ကုလသမဂ္ဂ၏ ၂၀၀၅ ခုနှစ် ညီလာခံမှ ချမှတ်လိုက်သော လူသားမျိုးနွယ်စုများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးနွယ်စုအလိုက်သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်တည်ရှိမှု အပေါ် ကျုးလွန်သော ရာဇဝတ်မှုများကို တားဆီးကာကွယ်ပေးရန် တာဝန်ရှိမှုသည် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် မူဝါဒ သဘောတရား သန္နိဋ္ဌာန်အဖြစ်ပေါ်ထွက်လာခဲ့သည်။ နိုင်ငံများ၏ အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ တစ်စုတစ်စည်းထဲ သဘောတူခဲ့သည့် ကမ္ဘာလုံးဆိုင်ရာမူဝါဒ တစ်ခုလည်း ဖြစ်သည်။ Responsibility to Protect ကို R2P ဟု မြန်မာပြည်သူများကအလွယ်တကူ သိရှိ သုံးနှုန်းကြသည်။ ၁၉၉၀ ခုနှစ်များဆီက ရဝမ်ဒါနှင် ယူဂိုဆလားဗီးယားတွင် ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုများကို နိုင်ငံတကာ အသိုင်းအဝန်းမှ မကာကွယ်နိုင်ခြင်းအပေါ် အခြေခံ၍ R2P ပေါ်ထွက်လာခြင်းဖြစ်သည်။
စီးပွားရေးနှင့် လူမှုရေးကောင်စီ
လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များအတွက် မူဝါဒရေးဆွဲခြင်း၊ အတည်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခြင်းနှင့် နိုင်ငံတကာ သဘောတူထားသော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အကောင်းအထည်ဖေါ်ခြင်းတို့ကို လုပ်ဆောင်ပါသည်။ ကမ္ဘာနိုင်ငံများ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ဆောင်ရွက်သော ကုလသမဂ္ဂ၏ အဓိက အကျဆုံး အစိတ်အပိုင်း ဖြစ်သည်။ အဖွဲ့ဝင် ကိုယ်စားလှယ် (၅၄) ဦးရှိပြီး အထွေထွေညီလာခံမှ ရွေးချယ်ပါသည်။ အဖွဲ့အတွင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သာမန်မဲအများစုဖြင့် ဆုံးဖြတ်ပြီး အဖွဲ့တိုင်း ဆန္ဒမဲ တစ်မဲ တန်းတူ ပေးခွင့်ရသည်။ ၎င်း၏ရုံးချုပ်သည် နယူးယောက်မြို့တွင် တည်ရှိပြီး ဥက္ကဌကို တစ်နှစ်တစ်ကြိမ်ရွေးချယ်ပါသည်။ ကုလသမဂ္ဂ၏ အထူးအေဂျင်စီများဖြစ်သော ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization- FAO)၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educational, Scientific and Cultural Organization – UNESCO)၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေ အဖွဲ့(မူရင်းအခေါ်အဝေါ်သည် အင်္ဂလိပ်လို United Nations International Children’s Emergency Fund – UNICEF ဖြစ်သော်လည်း ယခုအခါတွင် တရားဝင် United Nations Children’s Fund ဟု ပြောင်းလဲခေါ်ပါသည်)၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (International Labour Organization – ILO) စသည်တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ပါသည်။
