နိုင်ငံတကာ အရေးအခင်းများအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၏ စွမ်းဆောင်နိုင်မှု အခြေအနေ (အပိုင်း – ၄)

၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် ကွန်ဂိုတပ်များသည် ကုလသမဂ္ဂတပ်များနှင့်အတူ Goma ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။ M23 က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်လိုကြောင်း ပြောကြားခဲ့ပါသည်။ စစ်ပွဲအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတိုင်းနီးပါးသည် မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ကလေးစစ်သား အသုံးပြုမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစုလိုက်အပြုံလိုက် ကျူးလွန်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ နိုင်ငံစုံငြိမ်းချမ်းရေး တပ်များသည် 
စစ်ပွဲကို အကန့်အသတ်သာ ထိန်းချုပ်နိုင်ခဲ့သည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့ပြီး
အချိန်မီ ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါ။

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ

အနောက်ဘက်တွင် ရှိသော အိမ်နီးချင်း ကွန်ဂိုသမ္မတနိုင်ငံနှင့် ကွဲပြားမှု ရှိစေရန် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံကို DR Congo (သို့မဟုတ်) DROC (သို့မဟုတ်) DRC (သို့မဟုတ်) RDC (သို့မဟုတ်) မြို့တော်အမည်နှင့်တွဲလျက် ကွန်ဂို(ကင်ရှားဆား) ဟုခေါ်ဆိုသည်။ မြောက်ဘက်တွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဆူဒန်နိုင်ငံ၊ အရှေ့ဘက်တွင် ယူဂန်းဒါးနိုင်ငံ၊ ရဝမ်ဒါနိုင်ငံ၊ ဘူရွန်ဒီနိုင်ငံ၊ တောင်ဘက်တွင် ဇမ်ဘီယာနိုင်ငံနှင့် အင်ဂိုလာနိုင်ငံ၊ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ထို့အပြင် အရှေ့ဘက်တွင် တန်ဇေးနီးယားနိုင်ငံနှင့် တန်ဂန်ညီကာရေကန် ကြီးခြားလျက် တည်ရှိသည်။ ကွန်ဂိုနိုင်ငံသည် ၁၉၉၀ ခုနှစ်အတွင်းမှ စတင်၍ ပဋိပက္ခ အမြောက်အများဖြင့်ရင်ဆိုင်ရသောနိုင်ငံတစ်ခုဖြစ်သည်။ ၁၉၆၀ ခုနှစ် လွတ်လပ်ရေး ရပြီးချိန်မှစတင်၍ နိုင်ငံရေးအရ ဖိနှိပ်မှုများ၊ မတည်ငြိမ်မှုများကို ရင်ဆိုင်နေရသော နိုင်ငံတစ်ခုလည်းဖြစ်သည်။ အာဖရိကတွင် စတုတ္ထမြောက် အကြီးဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ပြင်သစ်စကား အများဆုံးပြောသော နိုင်ငံလည်း ဖြစ်သည်။

ကြီးမားသော လူစွမ်းအားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသော်လည်း ငြိမ်းချမ်းရေး မရှိခြင်းကြောင့် လူသားမျိုးနွယ်စု၏ လုံခြုံမှုအခြေအနေ ပျက်ယွင်းနေသည်။

