အဂတိတရား လက်ကိုင်ထားကာ အစဉ်အဆက် အကျင့်ပျက်ခြစားခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများ

စစ်တပ်အဖွဲ့အ စည်းအနေနဲ့ နိုင်ငံရေးအာဏာကို အစဉ်အဆက် အုပ်စီးထားပြီဆိုကတည်းက အကျင့်ပျက်ခြစားမှုတွေက တပါတည်းတွဲပါလာလေ့ရှိပါတယ်။ လက်နက်ကိုင်ထားတဲ့သူတွေ နိုင်ငံရေးမှာပါ ပါဝင်ပတ်သက်ပြီဆိုရင် ဘယ်လူ့အဖွဲ့အစည်းမှ ကောင်းကျိုးချမ်းသာ ရလေ့မရှိပါဘူး။ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ချုပ်က်ိုင်နိုင်လို့ အကျိုးအမြတ်ရတဲ့အထဲမှာ အများပြည်သူတွေ မပါပါဘူး။ စစ်တပ်ခေါင်းဆောင်ပိုင်းရယ်၊ စစ်တပ်ထဲက လူတွေရယ်၊ စစ်တပ်ကို ဝန်းရံကြတဲ့ ပြည်တွင်းကတချို့ရယ်၊ ပြီးတော့ ပြည်ပနိုင်ငံ တချို့ရယ်ပဲ အကျိုးစီးပွားအမြတ်အစွန်းကို ခံစားရလေ့ ရှိတတ်ပါတယ်။

** အဂတိတရား လက်ကိုင်ထားကာ အစဉ်အဆက်အကျင့်ပျက်ခြစားခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများ **

ပြည်သူ့ဆန္ဒမဲနဲ့ ရွေးကောက်ခံပြီးတက်လာတဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေကို မဲမသမာမှု ကျူးလွန်တယ်။ အဂတိ လိုက်စားတယ်လို့ စွဲချက်တင်ပြီး ထောင်ချထားပါတယ်။ သူတို့သာ တိုင်းပြည်ကို ချစ်မြတ်နိုးပြီး ကာကွယ်စောင့်ရှောက်နေကြတဲ့သူတွေလို့ စစ်ဗိုလ်ချုပ်တွေအမြဲပဲ သွေးနထင်ရောက်လေ့ရှိပါတယ်။ တကယ်လက်တွေ့မှာတော့ သူတို့ကိုယ်ကျိုးစီးပွားအတွက် တိုင်းပြည်ကို အာဏာစိတ်နဲ့ ချစ်နေခြင်းသာ ဖြစ်ပါတယ်။ စစ်အာဏာရှင်လက်ကိုင်တုတ် ဖြစ်သွားချိန်ကစပြီး စစ်တပ်ဟာ တိုင်းရင်းသားလူထုတွေအပေါ် အကျိုးပြုခြင်း မရှိတော့ပါဘူး။ လူထုအပေါ်အကြောက်တရားနဲ့ ထိန်းချုပ်ဖိနှိပ်တဲ့ ယန္တရားတစ်ခုအဖြစ်သာ ရပ်တည်ခဲ့ကြောင်းကို အတိတ်မှာရော၊ ပစ္စုပ္ပန်မှာပါ သက်သေခံလျက်ရှိပါတယ်။

တကယ်တော့ အကျင့်ပျက်ခြစားခြင်း၊ အဂတိမကင်းတာတွေက  စစ်ဗိုလ်ချုပ်များရဲ့ အကျင့်စရိုက်ဖြစ်တယ်လို့ ဆိုရမလိုပါပဲ။စစ်အာဏာရှင် ဗိုလ်နေဝင်းလက်ထဲ စစ်တပ်ရောက်သွားတဲ့ အချိန်က စပြီး တိုင်းပြည်ကံဆိုးမိုးမှောင်ကျခဲ့တာ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။ ထို့အတူ စစ်ဗိုလ်ချုပ်များနဲ့ နောက်လိုက်နောက်ပါတွေဟာ စားနေကျကြောင်ပါးလို တိုင်းပြည်အာဏာကို ခံတွင်းတွေ့ခဲ့ကြပါတယ်။

