တော်လှန်ရေးကို ပုံပျက်စေမည့် ဘေးထွက်ဆိုးကျိုးများ

နွေဉီးတော်လှန်ရေးမှာ ရက်ပေါင်း၁၀၀၀ ပြည့်ခဲ့ပြီဖြစ်သလို လက်နက်ကိုင်ခုခံတော်လှန်စစ်မှာလည်း ၂နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။လက်နက်ကိုင်ပြီး ပစ်ကြတိုက်ကြတဲ့ စစ်ပွဲတိုင်းဟာ လူသားတွေအတွက် ဘေးထွက်ဆိုးကျိုးများစွာဖြစ်စေတတ်ပါတယ်။    ကြီးမားတဲ့ ကမ္ဘာစစ်၂ကြိမ် ဖြစ်ခဲ့သလို အခုချိန်အထိလည်း တကြောင်းမဟုတ် တကြောင်းနဲ့ စစ်တွေ ဖြစ်နေတိုက်နေဆဲပါပဲ။  စစ်ပွဲတွေရဲ့  ဆိုးကျိုးတွေကို ကာကွယ်ပေးတဲ့ အနေနဲ့ စစ်ပွဲဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေ၊ပြဋ္ဌာန်းချက်တွေပေါ်ပေါက်လာခဲ့ပါတယ်။

တော်လှန်ရေးမှာ စစ်အာဏာရှင် အကျင့်စရိုက်တွေ ကင်းဖို့လိုတယ်*

စစ်ရာဇဝတ်မှုတွေဟာ  ကာလစည်းကမ်းသတ် ဥပဒေတွေနဲ့ အကျူံး မဝင်ပါဘူး။ နှစ်ဘယ်လောက်ကြာကြာ ကျူးလွန်ခဲ့သူများကို အရေးယူအပြစ်ပေးလို့ ရပါတယ်။ အာဏာသိမ်းပြီး ပေါ်ပေါက်လာခဲ့တဲ့ ဒေသစုံမှာ တော်လှန်ရေးအဖွဲ့အစည်းစုံ ရှိနေပါတယ်။ လူစုံပြီး များပြားလွန်လှတဲ့ အဖွဲ့တွေကြားမှာ  စုန်းပြူးဆိုတာ ပါလာတတ်စမြဲပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက် ကျူးလွန်ခြင်းများကတော့ မှတ်တမ်းပြုစုလို့တောင် ကုန်နိုင်မယ်မထင်ပါဘူး။ တော်လှန်ရေးအင်အားစု တွေဘက်မှာလည်း စစ်ရာဇဝတ်မှုနဲ့ ဆိုင်တာတွေ၊ လူ့အခွင့်ရေးချိုးဖောက်တာတွေကို မြင်နေကြားနေ ရပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာထုတ်ပြန်ချက်တွေမှာ နှစ်ဘက်အကြမ်းဖက်မှုများ ရပ်တန့်ရေးဆိုပြီး ပါဝင်နေတာကို သတိပြုသင့်ပါတယ်။ ၂၀၂၃ခုနှစ် စက်တင်ဘာ၂၆ရက် ၅၄ကြိမ်မြောက် လူ့အခွင့်ရေးကောင်စီထံ တင်သွင်းတဲ့ မဟာမင်းကြီးရဲ့ အစီရင်ခံစာထဲမှာ PDFတွေနဲ့ ပတ်သက်ပြီးတော့ ပါဝင်နေပါတယ်။ “PDF တွေရဲ့ကျူးလွန်မှုတွေဟာ စစ်ကောင်စီတပ်တွေ ကျူလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်လောက်အောင်ကို အတိုင်းအတာသေးငယ်လွန်းပါတယ်”လို့ ပြောထားတာကို တွေ့ရပါတယ်။တော်လှန်ရေး အင်အားစုတွေအနေနဲ့ ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်တယ်လို့ပြောမထားပါဘူး။