နယ်မြေထိန်းသိမ်းရေးကောင်စီ (Trusteeship Council)
ကုလသမဂ္ဂချာတာ အရ ၁၉၄၅ ခုနှစ်တွင် ကုလသမဂ္ဂ နယ်မြေထိန်းသိမ်းရေး ကောင်စီကို ဖွဲ့စည်းခဲ့သည်။ ဒုတိယကမ္ဘာစစ် အပြီးတွင် လွတ်လပ်ရေး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်နိုင်ရန် အတွက် ပြင်ဆင်ရန် လိုအပ်သော နယ်မြေ (၁၁) ခုကို ထိန်းသိမ်းရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် နောက်ဆုံးထိန်းသိမ်းရန် ကျန်ရှိသည့်ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိကျွန်းနိုင်ငံ ပလောင် (Palau) ကို နိုင်ငံအသစ်တစ်ခု အဖြစ်အသိအမှတ် ပြုခဲ့ပြီးနောက် ထိန်းသိမ်းရန်နယ်မြေ မကျန်ရှိသည့်အတွက် ၎င်းနှစ်မှစတင်၍ နယ်မြေထိန်းသိမ်းရေးကောင်စီကို ခေတ္တရပ်နားထားခဲ့သည်။
အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice – ICJ)
ကုလသမဂ္ဂ၏ တရားဥပဒေဆိုင်ရာ၊ တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်ကို အကောင်အထည်ဖေါ် ဆောင်ရွက်သော အစိတ်အပိုင်း ဖြစ်သည်။ နယ်သာလန်နိုင်ငံ ဟိတ် (The Hague) မြို့တွင် ရုံးထိုင်ပါသည်။ ကုလသမဂ္ဂ၏ အဓိကအစိတ်အပိုင်း (၆) ခုထဲ ပါဝင်သော်လည်း ကုလသမဂ္ဂဗဟိုဖြစ်သော နယူးယောက်မြို့တွင် ရုံးမထိုင်သည့် တစ်ခုတည်းသော အဖွဲ့ဖြစ်သည်။ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးသည် အလိုအလျှောက် ICJ တွင် အဖွဲ့ဝင် ဖြစ်သည်။ အဓိကတာဝန်များမှာ နိုင်ငံများမှ တင်ပြတိုင်တန်းသော ဥပဒေပိုင်းဆိုင်ရာ အငြင်းပွားမှုများကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ စစ်ဆေးဆုံးဖြတ်ရန် ဖြစ်သည်။ နိုင်ငံတကာအဖွဲ့အစည်းများ၊ အေဂျင်စီများ၏ ဆောင်ရွက်မှုများအပေါ် ဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်ရှိပါက အကြံဉာဏ်များကို ပံ့ပိုးကူညီပေးသည်။
အထွေထွေအတွင်းရေးမှူးချုပ်ရုံး
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးသည် အထွေထွေညီလာခံနှင့် အဓိကယန္တရားမှ ဆုံးဖြတ်ချက်ချထားသော လုပ်ငန်းများကို အကောင်ထည်ဖော် ဆောင်ရွက်သည့်နေရာ ဖြစ်သည်။ ဌာနအလိုက် အတွင်းရေးမှူးရုံးများရှိပြီး အထွေထွေအတွင်းရေးမှူးသည် ၎င်းတို့ကို ဦးဆောင်နေသူတစ်ဦး ဖြစ်သည်။ ကုလသမဂ္ဂ အုပ်ချုပ်ရေးအဖွဲ့၏ အကြီးအကဲလည်း ဖြစ်သည်။ အထွေထွေ အတွင်းရေးမှူးကို လုံခြုံရေးကောင်စီ ထောက်ခံချက်ဖြင့် ညီလာခံမှ (၅) နှစ်တစ်ကြိမ် ရွေးချယ်ခန့်အပ်ပြီး တစ်ဆက်ထဲ (၂) ကြိမ် ရွေးချယ်ခံပိုင်ခွင့် ရှိသည်။ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ရုံးထိုင်ပြီး အတွင်းရေးမှူးရုံးအများစုသည် နယူးယောက်မြို့တွင် ရှိသည်။ အတွင်းရေးမှူးရုံး (၃) ခုနှင့် ဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (၅) ခု၏ ဌာနချုပ်များသာ အခြားနေရာများတွင် ရှိသည်။
