်သာသည့် နေရာရရှိရေးအတွက် ပိုက်ဆံ(ငွေ)ကို သုံးစွဲနေကြရသည့်အပြင် အိပ်ဆောင်ဆေးသုတ်ခြင်းနှင့် အသေးစားပြုပြင်ခြင်း အိပ်ဆောင်အတွင်း သန့်ရှင်းရေး အသုံးအဆောင်များနှင့် မီးချောင်းများ လဲလှယ်တပ်ဆင်ခြင်း၊ မီးပျက်သည့်အခါ မီးစက်မောင်းရ၍ ဆီဖိုးပေးရခြင်း တို့ကို အိပ်ဆောင်သူကြီး (အခန်းလူကြီး)မှ တစ်ဆင့် ကောက်ခံခိုင်းထားသဖြင့် ငွေကြေးတတ်နိုင်သူများ အကျဉ်းသားများကို အဓိကထားပြီး အလှူငွေ ကောက်ခံလေ့ရှိသည်၊၊

ထို့အပြင် ထောင်မှ စမူဆာ၊ ပလာတာ၊ အီကြာကွေး၊ စသည့် အကြော်မျိုးစုံကို အကျဉ်းသားများအား ခိုင်းစေပြီး ထောင်တွင်း လိုက်လံ ရောင်းချစေသည်၊၊ ဟင်းချက်စရာ သီးနှံ၊ အရွက်များကိုလည်း အကျဉ်းသားများအား ရောင်းချခိုင်းသည်၊၊ ထို့အတွက် ထောင်ထဲတွင် အကျဉ်းသားများအတွက် ငွေမရှိလျှင်မဖြစ်၊၊

ထိုငွေကို အကျဉ်းသားများ မည်သို့ ယူဆောင် သုံးစွဲနေပါသလဲ၊၊ နီးစပ်ရာ အကျဉ်းဉီးစီးဝန်ထမ်းများကို မိသားစုများက ပေး၍ သွင်းယူနေကြရသည်၊၊ ၎င်းတို့က ငွေတစ်သောင်း နှစ်ထောင်ဖြတ်၍ ယူပြီး ကျန်ငွေကို အကျဉ်းသားများပေးသည်၊၊

ထိုငွေကို အကျဉ်းသားများက သိုဝှက်သိမ်းဆည်းပြီး ကိုင်ဆောင်သုံးစွဲကြရသည်၊၊ တစ်လတစ်ခါ သို့မဟုတ် မကြာမကြာ ထောင်က ဝန်ထမ်းအင်အား အလုံးအရင်းဖြင့် အိပ်ဆောင်များကို ရှာဖွေရေး (သလာစီ)လုပ်လေ့ရှိသည်၊၊ အကျဉ်းထောင် လုံခြုံရေးအတွက် အကျဉ်းသားများထံမှ တုတ်၊ ဓါး၊ လက်နက်၊ ချွန်ထက်သော အရာများကို ဉီးစားပေးရှာဖွေကြရမည့်အစား၊ အကျဉ်းသားများ သိုဝှက်ထားသည့် ပိုက်ဆံများကိုသာ အသည်းအသန် မွှေနှောက် ရှာဖွေနေကြသည်၊၊

ထိုသို့ ရှာဖွေနေချိန်တွင် အကျဉ်းသားများမှာ အိပ်ဆောင် အပြင်တွင် တန်းစီထိုင်နေကြရသည်၊၊ ထောင်ပိုင်လေး (သို့မဟုတ်) ဉီးစီးအရာရှိဆိုသူ တစ်ဉီးဉီး ပါလာတတ်သဖြင့် “ပုံစံ”ဟု အကျဉ်းသားစည်းကမ်းထိမ်းက အော်လျှင် အကျဉ်းသားများမှာ ခေါင်းငုံ့နေကြရသည်၊၊

ရှာဖွေရေးပြီး၍ အကျဉ်းသားများအိပ်ဆောင်အတွင်း ပြန်လည်ဝင်ရောက်ရသည့်အခါ မိမိတို့၏ အိပ်ရာလိပ်များနှင့် စားသောက်စရာများ တစ်စစီပြန့်ကျဲနေ၍ လိုက်လံရှာဖွေကြရပြန်သည်၊၊ ပိုက်ဆံပါသွားသူများ၊ စားစရာ အနှိုက်စားခံရသူများ ပွစိပွစိ ပြောဆိုနေသံကို ကြားသိနေရစမြဲဖြစ်သည်၊၊

အကျဉ်းသားများ အဓိက ရပိုင်ခွင့်ဖြစ်သည့် ထောင်ဝင်စာခေါ် မိသားစုနှင့် တွေ့ဆုံခွင့်ကို covid (ကိုဗစ်) ကပ်ရောဂါကို အကြောင်းပြုပြီး နှစ်ရှည် ကြာမြင့်စွာ ပိတ်ပင်ထားခဲ့သည်၊၊