နောက်တစ်ခု အရေးကြီးတဲ့ ကိစ္စကတော့ မှားယွင်းတဲ့အယူအဆကြီးထွားလာခြင်းပါပဲ။ တော်လှန်ရေးနဲ့ပတ်သက်လာရင် ဘာလုပ်လုပ် တရားတယ်။ တော်လှန်ရေးနဲ့ ပတ်သက်တာ မှန်သမျှ အားလုံးမှန်တယ်ဆိုတဲ့အတွေးအခေါ်လွှမ်းမိုးမှုကြီးပါပဲ။
      စစ်ကောင်စီရဲ့မတရားရက်စက်ဖိနှိပ်မှုတွေကြောင့်သာ လက်နက်ကိုင်တော်လှန်ရေးကိုမဖြစ်မနေ ရွေးချယ်ပြီးလျှောက်ခဲ့ကြတာမျိုးပါ။ လက်နက်ကိုင်ဗိုလ်ကျစိုးမိုးတာကိုမကြိုက်လို့  လက်နက်ဆွဲကိုင် ရင်ဆိုင်ခဲ့ကြတာပါ။ လက်နက်ရဲ့အင်အားကသာ အမှန်တရားဖြစ်တယ်ဆိုတဲ့ စစ်အာဏာရှင်စနစ် ဒီမြေပေါ်မှာ အမြစ်ပြတ်ဖို့ ဝိုင်းဝန်း ကြိုးစားနေကြခြင်းပါ။ ကျွန်တော်တို့ကိုယ်တိုင်  အာဏာရှင်ဆန်တဲ့ အကျင့်စရိုက်တွေကိုလိုက်မလုပ်မိဖို့အမြဲနှလုံးသွင်းထားသင့်ပါတယ်။

စစ်ရာဇဝတ်မှုတွေဟာ  ကာလစည်းကမ်းသတ် ဥပဒေတွေနဲ့ အကျူံးမဝင်ပါဘူး။ နှစ်ဘယ်လောက် ကြာကြာကျူးလွန်ခဲ့သူများကိုအရေးယူအပြစ်ပေးလို့ရပါတယ်။  အာဏာသိမ်းပြီး ပေါ်ပေါက်လာခဲ့တဲ့ ဒေသစုံမှာ တော်လှန်ရေးအဖွဲ့အစည်းစုံ ရှိနေပါတယ်။ လူစုံပြီး များပြားလွန်လှတဲ့ အဖွဲ့တွေကြားမှာ  စုန်းပြူးဆိုတာ ပါလာတတ်စမြဲပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ကျူးလွန်ခြင်းများကတော့ မှတ်တမ်းပြုစုလို့တောင် ကုန်နိုင်မယ်မထင်ပါဘူး။ တော်လှန်ရေး အင်အားစုတွေဘက်မှာလည်းစစ်ရာဇဝတ်မှုနဲ့ဆိုင်တာတွေ၊လူ့အခွင့်ရေးချိုးဖောက်တာတွေကိုမြင်နေကြားနေရပါတယ်။မြန်မာ့အရေးနဲ့ ပတ်သက်ပြီးနိုင်ငံတကာထုတ်ပြန်ချက်တွေမှာ နှစ်ဘက်အကြမ်းဖက်မှု များရပ်တန့်ရေးဆိုပြီးပါဝင်နေတာကိုသတိပြုသင့်ပါတယ်။

ကံသီလို့ ဖမ်းဆီးအရေးယူခြင်းကနေ လွတ်ခဲ့တဲ ဗိုလ်ချုပ်အောင်ဆန်း

ဒီနေရာမှာ တော်လှန်ရေးရဲဘော်တွေရော၊ထောက်ပံ့ပေးနေတဲ့ပြည်သူတွေကိုပါ ဗိုလ်ချုပ်အောင်ဆန်း ကြုံခဲ့ရတဲ့အဖြစ်အပျက်ကို သာဓက ထုတ်ပြချင်ပါတယ်။