လူသားမျိုးနွယ်စုအပေါ် အကာအကွယ်ပေးရန်တာဝန်ရှိမှု (R2P)
ကုလသမဂ္ဂ၏ ၂၀၀၅ ခုနှစ် ညီလာခံမှ ချမှတ်လိုက်သော လူသားမျိုးနွယ်စုများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်တည်ရှိမှု အပေါ် ကျုးလွန်သော ရာဇဝတ်မှုများကို တားဆီးကာကွယ်ပေးရန် တာဝန်ရှိမှုသည် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့် မူဝါဒသဘောတရား သန္နိဋ္ဌာန်အဖြစ် ပေါ်ထွက်လာခဲ့သည်။ နိုင်ငံများ၏ အကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ တစ်စုတစ်စည်းထဲ သဘောတူခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ မူဝါဒ တစ်ခုလည်း ဖြစ်သည်။ Responsibility to Protect ကို R2P ဟု မြန်မာပြည်သူများက အလွယ်တကူ သိရှိသုံးနှုန်းကြသည်။ ၁၉၉၀ ခုနှစ်များ ဆီက ရဝမ်ဒါနှင် ယူဂိုဆလားဗီးယားတွင် ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုများကို နိုင်ငံတကာအသိုင်းအဝန်းမှ မကာကွယ်နိုင်ခြင်း အပေါ် အခြေခံ၍ R2P ပေါ်ထွက်လာခြင်း ဖြစ်သည်။ ၂၀၀၁ ခုနှစ်အတွင်းတွင် ထွက်ပေါ်လာသော ဝင်ရောက်စွက်ဖက်ခြင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ဆိုင်ရာ နိုင်ငံတကာ ကော်မတီ မှာ R2P အယူအဆအပေါ် အခြေခံပြီး ချဲ့ထွင်ထားသည့် အယူအဆနှင့်အတူ ပေါ်ပေါက်လာသော ကော်မတီဖြစ်သည်။
၂၀၀၅ ခုနှစ် အထွေထွေညီလာခံ၏ သဘောတူညီခဲ့သော ရလဒ်များထဲမှ အပိုဒ် ၁၃၈ နှင် ၁၃၉ တို့တွင် အောက်ပါအတိုင်းဖော်ပြထားသည်ကို တွေ့ရသည်။
၁၃၈။ နိုင်ငံတိုင်းအနေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်တည်ရှိမှုအပေါ် ကျုးလွန်သော ရာဇဝတ်မှုများနှင့် ပါတ်သက်လျှင် ကြိုတင်ကာကွယ်ခြင်းအပါအဝင် ကျူးလွန်မှုပုံစံမျိုးစုံကို သင့်လျော်သော နည်းလမ်းများဖြင့် တားဆီးရန် တာဝန်ရှိသည်ဆိုသော အချက်ကို အဖွဲ့ဝင်နိုင်ငံများအားလုံးက သဘောတူသည်။ အဖွဲ့ဝင်နိုင်ငံအားလုံးအနေဖြင့် ၎င်းတာဝန်ကို လက်ခံပြီး ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားမည်။ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုအားလုံးကို နိုင်ငံတကာအသိုက်အဝန်း အနေဖြင့်လည်း ထောက်ခံအားပေးခြင်းနှင့် အကူအညီပေးခြင်းကို လုပ်ဆောင်ရမည်။
