နိုင်ငံတကာ အရေးအခင်းများအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၏ စွမ်းဆောင်နိုင်မှု အခြေအနေ (အပိုင်း – ၃)

အာရပ်နှင့် အင်အားကြီး အနောက်နိုင်ငံများ၏ အရေးပေါ်တိုက်တွန်းချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အရပ်သားများကို ကာကွယ်ရန် လိုအပ်သော အစီအမံအားလုံးကို ခွင့်ပြုပေးရန် မတ်လ ၁၇ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ ထို့နောက် အမေရိကန်နှင့် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (နေတိုး) က လေကြောင်း တိုက်ခိုက်မှုကို ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။ ဇွန်လတွင် ကဒါဖီနှင့် ၎င်း၏သားတို့ကို ဖမ်းဆီးရန် ICC က ဝရမ်းထုတ်ခဲ့သည်။ တော်လှန်ပုန်ကန်သော ညွန့်ပေါင်းအဖွဲ့ အောင်ပွဲရခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ်လအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ လစ်ဗျားနိုင်ငံအပေါ်  R2P လုပ်ငန်းစဉ်ထဲမှ စစ်ရေးအရ ပါဝင်ဆောင်ရွက် နိုင်ခဲ့ခြင်းကို လေ့လာမည်ဆိုလျှင် အခြားအချက်အလက်များစွာရှိနေသော်လည်း အဓိက အချက်မှာ လုံခြုံရေး ကောင်စီတွင် ဆုံးဖြတ်ချက်ချမှတ်သည့် အချိန် အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံတွင် (၃) နိုင်ငံကထောက်ခံပြီး တရုတ်နှင့်ရုရှားက ဗီတိုအာဏာသုံး မကန့်ကွက်ခြင်း ဖြစ်သည်။

ကို့ဒီဗွား ဘုရင့်နိုင်ငံ(အိုင်ဗရီကို့စ်နိုင်ငံ)

အာဖရိက အနောက်ပိုင်းရှိပြီး ဘုရင်စနစ်ကျင့်သုံးသော နိုင်ငံဖြစ်သည်။ အိမ်နီးချင်းနယ်မြေ ထိစပ်နေသော နိုင်ငံများမှာ လိုက်ဘေးရီးယား၊ ဂီနီ၊ မာလီ၊ ဘာကီးနားဖားဆိုနှင့် ဂါနာနိုင်ငံတို့ ဖြစ်သည်။ တောင်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ ဂီနီပင်လယ်ကွေ့တို့ ရှိသည်။ အစ္စလမ္မစ်ကွန်ဖရင့်အဖွဲ့ (Organisation of the Islamic Conference)၊ အာဖရိကသမဂ္ဂ၊ La Francophonie၊ Latin Union နှင့် အနောက်အာဖရိကနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Economic Community of West African States) နှင့် တောင်အတ္တလန္တိတ်ငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဇုန် (South Atlantic Peace and Cooperation Zone) တို့၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။