အများသိကြတဲ့အတိုင်းပဲ ဂျပန်မှာစစ်ပညာသွားသင်တဲ့ ရဲဘော်သုံးကျိပ်ဟာ ဂျပန်စစ်တပ်နဲ့အတူ အင်္ဂလိပ်တွေကိုမောင်းထုတ်ဖို့ ပြည်တော်ဝင်ခဲ့ပါတယ်။ဂျပန်ခေတ် တော်လှန်ရေးကာလမှာ စိတ်လက် မာန်ပါ ဖြစ်ခဲ့ကာ စစ်ရာဇဝတ်မကင်းတဲ့ လူသတ်မှုကို ဗိုလ်ချုပ်အောင်ဆန်းကျုးလွန်ခဲ့ပါတယ်။

ဂျပန်ကိုတော်လှန်အပြီးမှာတော့  ဗြိတိသျှ အုပ်ချုပ်ရေး တကျော့ပြန် အသက်ဝင်လာပါတယ်။ မြန်မာဘုရင်ခံက ဒေါ်မန်စမစ်ပါ။ ဗိုလ်ချုပ်အပေါ် မကြည်မလင်ဖြစ်လာတဲ့စိတ်ကြောင့် ဗမာနိုင်ငံရေး သမားတွေနဲ့ပေါင်းမိပြီး နိုင်ငံရေးကနေ ဗိုလ်ချုပ်ကွယ်ပျောက်သွားအောင် ဒေါ်မန်စမစ်ကြံစည်ပါ တော့တယ်။ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ၂၈ရက်  ဘုရင်ခံကောင်စီ အစည်းအဝေးမှာ  ဂျပန်ခေတ်က ကျူးလွန်ခဲ့တဲ့ လူသတ်မှုကို သက်သေနဲ့တကွ ပြန်ဖော်ပြီး ဖမ်ဆီးဖို့ ဆွေးနွေးကြပါတယ်။ ဒီကျူးလွန်မှုအတွက် ကိုယ်တိုင်သက်သေခံထွက်ဆိုမဲ့သူကလည်း တခြားလူ မဟုတ်ပါဘူး။ သခင်ထွန်းအုပ်ပဲ ဖြစ်ပါတယ်။ ဂဠုန်ဦးစောကလည်း ” အောင်ဆန်းကိုဖမ်းလို့  ဘာဂယက်မှ ဖြစ်မလာနိုင်ဘူး”လို့မီးထိုးပေးပါတယ်။ ဒေါ်မန်စမစ်ဟာ အစည်းဝေးဆုံးဖြတ်ချက်အတိုင်း ဖမ်းဆီးနိုင်ဖို့ လန်ဒန်ကို ကြေးနန်းပို့ပြီး ခွင့်ပြုချက် တောင်းပါတယ်။

ဒေါ်မန်စမစ်ရဲ့အကြံကို ပြင်းပြင်းထန်ထန်ကန့်ကွက်တဲ့သူတွေကတော့ မောင့်ဘက်တန်နဲ့ အက်တလီ တို့ပါပဲ။ဗိုလ်ချုပ်ကိုသာ ဖမ်းဆီးအရေးယူခဲ့ရင် တပြည်လုံးထကြွပုန်ကန်မှုတွေ သေချာပေါက်ဖြစ်မှာလို့ သုံးသပ်ပြီး ခွင့်မပြုခဲ့ပါဘူး။နောက်ဆုံးဒေါ်မန်စမစ် လန်ဒန်ပြန်သွားရပြီး ဆာဟူးဘတ်ရန့်စ် ဘုရင်ခံဖြစ်လာမှပဲ ဗိုလ်ချုပ်ကို ဖမ်းဆီးအရေးယူမဲ့အစီအစဉ် အဆုံးသတ်သွားပါတော့တယ်။

သမိုင်းဆိုတာ မအအောင်သိထားဖို့လိုသလို သင်ခန်းစာလည်းယူတတ်ဖို့လိုပါတယ်။ တော်လှန်ရေးမှာ ပါဝင်နေတဲ့ ထိပ်ပိုင်းအကြီးအမှူးတွေကစလို့ တပ်သားငယ်တွေအဆုံး ဆင်ဆင်ခြင်ခြင် လုပ်ကိုင် ဆောင်ရွက်ဖို့လိုပါလိမ့်မယ်။

