မြန်မာနိုင်ငံရေး လက်ငင်းဘာဖြစ်နေသလဲ

နိုင်ငံရေးဟု ဆိုလိုက်သောအခါ လက်ရှိဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများ မပါဝင်ဘူးလားဟု  မေးမြန်းစရာဖြစ်လာနိုင် ပါသည်။ ပြောရမည်ဆိုလျှင် နိုင်ငံရေးဆိုသည်မှာ စစ်ရေးကိစ္စများ၏  ခေါင်းစဉ်အကြီးတစ်ခုဖြစ်ပြီး  နိုင်ငံရေးဟုဆိုလိုက် လျှင်ပင် စစ်ရေးကိစ္စက ပါဝင်ပြီးသားဟု ဆိုရမည်ဖြစ်ပါသည်။

Operation 1027  သည်  နွေဦးတော်လှန်ရေးနှင့် တိုက်ရိုက်ပတ်သက်မှု မရှိသော်လည်း ယင်းစစ်ဆင်ရေးသည် နွေဦး တော်လှန်ရေးအတွက် တိုက်ရိုက်အကျိုးပြုသည်ဟု ဆိုရမည်ဖြစ်သည်။  Operation 1027  ရှမ်းပြည်၏ အရှေ့မြောက် တစ်ခွင်နှင့် ရှမ်းပြည်မြောက်ပိုင်းတစ်ခုလုံးရှိ စစ်တပ်၏စစ်စခန်းများကို အဓိကထားတိုက်ခိုက်သော စစ်ဆင်ရေးဖြစ် နေသည်။  စစ်တပ်၏ Outpost  စခန်းအတော်များများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ကိုလည်း တွေ့နိုင်ပါသည်။  ထိုသို့တိုက်ခိုက်မှုများ ပေါ်လာသည့်နောက်ပိုင်းတွင် အခြားဒေသများဖြစ်ကြသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း-အထက်ပိုင်း  စသဖြင့် ဒေသအတော်များများတွင်  ခုခံကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်များ ပူးပေါင်းကာ စစ်ဆင်ရေးများကို အလျင်အမြန် အကောင်အထည် ဖေါ် နေကြသည်ကိုလည်း မြင်တွေ့နိုင်ပါသည်။  စစ်တပ်အတွက် နေရာအနှံ့  စစ်မျက်နှာပေါင်းများစွာ ဖွင့်ရသောကြောင့် အခက်အခဲများစွာ ဖြစ်အောင် အားထုတ်ကြခြင်းဟု နားလည်ပါသည်။

အကဲဖြတ်အများစုအနေဖြင့် 1027 Operation သည် ကိုးကန့်ဒေသ ပြန်လည်စိုးမိုးရေးအတွက်သာ အဓိကဖြစ်သည်ဟု ယုံကြည်ကြပါသည်။  သိရသလောက်ဆိုလျှင် အဆိုပါ စစ်ဆင်ရေးအစီအစဥ်မှာ လွန်ခဲ့သည့် နှစ်များကပင် ကြိုတင်ပြင် ဆင်နေကြောင်း အထောက်အထားများတွေ့ရပါသည်။  MNDAA ၏ တပ်မဟာ (611) ကိုစတင်ဖွဲ့စည်းလိုက်သည့် သတင်းများကို ပြန်ကြည့်လျှင် အလွန်သိသာပါသည်။  အဆိုပါ တပ်မဟာ (611) တွင် တော်လှန်ရေးတပ်ဖွဲ့အသစ်များ ဖြစ်သည့်  BPLA , PLA , ဗိုလ်နဂါး၏တပ်များ  စသဖြင့်ပါဝင်ပါသည်။  လူမျိုးပေါင်းစုံ ၊ အဖွဲ့အစည်းပေါင်းစုံပါဝင် သည်ဟု သိရပါသည်။  အဓိက အချက်မှာ လာရောက်ပူးပေါင်းသော တပ်ဖွဲ့များအား စစ်တပ်အင်္ဂါလက္ခဏာများနှင့်အညီ လက်နက်များကို တပ်ဆင်ပေးထားသောကြောင့်   စစ်တပ်အားတိုက်ခိုက်လိုသော စိတ်ဓါတ်တက်ကြွနေကြသူ တပ်သား သစ်များ ရှိထားပြီး လက်နက်တပ်ဆင်နိုင်စွမ်း အားနည်းသော တပ်ဖွဲ့များအတွက် ထိုသို့သွားရောက် ပူးပေါင်းဆောင်ရွက် ကြခြင်းဖြင့် မိမိ၏ တပ်များကို လက်နက်အင်အား တောင့်တောင့်တင်းတင်း တည်ဆောက်နိုင်ခဲ့သည်ဟု ဆိုရပါမည်။