အိုင်ဗရီကို့စ်တွင် ၂၀၁၀ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့သော သမ္မတ ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်ပြီး အငြင်းပွားမှုဖြစ်ပွားရာ အတိုက်အခံသမ္မတလောင်း အလက်ဇန်အိုတာရာ ကို သစ္စာခံသော အင်းအားစုများနှင့် လက်ရှိသမ္မတ လောရင့်ဘက်ဘို တို့ကိုထောက်ခံများအကြားတွင် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လေး လအတွင်း လူပေါင်းရာနှင့်ချီ၍ သေဆုံးခဲ့ရပြီး ၄၅၀၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ ဒေသတွင်းနှင့် နိုင်ငံခေါင်းဆောင်များသည် R2P လုပ်ငန်းစဉ်ဆောင်ရွက်ရန်တောင်းဆိုခဲ့သည်။ ဘက်ဘိုအစိုးရ၏ ကုလသမဂ္ဂတပ် များရုပ်သိမ်းပေးရန်တောင်းဆိုမှုကို ကုလသမဂ္ဂနှင့် ပြင်သစ်အစိုးရတို့က ငြင်းဆိုခဲ့ကြသည်။ ကုလသမဂ္ဂ၊ ပြင်သစ်၊ အနောက်အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း (ECOWAS)၊အာဖရိကသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း မဟာမိတ်အဖွဲ့များက အကျပ်အတည်းကို နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့သည်။ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများသည် အာဏာရှင်အစိုးရကို အားနည်းစေခဲ့ပြီး ကုလသမဂ္ဂနှင့် ပြင်သစ်တို့ ပူးပေါင်း ဦးဆောင်၍ R2P ယန္တရားကို အသက်ဝင်စေပြီး နောက်ဆုံးတွင် အတိုက်အခံများမှ နိုင်ငံ၏ ဒေသအများစုကို သိမ်းပိုက်ပြီး အာဏာရှင်အစိုးရကိုဖြုတ်ချနိုင်ခဲ့သည်။ ၎င်းအောင်မြင်စွာဆောင်ရွက်နိုင်မှုအပေါ်လေ့လာကြည့်မည် ဆိုလျှင် အင်အားကြီးနိုင်ငံတစ်ခုဖြစ်သော ပြင်သစ်နိုင်ငံ၊ ဒေသဆိုင်ရာအဖွဲ့ (ECOWAS)၏ ပူးပေါင်း ဆောင်ရွက်မှု နှင့်အတူ နိုင်ငံသားများ၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းသောကြောင့် ဖြစ်သည်ကို တွေ့ရနိုင်သည်။ ထို့အပြင် အိုင်ဗရီကို့စ်သည် နယ်မြေ သေးငယ်သော နိုင်ငံတစ်ခုဖြစ်ခြင်းကလည်း အာဏာရှင်ဆန့်ကျင်ရေးကို လျှင်မြန်စေ ခဲ့သည်။

လစ်ဗျား နိုင်ငံ

လစ်ဗျားနိုင်ငံ (တရားဝင် အမည်အားဖြင့် မဟာ ပြည်သူ့ ဆိုရှယ်လစ် လစ်ဗျား အာရပ်ဂျမာဟိရိယ နိုင်ငံ)သည် အာဖရိကမြောက်ပိုင်း မက်ရက်ဘ် ဒေသတွင် တည်ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြောက်ဘက်တွင် မြေထဲပင်လယ် ရှိပြီး အရှေ့ဘက်တွင် အီဂျစ်နိုင်ငံ အရှေ့တောင်ဘက်တွင် ဆူဒန်နိုင်ငံ၊ တောင်ဘက်တွင် ချဒ်သမ္မတနိုင်ငံ နှင့် နိုင်ဂါနိုင်ငံ၊ အနောက်ဘက်တွင် အယ်လ်ဂျီးရီးယားနိုင်ငံ နှင့် တူနီးရှားနိုင်ငံ တို့က ဝန်းရံထားသော နိုင်ငံဖြစ်သည်။

လစ်ဗျားနိုင်ငံ၏ ၂၀၁၁ ခုနှစ်အစောပိုင်းတွင် နိုင်ငံ၏သက်တမ်းရှည်အာဏာရှင် မွမ်မာအယ်လ်ကဒါဖီ ၏အုပ်ချုပ်မှုကို အတိုက်အခံများက ဆန့်ကျင်သောဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။ ၎င်းဆန္ဒပြမှုများကို ကဒါဖီအစိုးရ မှ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်းအပါအဝင် လုံခြုံရေးတပ်ဖွဲ့များက ပြင်းထန်စွာနှိမ်နှင်း ခဲ့ကြသည်။ ဆန္ဒပြသူများ မှလည်း R2P အရေးယူမှု လုပ်ဆောင်ရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ အာရပ်နှင့် အင်အားကြီး အနောက်နိုင်ငံများ၏ အရေးပေါ်တိုက်တွန်းချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသည် အရပ်သားများကို ကာကွယ်ရန် လိုအပ်သော အစီအမံအားလုံးကို ခွင့်ပြုပေးရန် မတ်လ ၁၇ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ ထို့နောက် အမေရိကန်နှင့် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (နေတိုး) က လေကြောင်း တိုက်ခိုက်မှုကို ကြားဝင် ဆောင်ရွက်ပေးခဲ့သည်။ ဇွန်လတွင် ကဒါဖီနှင့် ၎င်း၏သားတို့ကို ဖမ်းဆီးရန် ICC က ဝရမ်းထုတ်ခဲ့သည်။ တော်လှန်ပုန်ကန်သောညွန့်ပေါင်းအဖွဲ့ အောင်ပွဲရခဲ့သည့် ၂၀၁၁ ခုနှစ် သြဂုတ်လအထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ လစ်ဗျားနိုင်ငံအပေါ်  R2P လုပ်ငန်းစဉ်ထဲမှ စစ်ရေးအရ ပါဝင်ဆောင်ရွက် နိုင်ခဲ့ခြင်းကို လေ့လာမည်ဆိုလျှင် အခြားအချက်အလက်များစွာရှိနေသော်လည်း အဓိက အချက်မှာ လုံခြုံရေး ကောင်စီတွင် ဆုံးဖြတ်ချက်ချမှတ်သည့် အချိန် အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံတွင် (၃) နိုင်ငံကထောက်ခံပြီး တရုတ်နှင့်ရုရှားက ဗီတိုအာဏာသုံးမကန့်ကွက်ခြင်း ဖြစ်သည်။ သို့သော်လည်း R2P လုပ်ငန်းစဉ်ဖြင့် အနောက်နိုင်ံ များမှ ဝင်ရောက်ပြီး ကဒါဖီ အစိုးရကို ဖြုတ်ချခဲ့ချိန်တွင် ရုရှားနှင့် အခြားနိုင်ငံများမှ နေတိုးအဖွဲ့ သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းစဉ်ကို အသုံးချပြီး ကဒါဖီအစိုးရကိုဖြုတ်ချကာ မိမိ လိုချင်သော အစိုးရကို တင်မြှောက်နိုင်ရန် လုပ်ပိုင်ခွင့်ကို ကျော်လွန်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