၁၉၄၆ ခုနှစ် ဖေဖော်ဝါရီ၂၈ရက်  ဘုရင်ခံကောင်စီ အစည်းအဝေးမှာ  ဂျပန်ခေတ်က ကျူးလွန်ခဲ့တဲ့ လူသတ်မှုကို သက်သေနဲ့တကွ ပြန်ဖော်ပြီး ဖမ်ဆီးဖို့ ဆွေးနွေးကြပါတယ်။ ဒီကျူးလွန်မှုအတွက် ကိုယ်တိုင်သက်သေခံထွက်ဆိုမဲ့သူကလည်းတခြားလူမဟုတ်ပါဘူး။ သခင်ထွန်းအုပ်ပဲ ဖြစ်ပါတယ်။ ဂဠုန်ဦးစောကလည်း ” အောင်ဆန်းကိုဖမ်းလို့  ဘာဂယက်မှ ဖြစ်မလာနိုင်ဘူး”လို့ မီးထိုးပေးပါတယ်။ ဒေါ်မန်စမစ်ဟာ အစည်းဝေးဆုံးဖြတ်ချက်အတိုင်း ဖမ်းဆီးနိုင်ဖို့ လန်ဒန်ကို ကြေးနန်းပို့ပြီး ခွင့်ပြုချက်တောင်းပါတယ်။ဒေါ်မန်စမစ်ရဲ့အကြံကို ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့သူတွေကတော့ မောင့်ဘက်တန်နဲ့ အက်တလီ တို့ပါပဲ။ဗိုလ်ချုပ်ကိုသာ ဖမ်းဆီးအရေးယူခဲ့ရင် တပြည်လုံးထကြွပုန်ကန်မှုတွေ သေချာပေါက်ဖြစ်မှာလို့ သုံးသပ်ပြီးခွင့်မပြုခဲ့ပါဘူး။ နောက်ဆုံး ဒေါ်မန်စမစ် လန်ဒန်ပြန်သွားရပြီး ဆာဟူးဘတ်ရန့်စ် ဘုရင်ခံဖြစ်လာမှပဲ ဗိုလ်ချုပ်ကို ဖမ်းဆီးအရေးယူမဲ့အစီအစဉ်အဆုံးသတ်သွားပါတော့တယ်။

အညာတကြောဆီက ထွက်လာတဲ့အသံတွေ

စစ်တပ်အာဏာသိမ်းပြီးမှ ထွက်ပေါ်လာတဲ့ တော်လှန်ရေးအင်အားစုတွေအထဲမှာ အင်အားအများဆုံးနဲ့ ခုခံအား အကောင်းဆုံးကတော့ စစ်ကိုင်း မကွေးအညာတခွင်ပဲ ဖြစ်ပါတယ်။နေအိမ်တွေမီးရှို့ အခံရဆုံးနဲ့ လူအသေအပျောက်အများဆုံးကလည်းအညာပါပဲ။

မြို့ပေါ်ကွက်ကွက်လေးမှာသာ စစ်ကောင်စီ အာဏာစက်လွှမ်းမိုးထားနိုင်ပြီး မြို့ငယ်များနဲ့ ရွာစဉ်တလျှောက်မှာတော့  တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားကြပါတယ်။အညာဒေသရဲ့ ဆက်သွယ်ရာကွန်ရက်လမ်းတွေပေါ်မှာ  ဂိတ်တွေဖွင့်ပြီး စစ်ဆေးတာတွေ ၊ ရန်ပုံငွေ ကောက်တာမျိုးတွေ လုပ်ကြပါတယ်။ခရီးသည်ယာဉ်တွေ သွားလာမှုရှိပေမဲ့ ဂိတ်တွေရဲ့ စစ်ဆေးမှုတွေကြောင့်ပဲ  အချိန်တွေ အမျာကြီး ကုန်နေပါတယ်။ ဖုန်းတွေစစ်ပါတယ်။ မှတ်ပုံတင်စစ်ပါတယ်။ ဖုန်းထဲမှာ မိုင်တဲနံပါတ်နဲ့ ခေါ်ဆိုထားတာ ရှိနေလို့မရပါဘူး။  တချို့တောသူတောင်သားတွေဟာ သူတို့မှတ်ပုံတင်နဲပါတ်ကို အလွတ်မရကြ တာများပါတယ်။ အလှူခံခြင်းဓလေ့အကျင့်အတိုင်းတော်လှန်ရေးအလှူခံခြင်းကလည်း ကြာလာတော့ အေးဓားပြတိုက်ခြင်းမျိုးနဲ့စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ စစ်တဲ့ဆေးတဲ့နေရာမှာ ပြစ်ချက်တခုခုတွေ့တာနဲ့ ငွေဒဏ်တင်မက ကြိမ်ဒဏ်ကိုလည်း ပညာပေးအနေနဲ့ရိုက်ပါသေးသတဲ့ ။