ထိုကာလ အတောအတွင်း ဆန့်ကျင်ဘက်အင်အားစုများက ကောလင်းမြို့ကို သိမ်းပိုက်ခဲ့ကြပြီး  အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်သည်ကိုလည်း သတိပြုမိပါသည်။  တချိန်ထဲမှာပင် ကယားပြည်နယ်တွင် IEC ၏ တပ်များက (1111) စစ်ဆင်ရေးကို ဖေါ်ဆောင်လိုက်ပြီး လွိုင်ကော်မြို့တက္ကသိုလ်ကို သိမ်းပိုက်ခဲ့ကြသည်။   ထူးခြားချက်မှာ အဆိုပါ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ ၊ ဆရာ / ဆရာမများကို NUCC  ၏ Non-CDM ထုတ်ပြန်ချက်များနှင့်အညီ အရေးယူရန်တိုက်တွန်းသူများနှင့်  အရေးယူမှုအား သဘောမတူကြသူများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

လတ်တလော ဖြစ်ပွါးနေသော ရှမ်းပြည်မြောက်ပိုင်း ဒေသများသို့ ပြန်လည်လေ့လာကြည့်ရာ  တပ်မတော်၏ ရှေ့ထွက် စခန်းငယ်လေးများ အမြောက်အမြား အသိမ်းပိုက်ခံခဲ့ရသည်ကို တွေ့ရသည်။  သို့သော် စစ်ဗျူဟာစခန်းများ အနေဖြင့် ချင်းရွှေဟော် နှင့် ကွန်လုံစခန်းများကိုသာ သိမ်းပိုက်နိုင်သေးပြီး  နမ့်ခမ်းရှိ စခန်းသစ်တောင်ကုန်း ၊ မူဆယ် ၊ လောက်ကိုင် စခန်းများကို မသိမ်းပိုက်နိုင်သေးပေ။  ထို့အပြင် သိန္နီ ၊ လားရှိုး ၊ သီပေါ ၊ ကျောက်မဲ ၊ နောင်ချို စသောမြို့ကြီးများရှိ အဓိက တပ်စခန်းများကိုလည်း သိမ်းပိုက်ထားသည်ဟု မတွေ့ရသေးပါ။  လေ့လာသူတချို့၏ အဆိုအရ တပ်မတော်၏ စစ်ဗျူဟာအရ စခန်းငယ်များကို စွန့်ခွာပြီး ဗျူဟာကျသည့် စခန်းကြီးများတွင် ပြန်လည်စုရုံးပြီး အခိုင်အမာ ခံစစ်ဆင်ထားသည့် ဗျူဟာကိုကျင့်သုံးထားသည်ဟု ဆိုပါသည်။   နမ့်ခမ်း ၊ သိန္နီ ၊ သီပေါ စသောမြို့များတွင်  ညီနောင်မဟာမိတ်တပ်သားများကို မြို့တွင်းတွင် လမ်းလျှောက်သွားလာနေကြသည်ကို တွေ့ရသည်ဟု မြို့ခံများ၏ လူမှုကွန်ရက်များတွင် ဖတ်ရှုရပါသည်။  တပ်မတော်အနေဖြင့်  မြို့များအတွင်းသို့ ထွက်၍ တိုက်ခိုက်ခြင်းမပြုတော့သည့် သဘေဖြစ်ပါသည်။ ပြည်ထောင်စုလမ်းမကြီးအပါအဝင် လမ်းများ၏ အများစုကို ညီနောင်တပ်များက ချုပ်ကိုင် ထားကြသည်။ အထူးသဖြင့် ဂုတ်တွင်းကားလမ်းများကို တွင်းတူးဖျက်ဆီးထားပြီး သီပေါမြို့ အနီးရှိ ကျင်သီတံတားအား ဖေါက်ခွဲထားသည်။