*လက်နက်အားကိုးနဲ့ တိုင်းပြည်ကို ကြိုးကိုင်ပြီး စီးပွားဖြစ်နေကြသူများ*

စစ်တပ်အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေးအာဏာကို အစဉ်အဆက် အုပ်စီးထားပြီဆိုကတည်းက အကျင့်ပျက်ခြစားမှုတွေက တပါတည်းတွဲပါလာလေ့ရှိပါတယ်။ လက်နက်ကိုင်ထားတဲ့သူတွေ နိုင်ငံရေးမှာပါ ပါဝင်ပတ်သက်ပြီဆိုရင် ဘယ်လူ့အဖွဲ့အစည်းမှ ကောင်းကျိုးချမ်းသာ ရလေ့မရှိပါဘူး။ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်ချုပ်ကိုင်နိုင်လို့ အကျိုးအမြတ်ရတဲ့အထဲမှာ အများပြည်သူတွေ မပါပါဘူး။ စစ်တပ်ခေါင်းဆောင်ပိုင်းရယ်၊ စစ်တပ်ထဲက လူတွေရယ်၊ စစ်တပ်ကို ဝန်းရံကြတဲ့ ပြည်တွင်းကတချို့ရယ်၊ ပြီးတော့ ပြည်ပနိုင်ငံ တချို့ရယ်ပဲ အကျိုးစီးပွားအမြတ်အစွန်းကို ခံစားရလေ့ ရှိတတ်ပါတယ်။ စစ်ခေါင်းဆောင်တွေရော၊ ထောက်ခံအားပေးကြသူတွေပါ ကျောချင်းကပ်ထားသရွေ့တော့၊ အကျင့်ပျက်ခြစားမှုဆိုတာ ပိုမိုဆိုးရွားလာဖို့ပဲ ရှိတဲ့အနေအထား ဖြစ်ပါတယ်။

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး ဗဟိုကော်မတီ အတွင်းရေးမှူးဖြစ်သူ ဗိုလ်ချုပ်ရန်နောင်စိုးကို စက်တင်ဘာ ၇ရက်မှာ စတင်ထိန်းသိမ်းတယ်လို့ သတင်းထွက်ပါတယ်။ ဗိုလ်ချုပ်ရန်နောင်စိုးဟာ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းလက်အောက်က တပည့်အရင်းဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ လက်တွဲပြီး အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားလုပ်နေကြတဲ့ ခရိုနီကြီးတွေကိုပါ နေပြည်တော်မှာ ခေါ်စစ်တယ်။ ပြီးမှ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ညာလက်ရုံးဖြစ်တဲ့  ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ထိန်းသိမ်းပါတယ်။

သူရော သူ့မိသားစုပါ အဂတိမကင်းဘူးဆိုပြီး ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ပါ စစ်ဆေးခံရတယ်။ သူတို့နှစ်ယောက်စလုံးဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လူရင်းလူယုံ ၂ယောက် ဆိုရင် မမှားပါဘူး။ တကယ်တော့ အကျင့်ပျက်ခြစားခြင်း၊ အဂတိမကင်းတာတွေက  စစ်ဗိုလ်ချုပ်များရဲ့ အကျင့်စရိုက်ဖြစ်တယ်လို့ ဆိုရမလိုပါပဲ။

စစ်အာဏာရှင် ဗိုလ်နေဝင်းလက်ထဲ စစ်တပ်ရောက်သွားတဲ့ အချိန်က စပြီး တိုင်းပြည်ကံဆိုးမိုးမှောင်ကျခဲ့တာ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။ ထို့အတူ စစ်ဗိုလ်ချုပ်များနဲ့ နောက်လိုက်နောက်ပါတွေဟာ စားနေကျကြောင်ပါးလို တိုင်းပြည်အာဏာကို ခံတွင်းတွေ့ခဲ့ကြပါတယ်။

၁၉၆၂ခုနှစ် အာဏာရှင်ဗိုလ်နေဝင်းနေရာကို ၁၉၈၈မှာ အာဏာသိမ်းတဲ့ ဗိုလ်သန်းရွှေကဆက်ခံပါတယ်။ ဗိုလ်သန်းရွှေပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်အာဏာ အများဆုံးရရှိသူ ကာကွယ်ရေးဉီးစီးချုပ်အဖြစ် ဗိုလ်မင်းအောင်လှိုင်က ဆက်ခံပြီး ၂၀၂၁ခုနှစ် အာဏာသိမ်းခြင်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