ဒီလိုအပြုအမူတွေ အားလုံးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလုပ်ပုံကိုင်ပုံနဲ့ အသွင်တူနေပါတယ်။ လုံခြုံရေးအကြောင်းပြပြီး ခရီးသွားပြည်သူတွေကို ခက်ခဲအောင် ၊ကြောက်စိတ်ဝင်လာအောင် လုပ်သလိုဖြစ်နေပါတယ်။

တော်လှန်ရေးကာလမှာ စစ်ကောင်စီကိုလည်း ကြောက်ရတယ်။ တော်လှန်ရေးအဖွဲ့ပေါင်းစုံတွေရဲ့ လုပ်ပုံကိုင်ပုံ အလွဲတွေကြောင့်ပဲ ပူပန်ရမဲ့အခြေအနေဆိုက်တာ့မယ် ဆိုတဲ့စကားသံတွေလည်း စကြား နေရပြီဖြစ်ပါတယ်။

တော်လှန်ရေးခရီးဘယ်လောက်ရှည်ကြာဉီးမယ်ဆိုတာကို ဘယ်သူမျှ တပ်မပြောနိုင်ပါဘူး။
တော်လှန်ရေးတစ်စုံလုံးဟာ လူထု ထောက်ပံ့မှုနဲ့ ရှင်သန်ရှေ့ဆက်နေရတာပါ။ လူထုငြိုငြင်အောင်၊ ထိခိုက်အောင်လုပ်လို့မရဘူးဆိုတာလောက်ကိုတော့အားလုံးသိထားဖို့လိုပါလိမ့်မယ်။

မြေပြင်က ရဲဘော်တွေတင်မဟုတ်ပါဘူး။ တော်လှန်ရေးကို ထောက်ပံ့ပေးနေကြတဲ့ ပြည်သူတွေလည်း စစ်ပွဲဆိုင်ရာ နိုင်ငံတကာဉပဒေတွေကို သိထားပြီးဂရုစိုက်ဆင်ခြင်ဖို့ လိုပါလိမ်မယ်။
“တို့ထောက်ပံ့ပေးနေတဲ့ရိက္ခာဟာ ရဲဘော်တွေအတွက်ပဲ။ အမျိုးယုတ်တွေကို ခွဲကျွေးနေရတာ မသဒ္ဓါဘူး။ အလုပ်ရှုပ်တယ်။ ကိစ္စတုံးလိုက်တာ အကောင်းဆုံးပဲ”လို့ ပြောသံဆိုသံတွေလည်း ကြားနေရပါတယ်။ တိုက်ပွဲမှာဖမ်းမိတဲ့စစ်သုံ့ပန်းတွေအပေါ်မပြောသင့်တဲ့စကားမျိုးပါပဲ။