ဆီးရီးယား

ဆီးရီးယား သမ္မတနိုင်ငံမှာ မြောက်ဘက်တွင် တူရကီနိုင်ငံ၊ အရှေ့ဘက်တွင် အီရတ်နိုင်ငံ၊ တောင်ဘက်တွင် အဆီးရီးယားနှင့် ဂျော်ဒန်နိုင်ငံ၊ အနောက်ဘက်တွင် မြေထဲပင်လယ်နှင့် လက်ဘနွန်နိုင်ငံဟူ၍ နယ်နိမိတ်သတ်မှတ်ထားသော နိုင်ငံဖြစ်သည်။

၂၀၁၁ ခုနှစ်တွင် ပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှာ ကွယ်လွန်သွားသည့် ဖခင် ဟဖက်ဇ်ရဲ့ အရိုက်အရာ ကို သမ္မတအာဆတ်ဆက်ခံခဲ့သည်။  သမ္မတ အာဆတ်လက်အောက်တွင် အလုပ်လက်မဲ့တွေ တိုးလာနေမှု၊ အဂတိလိုက်စားမှု များပြားနေမှု၊ နိုင်ငံရေးလွတ်လပ်ခွင့် မရှိမှုတွေကြောင့် ဆီးရီးယားပြည်သူအများစုသည် နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲချင်စိတ်ဖြစ်ပေါ်လာခဲ့သည်။  အိမ်နီးချင်းနိုင်ငံများ၏  အာဏာရှင်အစိုးရ ဖိနှိပ်မှုဆန့်ကျင် တော်လှန်ရေး  အာရပ်နွေဦးဆန္ဒပြပွဲများ ကို အားကျပြီး ၂၀၁၁ ခုနှစ် မတ်လမှာ ဆီးရီးယားနိုင်ငံတောင်ပိုင်း ဒီရားမြို့တွင် ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့သည်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တောင်းဆိုချက်များကို အာဏာရှင်မှ လိုက်လျောရန် ငြင်းဆန်ခဲ့ပြီး ၎င်း၏ လုံခြုံရေးတပ်ဖွဲ့များမှ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်လုပ်ဆောင်ခဲ့ခြင်းကြောင့် သမ္မတ အာဆတ် နုတ်ထွက်ပေးဖို့ နိုင်ငံတဝန်း တောင်းဆိုဆန္ဒပြမှုတွေ ဖြစ်ပွားလာသည်။ ထိုကဲ့သို့ နိုင်ငံသားများကို ရက်စက်စွာ တုံ့ပြန်ဆောင်ရွက်ခဲ့သော အစိုးရကို R2P နှင့် ဆက်စပ်၍ အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။ ၎င်း ပဋိပက္ခကြီးကြောင့် လူ ၅ သိန်းလောက် သေဆုံးခဲ့ရသလို လူပေါင်း လေးသန်းကျော်အိုးအိမ်မဲ့ ဖြစ်ခဲ့သည်။ မြို့ကြီးတွေလည်း ထိခိုက်ပျက်စီးသွားခဲ့ပြီး တခြားနိုင်ငံတွေဆီ လူတွေ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ နိုင်ငံလူဦးရေ ၏သုံးပုံလောက်ဟာ ကယ်ဆယ်ရေး အကူအညီ ထောက်ပံ့မှုတွေ လိုအပ်နေသော အခြေအနေ ဖြစ်ပေါ်နေသည်။ အကြမ်းဖက်မှုတွေ တမဟုတ်ချင်း မြင့်တက်လာခဲ့ရာ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် အဖြစ် ပြောင်းသွားခဲ့သည်။ လက်နက်ကိုင်အုပ်စု ရာနှင့်ချီ၍ ထွက်ပေါ်လာခဲ့ပြီး အစိုးရကို