၁၃၉။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် လူသားမျိုးနွယ်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူမျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်တည်ရှိမှုအပေါ် ကျုးလွန်သော ရာဇဝတ်မှုများကို ကာကွယ်ရန်အတွက် ကုလသမဂ္ဂပဋိညာဉ်၏ အခန်း (၆) နှင့် (၇) တွင်ပြဌာန်းထားသော သံတမန်နည်းလမ်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နည်းလမ်းများအပြင် ငြိမ်းချမ်းစွာ ဆောင်နိုင်ရွက်နိုင်သော အခြားဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို လုပ်ဆောင်ရန် တာဝန်ရှိသည်။ လုံခြုံရေးကောင်စီအနေဖြင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံအစိုးရများမှ မိမိနိုင်ငံသားများအပေါ် ဆောင်ရွက်နေသော လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှု တစ်ခုချင်းစီအပေါ် အတတ်နိုင်ဆုံး ငြိမ်းချမ်းသော နည်းလမ်းဖြင့် ထိရောက်စွာ အချိန်မီ ဟန့်တားနိုင်ရန် နိုင်ငံတကာအသိုင်းအဝန်းက ပူးပေါင်းဆောင်ရွက်ပေးရမည်။ ဟူ၍ ပြဌာန်းခဲ့သည်။
၂၀၀၉ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် R2P နှင့် ပတ်သက်ပြီး ထုတ်ပြန်သော အထွေထွေ အတွင်ရေးမှူး၏ အစီရင်ခံတွင် အဓိက ဒေါက်တိုင် (၃) ခုဖေါ်ပြခဲ့သည်။ ၎င်းတို့မှာ
၁။ နိုင်ငံတော်အနေဖြင့် ၎င်း၏ ပြည်သူများအပေါ် ကြီးမားကျယ်ပြန့်ပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများဖြစ်သည့် မျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ် တည်ရှိမှုအပေါ် ကျုးလွန်သော ရာဇဝတ်မှုများကို ကျုးလွန်ခံရခြင်း မရှိအောင် အကာအကွယ် ပေးရမည်။
၂။ နိုင်ငံတကာ လူ့အဖွဲ့အစည်းအနေဖြင့် နိုင်ငံတိုင်းမှ ၎င်းတာဝန်ကို လေးစားလိုက်နာ ဆောင်ရွက်နိုင်ရန် အကူအညီပေးခြင်း၊ တွန်းအားပေးခြင်းများ လုပ်ဆောင်ရန် တာဝန်ရှိသည်။
၃။ ထိုကဲ့သို့သော ရာဇဝတ်မှုများ ဖြစ်ပေါ်လာပါက နိုင်ငံတကာ အသိုင်းအဝန်းမှ စုပေါင်း၍ ကုလသမဂ္ဂချာတာတွင် ဖေါ်ပြထားသော ဖြစ်နိုင်ခြေရှိသည့် မည်သည့် တုံ့ပြန်ဆောင်ရွက်မှုကိုမဆို အချိန်နှင့်တပြေးညီ ထိရောက်စွာ ဆောင်ရွက်ရမည်။
၎င်းအစီရင်ခံတွင် အဓိကအလေးပေး ဖေါ်ပြထားသည့် အချက်မှာ နိုင်ငံတော်မှ ပြည်သူများကို ကျူးလွန်သော ကိစ္စရပ်များအတွက် ကုလသမဂ္ဂ၏ မဟာဗျူဟာ၊ စံချိန်စံညွှန်းများ၊ လုပ်ငန်းစဉ်များ၊ လုပ်နည်းလုပ်ဟန်များ အားလုံးကို အပြည့်အဝဖေါ်ဆောင်နိုင်ရန်ဖြစ်သည်။ လုပ်ငန်းစဉ် တစ်ခုပြီးမှတစ်ခု လုပ်ရန်သတ်မှတ်ထားခြင်း မရှိသလို မည်သည့်လုပ်ငန်းစဉ်သည် အရေးကြီးဆုံးဆိုသည့် ပြဌာန်းချက်လည်း မရှိကြောင်း ဖေါ်ပြထားသည်။
