အဓိက တွေ့ရှိချက်များ
စစ်ကိုင်းတိုင်းဒေသကြီးသည် ပဋိပက္ခနယ်မြေအသစ်ဖြစ်သည့်အပြင်၊ စစ်အာဏာသိမ်းကာလ ဖြစ်သည့်အတွက် အရပ်ဘက် အဖွဲ့အစည်းများ၏ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး လှုပ်ရှားနိုင်ခွင့်မှာ အကန့်အသတ်ဖြင့်သာ ရှိနေကြောင်း တွေ့ရသည်။
•၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းမီကာလများတွင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ (EROs) နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် နှစ်ဘက် တပ်များ၏ ခွင့်ပြုချက်များက အလွန်အရေးပါသကဲ့သို့ပင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ပြုလုပ်လိုသည့် အဖွဲ့အစည်းများအနေဖြင့် နယ်မြေစိုးမိုးထားသော အဖွဲ့အစည်းများ၏ ခွင့်ပြုချက်နှင့် ပူးပေါင်းဆောင်ရွက်မှုက လွန်စွာအရေးကြီးသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး လုပ်ဆောင်မည့်အဖွဲ့အစည်းများအနေဖြင့် NUG နှင့် စစ်ကောင်စီတို့၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ပြီး၊ NUG ဘက်တွင် တိုင်းအဆင့်အထိ တင်ပြရသည်ကို တွေ့ရပါသည်။
•စစ်ကိုင်းတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်များ၏ ဝေဟင်နှင့် မြေပြင်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်စခန်းများ အတည်တကျအခိုင်အမာ တည်ဆောက်ထား နိုင်ခြင်း မရှိသည့်အတွက် ကူညီထောက်ပံ့လိုသူများအနေဖြင့် စနစ်တကျကူညီပေးနိုင်ဖို့ ခက်ခဲနေကြောင်း တွေ့ရသည်။
•နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်လာခဲ့သည့် တိုင်းရင်းသားဒေသများတွင် စစ်ဘေးဒဏ်သင့် အမျိုးသမီးများအတွက် ကူညီထောက်ပံ့ပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းကြသော်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အမျိုးသမီးဦးဆောင်အဖွဲ့အစည်းများ နည်းပါးခြင်းက အမျိုးသမီး စစ်ဘေးရှောင်များ၏ အခက်အခဲများ ကူညီဖြေရှင်းပေးနိုင်မှုအပေါ် အဓိက အားနည်းစေခြင်း ဖြစ်လျက်ရှိနေပါသည်။
•အချိန်ကြာလာသည်နှင့်အမျှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးရှို့ခံရသည့် ကျေးရွာအရေအတွက်မှာ ပိုမိုများပြားလာခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသူများအနေဖြင့် မီးဘေးသင့်များကိုသာ အရေးကြီးဦးစားပေးအဖြစ် သတ်မှတ်လာကြသောကြောင့် စစ်ဘေးရှောင်အမျိုးသမီးများ အရေးမှာ ထိုက်သင့်သလောက် အာရုံစိုက် ထည့်သွင်းစဉ်းစားခံရခြင်း မရှိသည်ကို တွေ့ရပါသည်။
•စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ပါဝင်မှုက လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် အကန့်အသတ်ဖြစ်နေသည်ကို တွေ့ရှိရပြီး၊ ၎င်းကန့်သတ်ချက်များကြောင့်ပင် အမျိုးသမီး စစ်ဘေးရှောင်များအရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များစွာ ရှိနေပါသည်။