*၁၉၆၂ခုနှစ်၊ ၁၉၈၈ခုနှစ် အာဏာသိမ်းခြင်း၏ အကျိုးဆက်များ*

၁၉၆၂ခုနှစ်မှာ အာဏာသိမ်းခြင်းကို ခေါင်းဆောင်တဲ့ ဗိုလ်နေဝင်းဟာ ၁၉၆၃ ဇွန်လတစ်ရက်မှာ စီးပွားရေးလုပ်ငန်းများ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေကို ထုတ်ပြန်ခဲ့ပြီး၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းပေါင်း (၁၅၀၀၀) ကျော်ကို ပြည်သူပိုင်သိမ်းပါတယ်။ ၁၉၆၄ သြဂုတ်လမှာတော့ နိုင်ငံအနှံ့က အခြေခံစက်မှုလုပ်ငန်းငယ်များကို ပြည်သူပိုင် သိမ်းပါတယ်။ လုပ်ငန်းကြီး လုပ်ငန်းငယ်တွေကို ပိုင်ဆိုင်သူအများစုဟာ အိန္ဒိယနဲ့ တရုတ်လူမျိုးတွေ ဖြစ်နေပါတယ်။ လုပ်ငန်းအမျိုးအစားအလိုက် ဗိုလ်ချုပ်၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ အရာခံ၊ အကြပ်တွေ ဉီးဆောင်ပြီး ပြည်သူပိုင် သိမ်းပါတယ်။ လုပ်လက်စလုပ်ငန်းတွေ အပ်ရသလို၊ ငွေတွေအပ်ရပါတယ်။ ကားရှိရင် ကားသော့အပ်ရပါတယ်။ အသာတကြည် မအပ်ဘူးဆိုရင် ပြင်းပြင်းထန်ထန် အရေးယူပါတယ်။ ဆွမ်းကြီးဝိုင်းလောင်းပွဲပမာ ဘယ်လောက်တောင် အဂတိလိုက်စားမလဲဆိုတာကို တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

အဲ့တုန်းက ရန်ကုန်လေဆိပ်နဲ့ ရန်ကုန်တက္ကသိုလ်ဟာ နိုင်ငံတကာအဆင့်မီပါတယ်။ ဘားလမ်းထိပ် မဟာဗန္ဓုလလမ်းပေါ်မှာ ရှိနေတဲ့ AYA ဘဏ်အဆောက်အဦဟာ နာမည်ကျော် ရိုး(Rowe) ကုန်တိုက်ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လန်ဒန်က နာမည်ကျော် ဟဲရပ်စ်(Harrods) ကုန်တိုက် နဲ့ ပမာနှိုင်းပြီး အရှေ့တိုင်းရဲ့ ဟဲရပ်စ် ကုန်တိုက်လို့ ပြောစမှတ်တွင်ခဲ့ပါတယ်။ မန္တလေး၊ ပုသိမ်၊ မော်လမြိုင်နဲ့ ပုသိမ်မြို့ကြီးတွေမှာလည်း ရိုးကုန်တိုက်ခွဲတွေ ရှိခဲ့ပါတယ်။

၁၉၆၂ခုနှစ် အာဏာသိမ်းတဲ့ဗိုလ်နေဝင်းဟာ စစ်တိုင်းမှူးတွေနဲ့ တော်လှန်ရေးကောင်စီကို ဖွဲ့စည်းပါတယ်။ ၁၉၇၄ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ထူထောင်ပါတယ်။ လမ်းစဉ်ပါတီက နိုင်ငံရေးပိုင်းကို တာဝန်ယူပြီး ကောင်စီအဆင့်ဆင့်ကတော့ အုပ်ချုပ်ရေး တာဝန်ယူပါတယ်။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ဟာ စစ်ဗိုလ်ချုပ်တွေသာကြီးစိုးခဲ့ပြီး နိုင်ငံရေးသမားတွေက အိမ်ဖြည့် သက်သက်ပါပဲ။ ၁၉၈၇ခုနှစ် အရောက်မှာတော့ စစ်ဗိုလ်ချုပ်များရဲ့ ကောင်းမှုကြောင့်ပဲ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) စာရင်းဝင်ကို ရောက်ခဲ့ရပါတော့တယ်။

၁၉၈၈ခုနှစ်မှာ ရှစ်လေးလုံးလူထု အရေးတော်ပုံ ပေါ်ပေါက်ခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။ အများသိကြတဲ့အတိုင်းပဲ လူထုပါဝင်မှုအား​ကောင်းခဲ့ပေမဲ့ နိုင်ငံရေးဉီးဆောင်ကြသူများရဲ့ စည်းလုံးညီညွှတ်မှု အားနည်းချက်ကို အမိအရဆုပ်ကိုင်ပြီး စစ်တပ် အာဏာသိမ်းခဲ့တာကို သတိပြုသင့်ပါတယ်။