R2P သည် အရပ်သားများအပေါ် ကြီးမားကျယ်ပြန့်ပြီး ရက်ရက်စက်စက်ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာ အသိုင်းအဝန်းမှ စုပေါင်း၍ အရေးယူရန် သဘောတူထားသော နိုင်ငံရေးစံနှုန်းတစ်ခုအဖြစ် ၂၀၀၅ ခုနှစ်တွင် သတ်မှတ်ခဲ့ကြသည်။ Madeleine K. Albright and Richard S. Williamson ရေးသားပြီး ၂၀၁၃ ခုနှစ်တွင် ပုံနှိပ်ခဲ့သော THE UNITED STATES AND R2P From Words to Action ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် R2P ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံရေး၊ အဖွဲ့အစည်းဆိုင်ရာနှင့် လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာတို့တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး ထိုစိန်ခေါ်မှုများကို ဖြည့်စည်းနိုင်ရန် ကွာဟချက်များ နည်းသွားစေရန် လုပ်ဆောင်ရမည့် အပိုင်းများစွာ ရှိသေးကြောင်း ဆူဒန်၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ (DRC)၊ ကင်ညာ၊ ဆီးရီးယား၊ လစ်ဗျားနှင့် သီရိလင်္ကာနိုင်ငံတို့တွင် နိုင်ငံတကာတုံ့ပြန်မှု၏ အခြေအနေများကို ကိုးကား၍ ဖေါ်ပြထားသည်ကို တွေ့ရသည်။
ထို့အတူ ၂၀၀၀ ပြည့်နှစ် တွင်ကျင်းပသော ကုလသမဂ္ဂ ထောင်စုနှစ်ညီလာခံတွင် အထွေထွေအတွင်းရေးမှူး ကိုဖီအာနန်မှ နိုင်ငံတော်အစိုးရ သို့မဟုတ် အစိုးရမဟုတ်သည့် အခြားအစုအဖွဲ့များမှ မိမိနိုင်ငံသား လူမျိုးများအပေါ် ကျူးလွန်နေသည့် ကြီးမားကျယ်ပြန်ပြီး ရက်စက်သော ရာဇဝတ်မှုများကို တားဆီးရန် ဝင်ရောက်စွက်ဖက်မှု ပြုလုပ်ချိန်တွင် ၎င်းတို့၏ အချုပ်အခြာအာဏာကို လက်မခံဘဲ ဖျက်ဆီးမှု ပြုလုပ်သည်ဆိုသော အယူအဆကို ပြန်လည်ရင်ဆိုင်ရမည်ဟုလည်း ပြောကြားမှုရှိခဲ့သည်။
မေလ ၂၈ ရက် ၂၀၂၁ ခုနှစ်တွင် အွန်လိုင်းပေါ်တွင် မျှဝေထားသော Martin Mennecke and Ellen E. Stensrud တို့ ရေးသားထားသည့် “မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အလွန်ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို တားဆီးရန် နိုင်ငံတကာ အသိုင်းအဝန်း၏ ပျက်ကွက်မှု” စာတမ်းတွင်လည်း “ဘယ်တော့မှ ထပ်မံဖြစ်ပွားမှု မရှိဆိုသည့် အစား အကြိမ်ကြိမ် ဖြစ်ပွားနေခြင်းဆီသို့” ဆိုပြီး ထောက်ပြဝေဖန် ထားသည်ကို တွေ့ရသည်။
လူသားမျိုးနွယ်စု တည်ရှိမှုကိုထိခိုက်စေသည့် ကြီးမားကျယ်ပြန်ပြီး ရက်စက်ကြမ်းစွာ ဖြစ်ပျက်ခဲ့သည် အဖြစ်အပျက်များအပေါ် နိုင်ငံတကာ အသိုင်းအဝန်း၏ တုံ့ပြန်မှုကို အောက်ပါနိုင်ငံများ၏ အဖြစ်အပျက်ကို ဥပမာပေး ဆန်းစစ်လေ့လာမိသည်။
ကင်ညာနိုင်ငံ
ကင်ညာနိုင်ငံ၏ တရားဝင်အမည်မှာ ကင်ညာသမ္မတနိုင်ငံဖြစ်ပြီး အရှေ့ အာဖရိကရှိ အာဖရိက ဂရိတ်လိတ်ခ် ဒေသတွင် ရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ကင်ညာနိုင်ငံသည် အီကွေတာပေါ်တွင် တည်ရှိပြီး အရှေ့တောင်ဘက်တွင် အိန္ဒိယသမုဒ္ဒရာ အရှေ့မြောက်ဘက်တွင် ဆိုမာလီယာနိုင်ငံ၊ မြောက်ဘက်တွင် အီသီယိုးပီးယားနိုင်ငံ၊ အနောက်မြောက်ဘက်တွင် တောင်ဆူဒန်နိုင်ငံ အနောက်ဘက်တွင် ယူဂန်းဒါးနိုင်ငံနှင့် တောင်ဘက်တွင် တန်ဇေးနီးယားနိုင်ငံတို့ တည်ရှိသည်။