စီးပွားရေးနှင့် နိုင်ငံရေးလှုံ့ဆော်မှုများကြောင့် ဖြစ်ပွားခဲ့သည် ဆယ်စုနှစ် (၂) ခုအတွင်း လူပေါင်း ၅.၄ သန်းကျော် သေဆုံးခဲ့ရသည့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ ပဋိပက္ခများသည် R2P ယန္တရား၏ မပြည့်စုံမှုများကို ထင်ရှားစေသည်။ ကွန်ဂိုနိုင်ငံသည် ကြီးမားကျယ်ပြန့်သော ဒေသတွင်းစစ်ပွဲကြီးကို (၂) ကြိမ် ကြုံတွေ့ခဲ့ရသော နိုင်ငံဖြစ်သည်။ ကွန်ဂိုစစ်ပွဲသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း နိုင်ငံပေါင်းစုံပါဝင်သော ဒေသတွင်းစစ်ပွဲကြီးဖြစ်ပြီး စစ်ပွဲကြောင့် စုစုပေါင်းသေဆုံးသူအရေအတွက်သည် ဒုတိယကမ္ဘာစစ်ထက် များပြားခဲ့သည်။  ကွန်ဂိုပထမစစ်ပွဲသည် ၁၉၉၆ ခုနှစ်တွင်စတင်ခဲ့ပြီး ရဝမ်ဒါမျိုးချစ်တပ်ဦး (RPF) သည် ၁၉၉၆ ခုနှစ်တွင် ဇိုင်ယာနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်းများအား တိုက်ခိုက်ခဲ့သည်။ ရဝမ်ဒါနှင့် ယူဂန်ဒါတို့သည် လူမျိုးတုံး သတ်ဖြတ်မှုများတွင် ပါဝင်သူများကို အမြစ်ပြတ် ချေမှုန်းရန်ဆိုသည့် ခေါင်းစဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒုက္ခသည်များအား နေရပ်သို့ ပြန်လာစေခဲ့သည်။ ဒုက္ခသည်စခန်းများအား တိုက်ခိုက်မှုကြောင့် ခန့်မှန်းခြေလူ ၂၀၀,၀၀၀ ခန့် သေဆုံးခဲ့သည်။ ကျူးကျော်မှု၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ရဝမ်ဒါ၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားသော ဒုသမ္မတနှင့်ကာကွယ်ရေး၀န်ကြီးဖြစ်သူ တူဆီခေါင်းဆောင် ပေါကာဂါမေး (၁၉၉၄ မှ ၂၀၀၀) တို့သည် Zaire ရှိ အငြင်းပွားဖွယ် သူပုန်စစ်နှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ရဝမ်ဒါနှင့် ယူဂန်ဒါ ကျောထောက်နောက်ခံပေးထားသော သူပုန်များသည် ပထမစစ်ပွဲ (၁၉၉၆-၉၇) ကို အနိုင်ရခဲ့ပြီး သူပုန်ခေါင်းဆောင် ကာဘီလာအား အာဏာရှင် မိုဘူတူ နေရာတွင် သမ္မတအဖြစ် ခန့်အပ်ခဲ့ပြီးတိုင်းပြည်ကို ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ (DRC) အဖြစ်အမည် ပြောင်းခဲ့သည်။ ဒုတိယစစ်ပွဲသည် ၁၉၉၈ ခုနှစ်တွင်စတင်ခဲ့သည်။  သမ္မတ ကာဘီလာသည် အာဏာရပြီးနောက် မဟာမိတ်များနှင့် အယူအဆ ကွဲပြားကာ ကွန်ဂိုနိုင်ငံမှ နိုင်ငံခြားတပ်များကို မောင်းထုတ်ပြီး နယ်စပ်တစ်လျှောက်တွင် ဟူတူ လက်နက်ကိုင်များကို ပြန်လည်စုစည်းရန် ခွင့်ပြုခဲ့သည်။  ရဝမ်ဒါတပ်များ ၁၉၉၈ ခုနှစ်တွင် ကွန်ဂိုနိုင်ငံ အတွင်းပြန်လည်ဝင်ရောက်ကာ ဒုတိယ ကွန်ဂိုစစ်ပွဲ သို့မဟုတ် အာဖရိက ကမ္ဘာစစ် ပြန်လည်စတင်ခဲ့သည်။ ၎င်းစစ်ပွဲတွင် ကာလီဘာ (Laurent Kabila) တက်လာပြီးနောက် အန်ဂိုလာမှ ပံ့ပိုးထားသော ကွန်ဂိုတပ်ဖွဲ့များ၊ နမီးဘီးယားနှင့် ဇင်ဘာဘွေတို့က ရဝမ်ဒါ၊ ယူဂန်ဒါနှင့် ဘူရွန်ဒီစစ်တပ်များ၊ ကီဂါလီနှင့် ကမ်ပါလာတို့ ပံ့ပိုးသော သူပုန်အဖွဲ့အမျိုးမျိုးကို တိုက်ခိုက်ခဲ့သည်။ နိုင်ငံ၏အရှေ့ပိုင်းတွင် ဖြစ်ပေါ်နေ‌သော တိုင်းရင်းသားများ၏ ပဋိပက္ခနှင့် အကြမ်းဖက်မှုများသည် တိုင်းပြည်၏ ပေါကြွယ်ဝသော သဘာဝ အရင်းအမြစ် အပေါ်အခြေခံ၍ ဖြစ်ပွားနေခြင်းဖြစ်သည်။