အာဏာသိမ်းခြင်းကို အစပိုင်းမှာ ဗိုလ်စောမောင် ကာလတို ဉီးဆောင်ခဲ့ပြီး၊ ဗိုလ်သန်းရွှေ ကာချုပ်ဖြစ်လာချိန်မှာတော့ ရှေ့ထွက်ခြင်းသိပ်မရှိဘဲ သူ့အမာခံအင်အားကို ကျစ်လစ်အောင် တည်ဆောက်ခဲ့ပါတယ်။

ဒီနေရာမှာ ပြည်သူပိုင်သိမ်းခြင်းထက် အခွင့်ရေးပိုကောင်းတဲ့ ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးခြင်းကြောင့်ပဲ စီမံကိန်းတွေ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်ဗိုလ်ချုပ်တွေ လပိုင်း၊ နှစ်ပိုင်းအတွင်း ပိုင်ဆိုင်မှုကိုယ်စီနဲ့ သူဌေးတွေ ဖြစ်ကုန်ပါတော့တယ်။ဗိုလ်သန်းရွှေကြီးစိုးအုပ်ချုပ်တဲ့ လက်ထက်မှာ စစ်ဗိုလ်ချုပ်များဟာ အဂတိလိုက်စားမှုတွေကို တစ်ဗိုလ်ကျ တစ်ဗိုလ်တက်နဲ့ အလှည့်ကျ ပြုလုပ်ခဲ့ကြပါတယ်။

အာဏာ ၊အကျိုးစီးပွားကို အခြေခံတဲ့ စစ်ဗိုလ်ချုပ်တွေ ရင်ချင်းအပ်ချိန်မှာ ရင်ချင်းအပ်ကြသလို၊ ရင်ချင်းမအပ်နိုင်ကြတဲ့ အခြေအနေမှာလည်း ကျောချင်းကပ်ထားကြတယ်ဆိုတာကို သတိပြုဖို့လို ပါလိမ့်မယ်။စစ်တပ်အနေနဲ့ အာဏာလွန်ဆွဲမှုဖြစ်ပြီး သူ့အလိုလို ပြိုကျဖို့ဆိုတာ မဖြစ်နိုင်ဆုံးကိစ္စပါပဲ။  အာဏာရှင်ဆိုတာ အရှင်ထွက်ရိုးထုံးစံ မရှိသလို၊ ဘယ်သောအခါမှ သူ့တို့မှားပါတယ်လို့  ဝန်ချရိုးထုံးစံ မရှိခဲ့ပါဘူး။ အုပ်စုချင်းအာဏာပွတ်တိုက်မှုတွေ ၊ အရေးနိမ့်တာမျိုးတွေ၊ အရေးသာတာမျိုးတွေနဲ့ အလှုပ်အခတ်တွေ ရှိနိုင်ပေမဲ့ ထူခြားတဲ့ ပြုပြင်ပြောင်းလဲမှုမျိုးကိုတော့ ဘယ်စစ်ဗိုလ်ချုပ်ကမှ လုပ်မှာ မဟုတ်ပါဘူး။

* ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်တို့နှစ်ဉီးသာကွက်ပြီး အဂတိလိုက်စားတာမျိုးလား *

၁၉၆၂ခုနှစ် အာဏာရှင်ဗိုလ်နေဝင်းနေရာကို ၁၉၈၈မှာ အာဏာသိမ်းတဲ့ ဗိုလ်သန်းရွှေကဆက်ခံပါတယ်။ ဗိုလ်သန်းရွှေပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ လုပ်ပိုင်ခွင့်အာဏာ အများဆုံးရရှိသူ ကာကွယ်ရေးဉီးစီးချုပ်အဖြစ် ဗိုလ်မင်းအောင်လှိုင်က ဆက်ခံပြီး ၂၀၂၁ခုနှစ် အာဏာသိမ်းခြင်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာရော ၁၉၈၈ခုနှစ် အာဏာသိမ်းပြီး စစ်ကောင်စီကို ဖွဲ့တဲ့နေရာမှာ စစ်တိုင်းမှူးတွေကို အခြေခံပြီး ဖွဲ့ပါတယ်။ အရပ်သားမပါသလောက်ပါပဲ။ ၂၀၂၁ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ စစ်တိုင်းမှူးတွေမပါဝင်သလို ကစထမှူးအဆင့်များကိုပင် နစကမှာ ထည့်သွင်းခဲ့ခြင်း မရှိပါဘူး။