တော်လှန်ရေးဟာ အကြောက်တရားကို ဖယ်ရှားခြင်းသာ ဖြစ်ရမယ်

မြန်မာ့လူမှု့အသိုင်းအဝိုင်းဟာ  မျိုးဆက်အလိုက် လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ ရှင်သန်ခဲ့ကြရတဲ့သူတွေပါ။ အတိတ်ဖြစ်ရပ် သာဓကများစွာရှိခဲ့ ကြုံခဲ့ပါတယ်။ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ လုပ်မှားကိုင်မှားတွေကြောင့်  အကြောက်တရားပိုရမဲ့ ဖြစ်ရပ်တွေကိုကြားတိုင်း ဆရာမန်းတင်ရဲ့ ဝတ္ထုကို သတိရမိပါတယ်။ ဝတ္ထုနောက်ခံ အခင်းအကျင်းက တော်လှန်ရေး အဖွဲ့တွေ ကြီးစိုးနေတဲ့ကာလပါ။အစိုးရစစ်တပ်ကလည်းရှိနေပါသေးတယ်။

တစ်နေ့မှာလက်နက်ကိုင်တွေ ရွာထဲ ဝင်လာပါတယ်။ သေနတ်သံတွေကြောင့်ပဲ ဘေးလွတ်ရာကို ပြေးကြလွှားကြပါတယ်။ ဆရာမန်းတင်ရဲ့ ဝတ္ထုဇာတ်ကောင်ကတော့ မလွတ်သာလို့ သူ့ခြံဝင်းထဲမှာပဲပုန်းနေလိုက်ပါတယ်။သူ့ကိုရှာတွေ့သွားတာနဲ့ သေနတ်ထိုးချိန်ကာ မင်းဘယ်အဖွဲ့ကလဲ လို့မေးပါတယ်။ ရဲဘော်ဖြူကို ထောက်ခံသူလား၊ ရဲဘော်ဝါကို ထောက်ခံသူလာလို့ မေးလိုခြင်းပါ။

ဝတ္ထုဇာတ်ကောင်က ကြောက်ကြောက်နဲ့ ကျွန်တော်က အပြာပါလို့ဖြေလိုက်ပါတယ်။ ရဲဘော်ဖြူ၊ ရဲဘော်ဝါပဲရှိသေးတာ ရဲဘော်ပြာဆိုတာ မရှိပါဘူး။ လိမ်ရကောင်းလားဆိုပြီး ဒေါသထွက်ကာ သေနတ်မောင်းတင်ပါတော့တယ်။

ဒီအခါမှ ဝတ္ထုဇာတ်ကောင် က ” လက်နက်ကိုင်တွေ ဝင်လာတဲ့အခါတိုင်း ပြာနေအောင်ကြောက်နေရလို့ ကျွန်တော် အပြာပါ”လို့ ဖြေမိတာဖြစ်ကြောင်းရှင်းပြပါတယ်။ သေနတ်မောင်းတင်ထားသူလည်း ကြားလိုက်ရတဲ့စကားကြောင့် ငိုရခက် ရယ်ရခက်ဖြစ်သွားပြီး ဝတ္ထုထဲကဇာတ်ကောင်လည်း အသက်ချမ်းသာရာရသွားပါတယ်။

ဇာတ်ကောင်ပြောလိုက်တဲ့စကားဟာ ဝတ္ထုရဲ့ တကယ့်အသက်ပါ။ တော်လှန်ရေးအင်အားစု ရဲဘော်များ အနေနဲ့ ပြည်သူကို ဆင်ဆင်ခြင်ခြင်ပြုမူဆက်ဆံဖို့ လိုနေပြီလို့ ခံစားနားလည်မိပါတယ်။

စစ်အာဏာရှင်နစ်ကို အမြစ်ဖြတ်ရမယ်ဆိုတဲ့ နေရာမှာ အရေးယူအပြစ်ပေးခြင်းတွေကို တရားမျှတမှုအတွက်မဖြစ်ဖြစ်အောင်ဖော်ဆောင်ရပါလိမ့်မယ်။  နောက်နောင်မြန်မာ့လူ့အဖွဲ့အစည်းမှာ  ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ  မကျူးလွန်ရဲလောက်အောင် စီစဉ်ဆောင်ရွက်ရပါမယ်။ နားလည် ကျေငြိမ်းခွင့် ပြုလို့မရပါဘူး။ဒီလိုလုပ်ဆောင်နိုင်မှသာ အာဏာရှင်စနစ်မှန်သမျှနဲ့ စရိုက်ဆိုးမှန်သမျှတို့ ချုပ်ငြိမ်း ပျောက်ကွယ်စေမှာဖြစ်ပါတယ်။တော်လှန်ရေးကို  ဦးဆောင်နေကြသူတွေရော  အသက်ပေးပါဝင်တဲ့ရဲဘော်တွေအားလုံးပါ ဘေးထွက်ဆိုးကျိုးမဖြစ်အောင် သတိထားဆင်ခြင်ဖို့ လိုပါလိမ့်မယ် ။