၂၀၀၇ ခုနှစ် ရွေးကောက်ပွဲပြီးသည့် အချိန်ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုနှင့်အတူ လူမျိုးရေးပဋိပက္ခနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း ၁၂၀၀ ခန့် အသတ်ခံရကာ ၆၀၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်မှ ဝင်ရောက်စေ့စပ် ပေးခဲ့ပြီး လုံခြုံရေးကောင်စီနှင့် ကင်ညာအရပ်ဘက် အဖွဲ့အစည်းအကူအညီဖြင့် အဓိက ပါတီကြီး (၂) ခု အကြား ကြားဝင်ညှိနှိုင်းကာ ညွန့်ပေါင်း အစိုးရဖွဲ့စည်း၍ အရေးပေါ် ဖြေရှင်းပေးခဲ့သည်။ ကိုဖီအာနန်၏ ကြိုးစားမှုဖြင့် ကင်ညာရဲ့ နိုင်ငံရေး ပဋိပက္ခတွေ အဆုံးသတ်အောင် အဖြေရှာဖို့ လေးမျက်နှာပါတဲ့ သဘောတူညီချက်ကို အစိုးရနဲ့ အတိုက်အခံတွေ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ လူအများအပြား သေဆုံးစေခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို လွတ်လပ်တဲ့ ကောက်မရှင် တစ်ရပ် ဖွဲ့စည်းပြီး ပြန်လည် သုံးသပ်စစ်ဆေးဖို့ သဘောတူညီခဲ့ကြသည်။ ၂၀၁၀ ခုနှစ်တွင် ပြန်လည် ပြင်ဆင်ထားသော ဖွဲ့စည်းပုံအခြေခံ ဥဒေသစ်ကို အဓိကနိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ထောက်ခံမှုနှင့်အတူ ပြည်သူ့ဆန္ဒခံယူပွဲတွင် သုံးပုံ နှစ်ပုံကျော် ထောက်ခံမှုဖြင့် အတည်ပြုနိုင်ခဲ့သည်။ ၎င်းလုပ်ငန်းစဉ်ကို ကုလသမဂ္ဂ၊ အမေရိကန်၊ အာဖရိကနှင့် ဥရောပနိုင်ငံများ၊ ကင်ညာအစိုးရအရာရှိများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၃ ခုနှစ်တွင် ကင်ညာသမ္မတ ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး နိုင်ငံသားများအတူတကွ ငြိမ်းချမ်းစွာ မဲပေးနိုင်ခဲ့သည်။ ကုလသမဂ္ဂအပါအဝင် ကမ္ဘာနိုင်ငံများ အားလုံးများလည်း တရားဝင် မဲရလဒ်ထုတ်ပြန်သည်အထိ စောင့်ကြည့် ပေးခဲ့သည်။ ၂၀၀၇ခုနှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုမျိုး မဖြစ်ပေါ်အောင် ဝိုင်းဝန်းထိမ်းသိမ်းနိုင်ခဲ့ကြသည်။ ကင်ညာနိုင်ငံတွင် လူမျိုးစုများအကြား ကွဲလွဲမှုများ ဆက်လက်ရှိနေသော်လည်း R2P လုပ်ငန်းစဉ်၏ ဒုတိယမဏ္ဍိုင်နှင့်အညီ နိုင်ငံတကာ အသိုင်းအဝန်းမှ စည်းလုံးညီညွတ်စွာ အချိန်နှင့် တပြေးညီ ဆောင်ရွက်နိုင်သောကြောင့် ယခင် ၆ နှစ်က ဖြစ်ခဲ့သော အကြမ်းဖက်မှုများ ထပ်မံမဖြစ်ပေါ်စေရန် ထိန်းသိမ်းနိုင်ခဲ့သည်။
မောင်မြစ်သစ်
ကိုးကား
ကုလသမဂ္ဂ နှင့် ၎င်းနှင့်ဆက်စပ်သော ဝက်ဆိုက်များ
ဘီဘီစီ သတင်းဌာနနှင့် အခြားသတင်းဌာနများ
သုတေသနစာတမ်းများ
အေအေပီပီ အစီရင်ခံစာနှင့် အခြားအဖွဲ့အစည်းများ၏အစီရင်ခံစာများ