တိုင်ရင်းသား လက်နက်ကိုင်များ၊ ကွန်ဂိုလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိမ်းသိမ်းရေးတပ်များနှင့်အကျိုးစီးပွား ပါဝင်ပတ်သက်နေကာ ပြင်ပအင်အားစုများနှင့် ရှုပ်ထွေးနေသော အခြေအနေဖြစ်နေသည်။ ရဝမ်ဒါနှင့် ကွန်ဂိုအကြားတွင် ၂၀၀၂ ခုနှစ် ဧပြီလ ဆန်းသဘောတူညီချက်နှင့် နောက်ဆက်တွဲ ဇူလိုင်လ ပရီတိုးရီးယားစာချုပ်၊ ယူဂန်ဒါနှင့်ကွန်ဂိုအကြား လူဒါဒါ သဘောတူညီချက် ချုပ်ဆိုပြီး  ဇူလိုင်လ ၂၃ ရက်နေ့တွင် အသွင်ကူပြောင်းရေးအစိုးရ ကွန်ဂိုတွင် အာဏာရလာပြီးနောက် စစ်ပွဲကို တရားဝင် အဆုံးသတ်ခဲ့သည်။ သိုသော်လည်း ကွန်ဂို ပြဿနာသည် ပြေလည်ခြင်း မရှိသေးဘဲ မတ်လ 23 (M23) လှုပ်ရှားမှုဟု လူသိများသည့် Tutsi တိုင်းရင်းသား အများစုပါဝင်သော ကွန်ဂို တော်လှန်ရေး တပ်မတော် ၏ ပုန်ကန်မှု ထပ်မံပေါ်ပေါက်ခဲ့သည်။ ၎င်းအဖွဲ့သည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ (DRC) ၏ အရှေ့ဘက်ဒေသများတွင် အခြေစိုက်ပြီး North Kivu ပြည်နယ်တွင် အဓိက အခြေစိုက်သည်။ DRC အစိုးရကို ဆန့်ကျင်သည့် ၂၀၁၂  မှ ၂၀၁၃ ခုနှစ်အတွင်း M23 ပုန်ကန်မှုကြောင့် လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် M23 သည် လူဦးရေ တစ်သန်းနေထိုင်သည့် ပြည်နယ်မြို့တော် Goma ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း DRC အစိုးရက နောက်ဆုံး စေ့စပ်ညှိနှိုင်းရန် သဘောတူခဲ့သောကြောင့် ၎င်းတို့အား ပြည်သူများနှင့် ဝေးရာသို့ ရွှေ့ပြောင်းပေးရန် အပြည်ပြည်ဆိုင်ရာ Great Lakes ဒေသညီလာခံက တောင်းဆိုခဲ့သည်။ ၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် ကွန်ဂိုတပ်များသည် ကုလသမဂ္ဂတပ်များနှင့်အတူ Goma ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။ M23 က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်လိုကြောင်း ပြောကြားခဲ့ပါသည်။ စစ်ပွဲအတွင်း လက်နက်ကိုင်အဖွဲ့အစည်းတိုင်း နီးပါးသည် မုဒိမ်းမှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် ကလေးစစ်သား အသုံးပြုမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အစုလိုက် အပြုံလိုက် ကျူးလွန်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ နိုင်ငံစုံငြိမ်းချမ်းရေးတပ်များသည်  စစ်ပွဲကို အကန့်အသတ်သာ ထိန်းချုပ်နိုငခဲ့သည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့ပြီး အချိန်မီ ထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါ။ ကုလသမဂ္ဂ၏ R2P လုပ်ငန်းစဉ်သည် မေးခွန်းထုတ်စရာဖြစ်ခဲ့သည်။ R2P ၏ချမှတ်ထားသော မဏ္ဍိုင် (၃) ရပ်အနက် တတိယ မဏ္ဍိုင်ဖြင့် စတင်ဆောင်ရွက်ရမည့်အစား ပထမ မဏ္ဍိုင်ဖြစ်သော နိုင်ငံသားများအပေါ် ကြီးမားကျယ်ပြန့်ပြီး ရက်စက်ကြမ်းကြုပ်သော ရာဇဝတ်မှုများကို အကာအကွယ်ပေးနိုင်ရန်အတွက် ခိုင်မာအားကောင်းသည့် အစိုးရအဖွဲ့ကို အရင်ဆောင်ရွက်သင့်သည်ဆိုသော အယူအဆလည်း ထွက်ပေါ်လာခဲ့သည်။