အာဏာသိမ်းပြီးနောက်မှာ နကစ လို့ခေါ်တဲ့ စစ်ကောင်စီ၊ စစ်ခေါင်းဆောင်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူတဲ့ အစိုးရအဖွဲ့နဲ့ ကြည်း၊ ရေ၊ လေ စစ်ခေါင်းဆောင်တွေ ပါဝင်တဲ့ စစ်တပ်အဖွဲ့ စတဲ့အသွင်သဏ္ဍာန် ၃မျိုးနဲ့ အုပ်ချုပ်ခဲ့သလို လူစာရင်းကလည်း ၃နေရာလုံးမှာ မငြိမ်သေးဘဲ လူပြောင်းလူလွှဲတွေ များခဲ့ပါတယ်။ နေရာအတည်ငြိမ်ဆုံးသူတွေကတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စရဖညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲဝင်းဉီး၊ စစ်ခေါင်းဆောင်ရဲ့ အထူးအကြံပေး ဒုဗိုလ်ချုပ်ကြီးညိုစောနဲ့ စစ်ခေါင်းဆောင်ရဲ့ ညာလက်ရုံး စစ်ဉီးစီးအရာရှိချုပ်(ကြည်း) ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တို့ပဲဖြစ်ပါတယ်။

ထိန်းသိမ်းစစ်ဆေးခြင်းခံရတဲ့ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နေရာကို ဆက်ခံနိုင်တဲ့သူလို့ သတင်းကြီးနေသူပါ။ စစ်တက္ကသိုလ် အပတ်စဉ်၃၀ဆင်း ဖြစ်သလို စစ်ခေါင်းဆောင်ရဲ့ ချီးမြှင့်စောင်မမှုကြောင့်ပဲ ၂၀၁၇ ခုနှစ်ကစတင်ကာ ဒုဗိုလ်ချုပ်ကြီးရာထူးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရရှိခဲ့သူပါ။ ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်မှာလည်း သမ္မတအိမ်တော်ကို ဝင်ရောက်စီးနင်းရာမှာ ဉီးဆောင်သူဖြစ်သလို သမ္မတကြီး ဉီးဝင်းမြင့်ကိုလည်း ခြိမ်းခြောက် အကျပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။စစ်တပ်ရဲ့ အင်္ဂါစဉ် နံပါတ်၆မှာ ရှိနေသူဖြစ်တဲ့အလျောက် အမေရိကန်ဒေါ်လာ ၄၀၀၀တန်ကြေးရှိတဲ့ ကော့ညက်အရက်ကို ကြိုက်တတ်သူပါ။ စီးပွားရေးလုပ်ငန်းရှင်တွေ ကြားမှာတော့ စူပါဗိုလ်ချုပ်လို့ ကျော်ကြားသူလည်းဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ဖြစ်သူက အဓိကကျတဲ့စီးပွားရေးကို ဉီးဆောင်ခိုင်းတာကလည်း အကြောင်းရှိပါတယ်။ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း အနေနဲ့ နဝတ/နအဖ စစ်အစိုးရ ဒုတိယခေါင်းဆောင်ဖြစ်သူ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ ကိုယ်ရေးအရာရှိလုပ်လို့ပါပဲ။ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး ကုန်သွယ်ရေးကောင်စီဥက္ကဋ္ဌ တာဝန်ယူခဲ့တာကြောင့် မိုးမြင့်ထွန်းမှာ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များနဲ့ ရင်းနှီးပြီးသားသူ ဖြစ်နေပါတယ်။ဒါကြောင့်ပဲ စစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၊ ရင်းနှီးမြှပ်နှံမှုကော်မရှင်၊ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးကော်မတီတို့မှာ ဥက္ကဋ္ဌနေရာ ပေးခဲ့တာဖြစ်ပါတယ်။