ကိုးကန့်ဒေသသို့ ဆက်သွယ်သောလမ်းအားလုံးနီးပါးကို  ညီနောင်တပ်များက ပိတ်ဆို့ထားနိုင်ခဲ့သည်။  လောက်ကိုင်မြို့ အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုသေးဘဲ စောင့်ဆိုင်းနေသည့် အကြောင်းရင်းကိုမူ ကွဲကွဲပြားပြား မသိနိုင်သေးပေ။ လောင်းကစားလုပ်ငန်းနှင့် လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့ကြသည့် နိုင်ငံတကာမှ အလုပ်သမားများမှာလည်း ထိုမြို့ အတွင်း ပိတ်မိနေကြသေးသည်။ သက်ဆိုင်ရာ နိုင်ငံအသီးသီးကလည်း ပိတ်မိနေသော သူတို့နိုင်ငံသားများကို ကယ်ဆယ် နိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေကြသည်။   ထိုစဥ်ကာလမှာပင် လောက်ကိုင်ဒေသ ခေါင်းဆောင် ပယ်ရှောက် ချိန်၏ သားဖြစ်သူ ပြည်သူ့စစ်ခေါင်းဆောင်အား တရုတ်အစိုးရက ဖမ်းဝရမ်းထုတ်ပြန်လိုက်သည်ကို သတိပြုမိသည်။ ထိုအချက်က လက်ရှိ ကိုးကန့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး အစိုးရအား တရုတ်ဖက်က နှစ်သက်မှု မရှိကြောင်း ပိုမို ထင်ရှားလာပါသည်။  စဉ်းစားကြည့်သောအခါ ချင်းရွှေဟော်နှင့် ကွန်လုံတို့အား သိမ်းပိုက်ထားသည့် ညီနောင် မဟာမိတ်မှ ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှေ အနေဖြင့် လောက်ကိုင်အား သိမ်းပိုက်နိုင်သည်ထားအုံး  နစက အစိုးရနှင့် မည်သို့ဆက်လက် ဆက်ဆံမည်နည်း။ မဆက်ဆံဘဲ ထားလျှင်လည်း ကုန်သွယ်မှုနယ်စပ်များတံခါး ပြန်မဖွင့်နိုင်လျှင်  စီးပွါးရေးအရ အဓိပ္ပာယ်ရှိလိမ့်မည်မဟုတ်။ “ဝ” များကဲ့သို့ အဆင်ပြေရန်လည်း များစွာမျှော်လင့်မထားနိုင်ပေ။ “ဝ” တပ်ဖွဲ့များက စစ်တပ်ရန်သူကို တော်လှန်တိုက်ခိုက်ခဲ့သူများ ဖြစ်ပါသည်။ ယခုကိုးကန့်တပ်ဖွဲ့များက စစ်တပ်၏မိတ်ဖက် တပ်ဖွဲ့များကို တိုက်ခိုက်သိမ်းပိုက်ထားခြင်း ဖြစ်သည့်အတွက် အခြေအနေခြင်း လုံးဝမတူကြပေ။ စိတ်ဝင်စားစရာ ကောင်းသော အဆိုပါအချက်ကို ငွေရောင်ပိတ်ကားပေါ် တွင်သာ ဆက်လက်ရှုစားကြရပါလိမ့်မည်။

1027 Operation ၏ စစ်နယ်ရပ်ဝန်းဖြစ်သည့် ရှမ်းမြောက်ပိုင်းတခွင်သည် ထူးခြားချက်အနေဖြင့် အစဥ်အလာရှိသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကြီး နှစ်ဖွဲ့ဖြစ်သည့်  KIA နှင့် SSPP တို့၏ တပ်ဖွဲ့များ အခြေပြု လှုပ်ရှားရာ ဒေသများလည်း အများစုပါဝင်နေပါသည်။  သို့သော် စစ်ဆင်ရေးကြီးတွင် အဆိုပါနှစ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်ခြင်း မရှိသည်မှာ အလွန် ထူးခြားနေပါသည်။  လက်လှမ်းမီသလောက် လေ့လာကြည့်သောအခါ အဆိုပါ 1027 စစ်ဆင်ရေးနှင့် ပတ်သက်၍ ညီနောင်မဟာမိတ်များဖက်က KIA နှင့်  SSPP တို့အား ပါဝင်ရန်ဖိတ်ခေါ်ခြင်း မရှိသည့်အပြင် အသိပေးခြင်းမျိုးပင် မရှိခဲ့ဟု အခိုင်အမာဆိုကြပါသည်။   ထိုအချက်များက အဆိုပါ စစ်ဆင်ရေးသည် စစ်အာဏာရှင်တိုက်ဖျက်ရေးတိုက်ပွဲဟု မဆိုနိုင်တော့ဘဲ နယ်မြေသိမ်းပိုက်ရေးသက်သက် တိုက်သောစစ်ပွဲသာ ဖြစ်သည်ဟု ဆိုရတော့မည် ဖြစ်ပါသည်။  နမ့်ခမ်းကို သိမ်းပိုက်ထားသော TNLA တပ်ဖွဲ့များနှင့် SSPP  တပ်ဖွဲ့များအကြား  လူဖမ်းသည့်ကိစ္စဖြင့်  ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ခဲ့သည့်သတင်းကို ကြည့်လျှင် နယ်မြေပြဿနာသည် အမှန်တကယ် ရှိနေကြောင်း သိသာနေပါသည်။