ပြန်လည်တိုက်ခိုက်မှုနှင့်အတူ အချင်းချင်းတိုက်ခိုက်မှုများလည်း ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် IS အစ္စလာမစ်နိုင်ငံအဖွဲ့နဲ့ အယ်လ်ကိုင်ဒါတို့လို ဂျီဟာ့ဒ်ဝါဒီ အစွန်းရောက် အဖွဲ့တွေကလည်း ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ ပဋိပက္ခကြီးထဲ ဝင်ပါလာတာကို တွေ့ရပါသည်။ လက်နက်ကိုင်အုပ်စုတွေကို အင်အားကြီးနိုင်ငံတစ်ချို့ကလည်း ငွေကြေး၊ လက်နက်၊ နည်းပညာစသည့် ထောက်ပံ့မှုမျိုးစုံကို ထောက်ပံ့ခဲ့ကြသည်။ အာဆတ်အစိုးရကို ရုရှားနှင့် အီရန်ကဲ့သို့သော နိုင်ငံများက ထောက်ပံ့မှု ပေးနေခဲ့သည်။ ရုရှားဆိုလျှင် အကြမ်းဖက်သမားများကို ကူညီတိုက်ခိုက်ချေမှုန်းခြင်းဆိုသည့် ခေါင်းစဉ်ဖြင့် လေတပ်မှ ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့သလို အီရန်ကလည်း ၎င်း၏ စစ်တပ်ကိုစေလွှတ်ကာ ကူညီတိုက်ခိုက်ပေးခဲ့သည်။ အီရတ်၊ အာဖဂန်နစ္စတန်နဲ့ ယီမင်နိုင်ငံတို့ကလည်း ဆီးရီးယား အစိုးရတပ်ဖက်ကနေ တိုက်ပေးခဲ့ကြပါတယ်။ အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တို့က အလယ်အလတ် သဘောထားရှိသည့် လက်နက်ကိုင် အုပ်စုတွေကို အစပိုင်းမှာ ထောက်ပံ့ကူညီခဲ့ပေမဲ့ နောက်ပိုင်းအတိုက်အခံများတွင် ဂျီဟာ့ဒ်ဝါဒီတွေ ကြီးစိုးလာချိန်မှာ စစ်ရေးမဟုတ်သော လူသားချင်း စာနာမှုအကူအညီများကိုသာ ပေးခဲ့သည်။ တူရကီသည် အတိုက်အခံတွေကို အဓိကကူညီပေးနေသော နိုင်ငံဖြစ်ပြီး ဆော်ဒီအာရေဗျနှင့် ကာတာနိုင်ငံတို့ကလည်း အတိုက်အခံတွေကို အကူအညီ‌ပေးခဲ့ကြသည်။ အစိုးရတစ်ရပ် အနေဖြင့်  လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အရေးယူစုံစမ်းနိုင်ရန်အတွက် နိုင်ငံတကာ အသိုင်းအဝန်းတွင် တူညီသော သဘောထားအမြင် မရသည်မှာ ယခုအချိန်အထိ ဖြစ်နေသည်ကို တွေ့ရသည်။ အဓိကအားဖြင့် လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့က အာဆတ်အစိုးရကို အရေးယူရန် ဆန္ဒရှိသော်လည်း ရုရှားနှင့် တရုတ်တို့က သဘောတူခြင်း မရှိပေ။ ဆီးရီးယားနှင့် ပတ်သက်လာလျှင် အခြားနိုင်ငံများကဲ့သို့ R2P ယန္တရားအတိုင်း ယခုအချိန်အထိ ညီညွတ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် လေယဉ်မပျံသန်းရဇုန် သတ်မှတ်ခြင်းကိုတောင် ဆုံးဖြတ်ချက် မချမှတ်နိုင်သည်ကို တွေ့ရသည်။