အမှန်တရားဆိုတာ အချိန်ကြာတတ်ပေမဲ့ အငွေ့ပျံရိုးထုံးစံမရှိဘူး

မြေပြင်က ရဲဘော်တွေတင်မဟုတ်ပါဘူး။ တော်လှန်ရေးကို ထောက်ပံ့ပေးနေကြတဲ့ ပြည်သူတွေလည်း စစ်ပွဲဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို သိထားပြီး ဂရုစိုက်ဆင်ခြင်ဖို့ လိုပါလိမ်မယ်။

“တို့ထောက်ပံ့ပေးနေတဲ့ရိက္ခာဟာ ရဲဘော်တွေအတွက်ပဲ။ အမျိုးယုတ်တွေကို ခွဲကျွေးနေရတာ မသဒ္ဓါဘူး။ အလုပ်ရှုပ်တယ်။ ကိစ္စတုံးလိုက်တာ အကောင်းဆုံးပဲ”လို့ ပြောသံဆိုသံတွေလည်း ကြားနေရပါတယ်။ တိုက်ပွဲမှာဖမ်းမိတဲ့ စစ်သုံ့ပန်းတွေအပေါ် မပြောသင့်တဲ့ စကားမျိုးပါပဲ။

စစ်ကောင်စီက စစ်ရာဇဝတ်ကျူးလွန်နေတယ်။ လူ့အခွင့်ရေးချိုးဖောက်နေတယ်ဆိုတာ ကမ္ဘာက သိတယ်။ အိမ်တွေမီးရှို့၊ ပစ္စည်းယူ၊ မုဒိမ်းကျင့်တယ်။ လူမဆန်စွာနဲ့ အရပ်သားနေရာတွေကို လက်နက်ကြီးနဲ့ပစ်တဟ်။ လေယာဥ်နဲ့ ဗုံးကြဲတယ်။ အရပ်သားပြည်သူသေတာ ၅၀၀၀နားကပ်တော့မယ်။ ၁၀ဦးထက်မနည်း အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်တာ ၂၂ ကြိမ်ရှိခဲ့တယ်။ အိုးအိမ်စွန့် ပြေးရသူ ၂ သန်းမက ရှိနေတယ်။ တော်လှန်ရေးအင်အားစုတွေက လုပ်မှားကိုင်မှားဖြစ်တာ မပြောပလောက်ဘူး။ စစ်ကောင်စီကျူးလွန်ထားတဲ့ အပုံတစ်ထောင် တစ်ပုံတောင်မရှိဘူးလို့ ကာကွယ်ပြီးချိုးဖောက်ခွင့်ပြုလို့မရပါဘူး။

နောက်ပြီးတော့လည်း ပြည်သူတွေ အသက်ဆုံးနေရတာ၊ အကာကွယ်မဲ့ အကြမ်းဖက်ခံနေရတာကို မချင့်မရဲဖြစ်ပြီးဆရာသုခမိန်လှိုင်ရေးတဲ့ကဗျာကိုကိုးကားကြပြန်ပါတယ်။

“ဂျူးခြောက်သန်းသေတဲ့အထိ ထိုင်ကြည့်နေတဲ့ကမ္ဘာကြီးဆီက ဘာတွေကို မျှော်လင့်နေတာလဲ” 