သီရိလင်္ကာနိုင်ငံ

သီရိလင်္ကာ ဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံသည် တောင်အာရှရှိ ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အာရေဗျပင်လယ်၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။  သီရိလင်္ကာတွင် လူဦးရေ ၂၂ သန်း (၂၀၂၀ ခုနှစ် ) ဝန်းကျင်ရှိပြီး မတူကွဲပြားသော ယဉ်ကျေးမှုများ၊ ဘာသာစကားများနှင့် လူမျိုးစုများနေထိုင်ရာ နိုင်ငံစုံနိုင်ငံတစ်ခုဖြစ်သည်။ ဆင်ဟာလီလူမျိုးများသည် နိုင်ငံလူဦးရေ၏ အများစုဖြစ်သည်။ လူနည်းစုကြီးဖြစ်သည့် တမီးလ်လူမျိုးများသည် ကျွန်း၏သမိုင်းတွင် ဩဇာကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် တမီးလ်အီလန် ကျားသူပုန်များ၏ လွတ်မြောက်ရေးတိုက်ပွဲသည် နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာဖြစ်ပွားခဲ့သည်။ အစိုးရစစ်တပ်များက ၂၀၀၉ခုနှစ် ဇန်နဝါရီလမှ မေလအတွင်း သူပုန်များ ထိန်းချုပ်ရာဒေသများသို့ ထိုးစစ်ဆင် တိုက်ခိုက်ချိန်တွင် ၎င်းဒေသအတွင်း အကြမ်းဖက်မှုများ မြောက်များစွာကို ဖြစ်ပေါ်ခဲ့သည်။ ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ အရပ်သား လေးသောင်းခန့် သေဆုံးပြီး သိန်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ထိုကဲ့သို့ အရပ်သား အသေအပျောက် အရေအတွက် မြင့်မားနေသော်လည်း နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်ကြောင်း ထုတ်ပြန်ချက် ထုတ်ပြန်ခြင်း မရှိပေ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အထွေထွေ ညီလာခံတို့သည် သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများအတွက် တရားဝင်အစည်းအဝေးပွဲများပင် မကျင်းပခဲ့ပေ။ သီရိလင်္ကာမှာ အရပ်သားတွေအပေါ် အကာအကွယ်ပေးဖို့ ပျက်ကွက်မှုသည် အစိုးရရော သူပုန်တွေရော အပြစ်ရှိနိုင်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုများ ဖြစ်ပွားနေသည်မှာ ထင်ရှားနေသော်လည်း နိုင်ငံတကာ အသိုက်အဝန်းက အချိန်မီအရေးယူ ဆောင်ရွက်ရန် တာဝန်ရှိမှုကို လျစ်လျူရှုထားခဲ့သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံအစိုးရများသည် အကြမ်းဖက်အဖွဲ့အစည်း အဖြစ်သတ်မှတ်ထားသော အုပ်စုများ၏ ပြည်တွင်းရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်ရလေ့ရှိသည့်အခါတိုင်းမှာ အရပ်သားများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အကာအကွယ် မပေးနိုင်ရုံမက ကိုယ်တိုင်လည်း ကျူးလွန်မှုတွေ ပြုလုပ်တတ်ကြသည်။ သီရိလင်္ကာ၏ ဖြစ်ရပ်သည် R2P ကို အကောင်အထည် ဖော်ရန်အတွက် စိန်ခေါ်မှု အသစ်တစ်ရပ်ကို နမူနာပြသခဲ့သည်။ ပဋိပက္ခ ပြီးဆုံးချိန်တွင်လည်း အစိုးရသည် အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနှင့် စစ်ရာဇ၀တ်မှုများ ဖြစ်ပွားခဲ့​ခြင်းကိုလည်း ဝန်ခံခြင်းမရှိဘဲ အခိုင်အမာ ငြင်းဆိုထားသည်။ စစ်တပ်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အစိုးရမှ စုံစမ်းစစ်ဆေးမှုကို စတင်စဉ်တွင် ဖြစ်နိုင်ခြေရှိသော စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာမှ လုပ်ဆောင်မည့် အချက်များကိုလည်း တားမြစ်ခဲ့သည်။ ဝေဖန်သူအများစုက အစိုးရကော်မရှင် အစီရင်ခံစာ၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို မေးခွန်းထုတ်ကြပြီး ယခုထက်ပို၍ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းကိုလုပ်ဆောင်ရန် လိုအပ်သည်ဟု စောဒကတက်ကြသည်။  သီရိလင်္ကာတွင် ပဋိပက္ခများ နောက်တစ်ကြိမ် ပြန်လည်မဖြစ်ပွားစေရန်အတွက်  နိုင်ငံအတွင်းရှိ အဝန်းအဝိုင်းအားလုံး၏ လိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ရန် အစိုးအား ကူညီဆောင်ရွက် ပေးသင့်ကြောင်းကိုလည်း ပြောဆိုကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် (Republic of the Union of Myanmar) သည် အရှေ့တောင်အာရှရှိ နိုင်ငံတစ်နိုင်ငံဖြစ်သည်။ အနောက်နှင့် အနောက်မြောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ‌အရှေ့နှင့် အရှေ့တောင်ဘက်တွင် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်ချင်းထိစပ်ပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ တည်ရှိသည်။