ဆူဒန် နှင့် တောင်ဆူဒန်နိုင်ငံ

ဆူဒန်နိုင်ငံသည် ၁၉၅၆ ခုနှစ်တွင် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့ပြီသည်။ မြောက်ဘက် တွင် အီဂျစ်နိုင်ငံ၊ အရှေ့ဘက်တွင် ပင်လယ်နီ၊ အီရစ်တရီးယား ပြည်နှင့် အီသီအိုးပီးယား နိုင်င်ငံ၊ တောင်ဘက်တွင် ကင်းနယား၊ ယူဂန်းဒါးနှင့် ဗဲလဂျီယန်ကွန်ဂိုနယ်၊ အနောက်ဘက်တွင် ပြင်သစ်ပိုင် အီကွေတာပိုင်း အာဖရိကနှင့် လစ်ဗျားနိုင်ငံတို့ ရှိကြ၏။ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်းတွင် ဆူဒန်သည် တောင်ပိုင်းနှင့်မြောက်ပိုင်း အကြားရှည်လျားသော ပြည်တွင်းစစ်နှင့် ပြင်းထန်သောပဋိပက္ခများကို ကြုံတွေ့ခဲ့ရသည်။ ခါတွမ်းမြို့တော်ကို ဗဟိုပြုပြီး မြောက်ပိုင်းဒေသသည် အာရပ်မျိုးနွယ်ဝင် မွတ်စလင်များ အများစုနေထိုင်ရာဒေသဖြစ်သည်။ တောင်ဘက်တွင် ခရစ်ယာန်များနှင့် နတ်ကိုးကွယ်သည့် အုပ်စုများ နေထိုင်ကြသည်။ ၁၉၈၉ မှာ စစ်အာဏာသိမ်းပြီးအုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်ကြီး အိုမာ အယ်လ် ဘာရှားဟာ ၂၀၁၉ မှာ စစ်အာဏာသိမ်းမှုကြောင့်ပဲ ပြုတ်ကျခဲ့သည်။ သမ္မတ အိုမာ အယ်လ် ဘာရှား လက်ထက်တွင် မြောက်ပိုင်း ခါတွမ်း အစိုးရသည် တောင်ပိုင်းကိုပါ အစ္စလမ္မစ်အခြေခံ အစိုးရကို ထူထောင်ဖို့ ပြုလု ကြိုးစားရင်း ပြင်းထန်သော ပြည်တွင်းစစ်ကို ဖြစ်စေခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံ၏ အနောက်ဘက်ဒေသ ဒါဖာ၏ အနောက်ဘက် အစိုးရကင်းစခန်း တစ်ခုကို လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ရာ သမ္မတ အယ်လ်ဘာရှားအစိုးရမှ ပြင်းပြင်းထန်ထန် ပြန်လည်လက်တုံ့ပြန်ခဲ့သဖြင့် ၂၁ ရာစု၏ လူမျိုးတုံးသတ်ဖြတ်သော ရာဇဝတ်မှု ဖြစ်ပေါ်ခဲ့သည်။  ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်းခန့်မှန်းချေ လူ (၂) သိန်းခန့်သတ်ဖြတ်ခံခဲ့ရသည်။ ဒါဖာ လူမျိုးတုံးသတ်ဖြတ်မှုဟု အမည်တွင်စေခဲ့သည်။ ၂၀၀၃ ခုနှစ် မှ၂၀၀၄ ခုနှစ် နှစ်လည်ပိုင်းအထိ ဒါဖာတွင် တစ်နှစ်ကျော်ကြာ ပဋိပက္ခများ ပြင်းထန်နေချိန်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဦးစားပေးလုပ်ငန်းစဉ်မှာ  ဆူဒန်၏ တောင်- မြောက် ပြည်တွင်းစစ်ကို အဆုံးသတ်ရန် ဖြစ်သည်။ ပထမပိုင်းတွင် တောင်-မြောက် စစ်ပွဲရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ရစေရန်ကိုသာ နိုင်ငံတကာအသိုင်းအဝန်းက ဦးတည်ကြိုးပမ်းနေသည့် အတွက် ဒါဖာတွင် ဖြစ်ပွားနေသည် အဖြစ်အပျက်ကို လစ်လျူရှုထားသလိုဖြစ်နေခဲ့သည်။ လုံခြုံရေးကောင်စီအနေဖြင့်လည်း ဒါဖာအကြောင်း ဆွေးနွေးရန် ထည့်သွင်းပါက ခါတွမ်းအစိုးရအနေဖြင့် ဆွေးနွေးပွဲစကားဝိုင်းမှ ထွက်သွားမည်ကို စိုးရိမ်ပြီး ဆွေးနွေးပွဲ အစီအစဉ်တွင် ထည့်သွင်းထားခြင်း မလုပ်ခဲ့ပါ။ ဆွေးနွေးပွဲ ရလဒ်အနေဖြင့် ၂၀၀၄ ခုနှစ် ဇွန်လတွင် ဆူဒန်အစိုးရနှင့် SPLM/A