1027  စစ်ဆင်ရေးသည် ရေရှည်တိုက်မည့် တိုက်ပွဲတစ်ခု မဟုတ်နိုင်ကြောင်း သုံးသပ်မှုများသည်  အမှန်စင်စစ် တရုတ် ပြည်၏ လိုလားမှုများအပေါ် အခြေခံထားသည့် တွေးဆချက်သာ ဖြစ်နိုင်ပါသည်။  တရုတ်အနေဖြင့် BRI  အစည်းအဝေး ကြီးကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပြီးမှ  ယနေ့မြန်မာတွင် ဖြစ်ပွားးနေသည့် စစ်ပွဲများကြောင့် နှောင့်နှေးနေမည်ဆိုလျှင် သည်အတိုင်း လက်ပိုက်ကြည့်နေနိုင်မည် မဟုတ်ဟူသော တွေးဆချက်အပေါ် အခြေခံစဥ်းစားခြင်း ဖြစ်ပါလိမ့်မည်။

လူမှုကွန်ရက်ပေါ်တက်လာနေသည့် သတင်းများအရ  စစ်တပ်၏ တပ်စခန်းများ တစ်ခုပြီးတစ်ခု လက်နက်ချခြင်း၊ ထွက် ပြေးခြင်းများကို တဖြည်းဖြည်းချင်း အများအပြားတွေ့မြင်လာနေရပါသည်။  စစ်ဗိုလ်ချုပ်ဟောင်းကြီးများနှင့် နီးစပ်သူများ၏ အဆိုအရ  တပ်ချုပ်ကြီးသည် လုပ်ငန်းအားလုံးကို တစ်ဦးတည်းက ချုပ်ကိုင်ထားဆဲ ဖြစ်သည်ဟု ဆိုကြ ပါသည်။ အရာရာအား ၎င်းသာလျှင် ဆုံးဖြတ်သည်ဟု ဆိုပါသည်။ သူ့အား မည်သူတစ်ဦးတစ်ယောက်ကမျှ  မလွန်ဆန် နိုင်ကြဟု ဆိုပါသည်။  အဆိုပါ အချက်သည်လည်း ယနေ့ရင်ဆိုင်နေကြရသော မြန်မာ့အရေးတွင် အရေးပါသည့် အချက် တစ်ခု ဖြစ်လာနိုင်ပါသည်။

အသေးစိတ် ပြန်ဆန်းစစ်ကြည့်လိုက်လျှင်  ဆန့်ကျင်ဘက်အဖွဲ့အစည်းများ အနေဖြင့် စစ်ရေးကိစ္စများတွင် တစ်ဖက်ကို တစ်ဖက် အပြတ်အသတ် အနိုင်ရရန် အခြေအနေမျိုးကို မမြင်မတွေ့ရသေးဟု ဆိုရပါမည်။ ဤကား အချက်အလက်များ အပေါ် အခြေခံ စဉ်းစားကြခြင်း ဖြစ်ပါသည်။  သို့သော် နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာကိုမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကြိုတင်ခန့်မှန်းနိုင်စွမ်း ရှိမနေကြပါ။ အချက်အလက်များအရ ရှင်းရှင်းလင်းလင်း ပြောနိုင်သည့်အချက်မှာ – စစ်တပ်ကို အနိုင်ယူနိုင်သည့်အချိန်၏  နောက်ဆက်တွဲကာလများတွင် နယ်မြေလုသည့် ပဋိပက္ခများ ၊ အာဏာလုသည့် ပဋိပက္ခများ  စီးပွါးရေးအရ လုပ်ငန်းခွင်လုသည့် ပဋိပက္ခများသည်  ပြေးမလွတ်နိုင်သည့်  နောက်ဆက်တွဲ ပြဿနာ ပဋိပက္ခကြီးများ ဖြစ်လာမည်ဟု  ဟောကိန်းထုတ်နိုင်ပါသည်။  ယခုပင် ကြိုတင်၍ တားဆီးနိုင်ရန် ပြင်ဆင်ကြဖို့ လိုအပ်ပါသည်။

ဉာဏ်လင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)