အသစ်ရေးဆွဲပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး ယခင်စစ်ဗိုလ်ချုပ်ကြီးများ တည်ထောင်ထားသော ပါတီမှ အနိုင်ရသည်။ အရပ်သားအစိုးရ အသွင်ပြောင်းပြီး ပါတီစုံဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။ စစ်တပ်မှ ဦးဆောင်၍ စိတ်တိုင်းကျ ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် စစ်တပ်လွှမ်းမိုးထားသော အစိုးရစနစ်ဖြင့် တစ်ဝက်တစ်ပျက် ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့သည်။ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ်အထွေထွေ ရွေးကောက်ပွဲတွင် အတိုက်အခံပါတီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် စစ်တပ်နှင့် အရပ်သားအစိုးရအကြားပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ အကြီးမားဆုံး ထိပ်တိုက်တွေ့မှုမှာ တတိယသက်တမ်း ရွေးကောက်ပွဲ နီးချိန်တွင် အနိုင်ရပါတီမှ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအဆိုတင်ပြီး ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ကြိုးပမ်းချိန် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရန် သတ်မှတ်ထားသော ပြဌာန်းချက်အရ စစ်တပ် မထောက်ခံပါက ဖွဲ့စည်းပုံပြင်ရန် မဖြစ်နိုင်သောကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ မအောင်မြင်ခဲ့ပါ။ ၂၀၂၀ ခုနှစ် တတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးချိန်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒုတိယအကြိမ် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိ ချိန်တွင် မဲမသာမှု ပြုသည်ဟုသော စွပ်စွဲချက်ဖြင့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ အစိုးရအဖွဲ့ဝင်များကို ဖမ်းဆီးသည်။စစ်တပ်က ရွေးချယ်ထားသော ဒုတိယသမ္မတကို ယာယီသမ္မတအဖြစ် တင်မြှောက်ပြီး  အခြေခံဥပဒေ ပြဌာန်းချက်ကို ဥပဒေမဲ့ လိုသလို အဓိပ္ပာယ်ဖွင့်ကာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ စစ်တပ်မှ အာဏာသိမ်းမှုကို တစ်နိုင်ငံလုံးနီးပါးက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုများကြောင့်ပင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက လက်နက်ဖြင့် ပြန်လည် တုံ့ပြန်ရာမှ နိုင်ငံအနှံ့ ယခင်ဖြစ်ပွားနေခဲ့သည့် ပြည်တွင်းစစ်ထက် ကျယ်ပြန့်သော ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရသည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီချိန်မှ ယခုအချိန်အထိ ဒီမိုကရေစီတက်ကြွလှုပ်ရှားနှင့် အရပ်သား ၄၁၅၅ ဦး အသတ်ခံခဲ့ရပြီး ၂၅၃၃ရ ဦးကို စစ်အာဏာရှင်က ဖမ်းဆီးခဲ့ပါသည်။ ထို့အပြင် အရပ်သားနေရာများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ မီးရှို့ခြင်းများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။  ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံမှ အာဏာသိမ်းခါစ စစ်ခေါင်းဆောင်နှင့် သဘောတူထားသော အချက်(၅) ချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အတွက် အာဆီယံတွင် တက်ရောက်ခွင့်ကို ပိတ်ပင်ထားဆဲဖြစ်ပြီး ကုလသမဂ္ဂအနေဖြင့် ဆွေးနွေးခြင်း၊ ပြစ်တင်ရှုတ်ချခြင်းများသာ ပြုလုပ်နိုင်ခဲ့သည်။