အကြား အပြီးသတ်သဘောတူညီချက် အကောင်အထည်ဖော်မှုအား စောင့်ကြည့်ရန်အတွက် လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်အမှတ် ၁၅၄၇ ကို ဆူဒန်အတွက် ချမှတ်ခဲ့သည်။ ထိုဆုံးဖြတ်ထဲတွင် ဒါဖာအကြောင်း ပါသည်ဆိုရုံသာ ဖော်ပြခဲ့သည်။   ဒါဖာ နှင့် ပတ်သက်သော လုံခြုံရေးကောင်စီ၏ လုပ်ဆောင်ချက်မှာ ၂၀၀၄ ခုနှစ် မေလ ၂၅ ရက်နေ့တွင်  ပြည်သူ့စစ်များကို လက်နက်ဖြုတ်သိမ်းရန် ကြေညာချက်ထုတ်ပြန်ခြင်းသာဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူ့အခွင့်အရေးအဖွဲ့အများအပြားတို့၏  အကြိမ်ကြိမ်တောင်းဆိုမှုကြောင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်နှင့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုမှ နိုင်ငံခြားရေး ဝန်ကြီးများစွာတို့က ဒါဖာသို့ သွားရောက်လေ့လာပြီးမှသာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်အမှတ် ၁၅၅၆ ကို အတည်ပြုခဲ့သည်။ ၎င်းဆုံးဖြတ်ချက်တွင် ဆူဒန်အစိုးရသည် ဂျန်ဂျဝိ  (Janjaweed) ပြည်သူ့စစ်များကို လက်နက်ဖြုတ်သိမ်းပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို လှုံ့ဆော်ပေးခဲ့သည့် ခေါင်းဆောင်များကို တရားမျှတမှုအတွက် အရေးယူပေးရန် တောင်းဆိုခဲ့သည်။ အစိုးရအနေဖြင့် ၎င်းတောင်းဆိုချက်ကို လိုက်နာရန် ပျက်ကွက်ပါက နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုများကို ထည့်သွင်းစဉ်းစားမည်ဟုလည်း လုံခြုံရေးကောင်စီက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အစိုးရနှင့် သူပုန်များကြား၂၀၀၄ ခုနှစ် ဧပြီလ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို စောင့်ကြည့်ရန် အာဖရိကသမဂ္ဂတပ်ဖွဲ့တစ်ခု ဖြန့်ကျက်ချထားမှုကိုလည်း ထောက်ခံခဲ့သည်။ ဒါဖာရှိ “အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ” အားလုံးကို လက်နက်ရောင်းချခြင်းအား တားမြစ်ပိတ်ပင်ခဲ့သည်။ ထိုဆုံးဖြတ်ချက်အမှတ် ၁၅၅၆ ကို လုံခြုံရေးကောင်စီတွင် ၁၃-၀ မဲဖြင့် အတည်ပြုခဲ့ပြီး တရုတ်နှင့် ပါကစ္စတန်တို့က ကြားနေခဲ့သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် အကန့်အသတ်ဖြင့်သာ သက်ရောက်မှု ရှိခဲ့သည်။   သို့သော်လည်း ၂၀၁၁ ခုနှစ်တွင် အမေရိကန်နှင့် ဥပရောပနိုင်ငံများ၏ ထောက်ခံအားပေးမှုနှင့်အတူ အာဖရိက ခေါင်းဆောင်များ၏ သံတမန်ရေးရာ ဆောင်ရွက်မှုများကြောင့် တောင်ဆူဒန်သည် ဆူဒန်မှ ငြိမ်းချမ်းစွာ ခွဲထွက်သောအခါတွင် R2P သက်ရောက်မှု အခြေအနေကို ပိုမိုလက်ခံ အသိအမှတ် ပြုခဲ့ကြသည်။ သို့သော်လည်း ၎င်းသက်ရောက်မှုသည် အချိန်မီ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်ပြီးမှ ရရှိခဲ့ခြင်းကြောင့်  R2P လုပ်ငန်းစဉ်တွင် စိန်ခေါ်မှုများရှိနေကြောင်းကို လှစ်ဟပြသသလို ဖြစ်ခဲ့သည်။