ဟစ်တလာတန်ခိုးကြီတဲ့အချိန်၊ စစ်မီးတောက်နေတဲ့အချိန်မို့ ကူဖို့ကယ်ဖို့ မတတ်သာခဲ့ တာမျိုးပါ။  ဟစ်တလာက စလို့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ ဗိုလ်ချုပ်ဗိုလ်မှူး အကြပ်တပ်သား စာရင်းနဲ့ သက်သေတွေ ဖြစ်စဥ်တွေ အာလုံးမဟာမိတ်အဖွဲ့များက ပြုစုထားပြီးသားပါ။ ဟစ်တလာကတော့ သေကြောင်းကြံစည်သွားလို့ ကင်းလွတ်ခဲ့ပါတယ်။ လက်နက်ချခဲ့ပေမယ့် အပြစ်ရှိသူအားလုံး အပြစ်ပေးတရားစီရင်ခံရပါတယ်။ သေဒဏ်တွေ၊ တသက်တကျွန်းနဲ့ ထောင်ဒဏ်အသီးသီးကို စစ်ဖက်ဆိုင်ရာတွေသာ မကပါဘူး။ သာမန်SSအဖွဲဝင်အဆင့်တွေအထိ ပါပါတယ်။

ရုပ်ရှင်တွေ၊ စာအုပ်တွေလည်းများစွာ ထွက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လူသားဆန်စိတ်ကင်းစွာ အကြမ်းဖက် နေခြင်းကို ကမ္ဘာကြီးက ဆိတ်ဆိတ်နေတာမျိုးတော့ မဟုတ်ပါဘူး။ဥပဒေကြောင်းအရ သက်သေတွေခိုင်လုံအောင်စုဆောင်းနေပါတယ်။
လူသားမျိုးနွယ်တွေအပေါ် စစ်ရာဇဝတ်မှုတွေကိုအကြိမ်ထပ်မျှကျူးလွန်နေခြင်း၊ လူ့အခွင့်ရေး ချိုးဖောက် နေခြင်းများအတွက် ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံ ဆိုင်ရာလွတ်လပ်သော စုံးစမ်းစစ်ဆေးမှုယန္တရား (IIMM) ကနေသက်သေများစွာ စုဆောင်းရရှိထားပြီးဖြစ်ပါတယ်။ဒါတွေပြောမနေနဲ့။ အပိုအလုပ်တွေ။ မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ အကြိမ်တိုင်း လူထုက ကျောကော့နေအောင် ခံခဲ့ရတာချည်းပဲ။ ဘယ်စစ်ဗိုလ်ချုပ် တယောက်တလေများ အပြစ်ပေးခံရတာရှိလို့လဲလို့  မေးခွန်းထုတ်ရင် ထုတ်နိုင်ပါလိမ့်မယ်။

စစ်အာဏာရှင်နစ်ကို အမြစ်ဖြတ်ရမယ်ဆိုတဲ့ နေရာမှာ အရေးယူအပြစ်ပေးခြင်းတွေကို တရားမျှတမှုအတွက်မဖြစ်ဖြစ်အောင်ဖော်ဆောင်ရပါလိမ့်မယ်။  နောက်နောင်မြန်မာ့လူ့အဖွဲ့အစည်းမှာ  ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ  မကျူးလွန်ရဲလောက်အောင် စီစဉ်ဆောင်ရွက်ရပါမယ်။ နားလည် ကျေငြိမ်းခွင့် ပြုလို့မရပါဘူး။ ဒီလိုလုပ်ဆောင်နိုင်မှသာ အာဏာရှင်စနစ်မှန်သမျှနဲ့ စရိုက်ဆိုးမှန်သမျှတို့ ချုပ်ငြိမ်း ပျောက်ကွယ်စေမှာဖြစ်ပါတယ်။

တော်လှန်ရေးကို  ဦးဆောင်နေကြသူတွေရော  အသက်ပေးပါဝင်တဲ့ရဲဘော်တွေအားလုံးပါ ဘေးထွက်ဆိုးကျိုးမဖြစ်အောင်သတိထားဆင်ခြင်ဖို့လိုပါလိမ့်မယ်။

    မိုးစက်ငြိမ်းချမ်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)