အမေရိကန်နှင် အနောက်နိုင်ငံများမှ စစ်ခေါင်းဆောင်နှင့် ၎င်း၏နောက်လိုက်များကို စီးပွားရေးပိတ်ဆို့ခြင်း၊ စစ်တပ်ထိန်းချုပ်ထားသော လုပ်ငန်းများကို ပိတ်ဆို့ အရေးယူခြင်းကို နိုင်ငံအလိုက်သာသီးခြား အရေးယူမှုများ ပြုလုပ်ခဲ့ကြသည်။ မြန်မာစစ်ခေါင်းဆောင်သည် လုံခြုံရေးကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သော ရုရှား၊ တရုတ်နိုင်ငံတို့နှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး ယခုအချိန်အထိ ၎င်းနိုင်ငံများသည် စစ်အစိုးရအပေါ် အကာအကွယ်ပေးနေဆဲ ဖြစ်သည်။ 

R2P အနေဖြင့်ဆောင်ရွက်ရန်သင့်မသင့် ဘယ်သူတွေက ဆုံးဖြတ်သလဲ?

R2P နှင့် ပတ်သက်၍ နိုင်ငံများအကြား သဘောတူညီချက် ရှိသော်လည်း၊ လက်တွေ့တွင် တတိယမဏ္ဍိုင် ဖြစ်သော စစ်ရေးနည်းလမ်းများ အသုံးချနိုင်မှုနှင့် ပတ်သက်၍ ငြင်းခုံမှုများ ရှိနေပါသည်။ ကာကွယ်ရန် တာဝန်ရှိမှုဆိုသည့် R2P သည် ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို တားဆီးရန်နှင့် အရပ်သားများအပေါ် မကျူးလွန်စေရန်အတွက်  ကာကွယ်ရန်အစီအမံများ (ဖျန်ဖြေခြင်း၊ ကြိုတင်သတိပေးသည့် ယန္တရားများ၊ စီးပွားရေး ပိတ်ဆို့မှုများနှင့် ကုလသမဂ္ဂ ပဋိညာဉ် အခန်း VII အာဏာများ) အတွက် မူဘောင်တစ်ခု သတ်မှတ်ထားသည်။ ၎င်းမူဘောင်အောက်တွင် အင်အားအသုံးပြုမှုကို အသုံးချရန် အခွင့်အာဏာသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတစ်ခုတည်း၌သာ တည်ရှိနေပြီး နောက်ဆုံးအားကိုးရာ လုပ်ငန်းစဉ်အဖြစ်လည်း သတ်မှတ်ထားသည်။