ဆူဒန်နိုင်ငံ၏ နောက်ဆက်တွဲ ပြဿနာ

၁၉၈၉ ကတည်းက စစ်အာဏာသိမ်းအုပ်ချုပ်ခဲ့သည့် သမ္မတ အယ်လ်ဘာရှားကို လက်ထဲမှ  စစ်အာဏာသိမ်းပြီး ဆူဒန်ကို အနှစ် သုံးဆယ်နီးပါး အုပ်ချုပ်ခဲ့တဲ့ သမ္မတ အိုမာ အယ်လ် ဘာရှားသည်လည်း  ၂၀၁၉ ခုနှစ်တွင် ထပ်မံအာဏာသိမ်းခံရပြီး အရပ်သားနဲ့ စစ်တပ်ပေါင်းထားသော အစိုးရမှ အုပ်ချုပ်ခဲ့သည်။ ၎င်းအစိုးရကိုပင် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်ဘာဟန်က ပြန်လည်အာဏာသိမ်းခဲ့သည်။

ဆူဒန်နိုင်ငံမှာ ၂၀၂၁ အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဗိုလ်ချုပ် ဖာတာ အယ်လ်ဘာဟန်နှင့် ဗိုလ်ချုပ် ဒဂယ်လိုတို့ ဦးဆောင်သည့် စစ်ကောင်စီက အုပ်ချုပ်နေတာ ဖြစ်သည်။ သို့သော်လည်း ဆူဒန်စစ်တပ် ဗိုလ်ချုပ် အဘဒယ် ဖာတာ အယ်လ်ဘာဟန်နှင့် အမြန်ထောက်ကူတပ် ဗိုလ်ချုပ် မာဟာမက် ဟမ်ဒမ် ဒဂယ်လိုတို့ အာဏာလုကြရာက ၂၀၂၃ ဧပြီလ ၁၅ ရက်တွင် ခါတွမ်မြို့နှင့် ဒါဖာဒေသတဝိုက်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။  ၂၀၂၃ခုနှစ် ဩဂုတ်လ ၁၅ရက်  ရက်နေ့အထိ လူပေါင်း ၄၀၀၀မှ ၁၀၀၀၀အကြား သေဆုံးပြီး ၆၀၀၀မှ ၁၂၀၀၀ထိ ဒဏ်ရာရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့အထိ ၄.၁ သန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခြား ၁.၁သန်းကျော်မှာ အခြားနိုင်ငံများသို့ ဒုက္ခသည်အဖြစ် ထွက်ပြေးနေရသည်။ ၎င်းပြဿနာနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီသည် ဇွန်လ ၂ ရက် တွင် ဆူဒန်နိုင်ငံရှိ ကုလသမဂ္ဂပေါင်းစည်း အကူးအပြောင်း အကူအညီပေးရေးမစ်ရှင် (UNITAMS) ၏လုပ်ပိုင်ခွင့်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့အထိ သက်တမ်းတိုးရန်သာ ဆုံးဖြတ်ခဲ့သည်။ R2P လုပ်ငန်းစဉ်ကို လုပ်ဆောင်ခြင်းမရှိပါ။ ထိုသဘောတူညီချက်ကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅) ဦးစလုံးက သဘောတူ ဆုံးဖြတ်ခဲ့သည်။

မောင်မြစ်သစ်

ကိုးကား

ကုလသမဂ္ဂ နှင့် ၎င်းနှင့်ဆက်စပ်သော ဝက်ဆိုက်များ

ဘီဘီစီ သတင်းဌာနနှင့် အခြားသတင်းဌာနများ

သုတေသနစာတမ်းများ

အေအေပီပီ အစီရင်ခံစာနှင့် အခြားအဖွဲ့အစည်းများ၏အစီရင်ခံစာများ

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)