ချုပ်၍ဆိုရမည်ဆိုလျှင် အကျဉ်းထောင်ထဲတွင် အကျဉ်းသားများ အဆမတန်များပြားနေခြင်း၊ အကျဉ်းသားအခွင့် အရေးများ ဆုံးရှုံးနစ်နာနေရခြင်း၊ အကျဉ်းသားအားလုံးနီးပါး အရေပြားရောဂါများ စွဲကပ်ခံနေရခြင်းတို့သည် လက်ရှိ အကျဉ်းထောင်အတွင်း ဖြစ်ပေါ်နေသည့် အကျဉ်းထောင်ဆိုင်ရာ ပြဿနာများပင်ဖြစ်သည်၊၊

အကျဉ်းထောင်အတွင်းရှိ အိပ်ဆောင်တစ်ချို့တွင် တိုးချဲ့ဆောင်များ တိုက်ခန်းများ ဆောက်၍နေရသလို၊ အကျဉ်းထောင်သစ်အချို့လည်း ဆောက်လုပ်နေရသည်၊၊ ဗဟိုအကျဉ်းထောင် (အင်းစိန်)တွင် ယခင်က အိပ်ဆောင် (၅)ဆောင်သာရှိသော်လည်း ယခုအခါ အိပ်ဆောင်(၈)ဆောင်ရှိသည်၊၊ ထပ်တိုးအိပ်ဆောင်များမှာ “လူငယ်ဆောင်၊ သပြေဆောင် နှင့် တရားစခန်းအပ်ဆောင်”တို့ ဖြစ်သည်၊၊

ထိုအိပ်ဆောင်သစ် (၃)ဆောင်တွင် ၅၀၅(က) နိုင်ငံရေးအကျဉ်းသားများကို ထားပြီး၊ အခြား နိုင်ငံရေးပုဒ်မများကို အကြမ်းဖက်ပုဒ်မအဖြစ်သတ်မှတ်ပြီး အခြား ရာဇဝတ်ပုဒ်မ အကျဉ်းသားများကဲ့သို့ အိပ်ဆောင် (၁၊ ၂၊ ၃၊ ၄၊ ၅) တို့တွင် ရောနှောနေထိုင်ကြရသည်၊၊

ကျွန်တော်တို့ ၅၀၅(က) နိုင်ငံရေးအကျဉ်းသားများကို မိန်းဂျေး ဉီးစီးအရာရှိဆိုသူသည် တစ်လတစ်ခါ နှစ်လတစ်ခါ လာရောက်တွေ့ဆုံ စကားပြောလေ့ရှိသည်၊၊ ၎င်း ပြောဆိုသည့် စကားများတွင် အမြဲတမ်းပါသည့် စကားတစ်ခွန်းမှာ အကျဉ်းထောင်က လွတ်သည့်အခါ ‌ထောင်၏ ကောင်းကြောင်းကိုလည်း မပြောပါနဲ့၊ မကောင်းကြောင်းကိုလည်း မပြောပါနဲ့၊ ကျန်ခဲ့တဲ့ အကျဉ်းသားတွေ အနေအစားကြပ်ကုန်လိမ့်မယ်” ဟု ဆိုပါသည်၊၊

၂၀၂၂ ခုနှစ်၊ ၈လပိုင်း ၁ ရက်နေ့ လွတ်ငြိမ်းသက်သာခွင့်တွင် ကျွန်တော်တို့ ၅၀၅ (က) နိုင်ငံရေး အကျဉ်းသားတစ်ချို့ လွတ်ငြိမ်းခွင့် ရခဲ့ကြသည်၊၊

လွတ်ငြိမ်းခွင့်ရသူ ကျွန်တော်တို့ ၅၀၅(က)နိုင်ငံရေးအကျဉ်းသားများအား တရားစခန်း အိပ်ဆောင်မှူးကလည်း အမှာတော် ချွေခဲ့ပါသည်၊၊

“အပြင်ရောက်တဲ့အခါ မီဒီယာတွေမေးရင် ထောင်ရဲ့ မကောင်းကြောင်းတွေကို မပြောပါနဲ့၊ ကောင်းကြောင်းတွေကိုတော့ ပြောပါ” တဲ့၊၊

ဟုတ်ကဲ့ . .  .၊၊

ထိုသူတို့ပြောသလို ထောင်မကောင်းကြောင်းကိုလည်း မပြောပါ၊၊ ထောင်၏ ကောင်းကြောင်းကိုလည်း ကျွန်တော် မပြောပါ၊၊ ထောင်၏ အမှန်တရားများကိုသာ ဖွင့်ဟ ဖော်ထုတ်ရခြင်းဖြစ်ပါသည်၊၊

“ ထောင်ဟူသည် နိုင်ငံတစ်နိုင်ငံ၏ ပြူတင်းပေါက်” ပင် မဟုတ်ပါလား . . . . ၊၊

Prisoner

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)