 မြန်မာနိုင်ငံအပါအဝင် လူသားမျိုးနွယ်စုအပေါ် ထိခိုက်စေသော ကြီးမားကျယ်ပြန့်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခံရသည့် နိုင်ငံသားများအနေဖြင့် စစ်ရေးနည်းလမ်းတစ်ခုခုဖြင့် ဝင်ရောက်ကာကွယ်ပေးရန် မည်သို့ပင် တောင်းဆိုစေကာမူ လုံခြုံရေးကောင်စီ၏ သဘောတူညီမှုမရရှိလျှင် မည်သို့မှ သက်ရောက်မှုရှိမည် မဟုတ်ပါ။ လုံခြုံရေးကောင်စီ၏ သဘောတူညီမှုဆိုရာတွင်လည်း အမြဲတမ်းအဖွဲ့ဝင်မဟုတ်သော နိုင်ငံ (၁၀) နိုင်ငံမှ သဘောတူသည့် တိုင်အောင် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံမှ ၎င်းရယူထားသည့် ဝရဇိန်လက်နက်ကဲ့သို့သော ဗီတိုအာဏာသုံး၍ မပယ်ချမှသာ သဘောတူညီမှု ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်သည်။ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ (၅) နိုင်ငံလုံးသဘောတူခြင်း သော်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံမှ သဘောမတူသော်လည်း ဗီတို အာဏာသုံး၍ ပယ်ချခြင်းမလုပ်သော ဆုံးဖြတ်ချက်မျိုးကို ကုလသမဂ္ဂ သမိုင်းကြောင်းတစ်လျှောက်တွင် အာဖရိကနိုင်ငံ အများစုတွင်သာ ဆုံးဖြတ်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။

တကယ်တော့ ကုလသမဂ္ဂနှင့် R2P ဆိုသည်မှာလည်း အင်အားကြီးနိုင်ငံများ စေလိုရာစေနိုင်သော ဆေးကြိမ်လုံးတစ်ခုအလားတင်စား မှတ်ယူနိုင်သည့် အခြေအနေ ဖြစ်နေပါသည်။ တော်လှန်ရေးကာလအတွင်း သက်ဆိုင်ရာခေါင်းဆောင်များအနေဖြင့် ပြည်သူကို ဖြစ်နိုင်ခြေမရှိသော သတင်းအချက်အလက်နှင့် မျှော်လင့်ချက် ပေးခြင်းများကို  အတတ်နိုင်ဆုံးနှင့် အနည်းဆုံးဖြစ်အောင် ရှောင်ရှား၍ မှန်ကန်သော အခြေအနေကိုသာ ချပြပြီး ခိုင်မာသော ယုံကြည်ချက်ကို တည်ဆောက်သင့်ပါဟု ထင်မြင်ယူဆမိပါသည်။

မောင်မြစ်သစ်

ကိုးကား

ကုလသမဂ္ဂ နှင့် ၎င်းနှင့်ဆက်စပ်သော ဝက်ဆိုက်များ

ဘီဘီစီ သတင်းဌာနနှင့် အခြားသတင်းဌာနများ

သုတေသနစာတမ်းများ

အေအေပီပီ အစီရင်ခံစာနှင့် အခြားအဖွဲ့အစည်းများ၏အစီရင်ခံစာများ

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)