သူနဲ့တွေ့ချင်တဲ့စီးပွားရေးသမားတိုင်းဟာ ဒေါ်လာ အမြောက်အမြားလာဘ်ပေးရသလို၊  ရွှေထည်၊နာရီနဲ့ တန်ဖိုးကြီးအမှတ်တံဆိပ်လက်ဆောင်ပစ္စည်းများပေးရတယ်လို့ နာမည်ကြီးပါတယ်။ သူ့ကိုဖယ်ရှားပစ်တာဟာ အဂတိလိုက်စားတာတစ်ခုတည်းကြောင့်လို့ မထင်ပါဘူး။ စစ်ခေါင်းဆောင်အပါအဝင် ဗိုလ်ချုပ်ကြီးငယ်ဟူသမျှဟာ သူ့အတိုင်းအတာနဲ့သူ အဂတိနဲ့ကင်းသူ မရှိကြပါဘူး။  စစ်အာဏာမသိမ်းခင်ကတည်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နည်းတူ မိသားစုပိုင်ကုမ္ပဏီများထောင်ကာ စီးပွားရေးသောင်းကျန်းလွန်းတဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ကြောင်း  အားလုံးက သိနေကြပါတယ်။

 ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်မှာ OTSအပတ်စဉ် ၆၄ ဆင်းဖြစ်ပြီး ၊ နဝတခေတ်စစ်ကောင်စီအတွင်းရေးမှူး( ၂  )ဗိုလ်ချုပ်ကြီးတင်ဉီးနဲ့အတူ  လေယာဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့တဲ့  ဗိုလ်ချုပ်လွန်းမောင်ရဲ့ သားဖြစ်ပါတယ်။ စစ်ဘက်ရေးရာ အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပြီး အာဏာမသိမ်းခင်မှာပင် ပြည်ထဲရေးဝန်ကြီးအဖြစ် မင်းအောင်လှိုင်ကိုယ်တိုင် အမည်စာရင်းတင်သွင်းလို့ ခန့်ခဲ့တာဖြစ်ပါတယ်။ စရဖချုပ်ဖြစ်ချိန်ကတည်းက မိသားစုပိုင်ကုမ္ပဏီများစွာထောင်ပြီး စီးပွားရေးလုပ်သူဖြစ်သလို၊ဉီးပိုင်မှာလည်းရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့ကို ကြိုးပေးရာမှာ ဉီးဆောင်စီမံခဲ့သူလည်း ဖြစ်ပါတယ် ။စစ်ခေါင်းဆောင်ရဲ့ အားကိုးယုံကြည်ရသူဖြစ် လင့်ကစား ကျန်းမာရေး အကြောင်းပြချက်နဲ့ ပြည်ထဲရေးဝန်ကြီးကနေ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်ထားခြင်းခံရပါတယ်။

သူတို့၂ဉီးဟာ ပထမဆုံးအရေးယူခြင်းခံရတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ မဟုတ်ကြပါဘူး။ သူတို့အရင်ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ဖြစ်သူ ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်၊ ကာကွယ်ရေးဉီးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်တို့လည်း အရေးယူအနားပေးခြင်း ခံရဖူးပါတယ်။

* ရင်ချင်းမအပ်နိုင်ကြတော့သည့်တိုင် ကျောချင်းကပ်ထားရသည့် စစ်ဗိုလ်ချုပ်များ *

ဒုဗိုလ်ချုပ်ကြီးမိုးးမြင့်ထွန်းကို ဖမ်းဆီးစစ်ဆေးတဲ့ သတင်းများထွက်ခဲ့ပြီးနောက် စီးပွားရေးနဲ့ပတ်သက်တဲ့ ဥက္ကဋ္ဌတာဝန်များကို ဗိုလ်ချုပ်ကြီး မြထွန်းဉီးက လွဲပြောင်းယူပါတယ်။ဗိုလ်ချုပ်ကြီးမြထွန်းဉီးဟာ အာဏာမသိမ်းခင်က ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေး တာဝန်ကိုယူခဲ့သူဖြစ်ပြီး စစ်တပ်ရဲ့ အင်္ဂါစဉ်နံပါတ်၃ ဖြစ်ပါတယ်။အာဏာရှင်ဟောင်း ဉီးသန်းရွှေကိုယ်တိုင် ကာချုပ်အဖြစ်လျာထားခြင်းခံရဖူးသူဖြစ်ကြောင်းလည်း သတင်းထွက်ခဲ့ပါသေးတယ်။ အာဏာသိမ်းလိုက်တဲ့ အချိန်မှာတော့ ကာကွယ်ရေးဝန်ကြီးဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ တစ်လကျော်အချိန်မှာပဲ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်ထားခြင်းခံရတာပါ။

စက်တင်ဘာ ၂၅ရက် စစ်ကောင်စီကိုပြန်လည်ပြင်ဆင်ဖွဲ့စည်းရာမှာတော့ ဗိုလ်ချုပ်ကြီးမြထွန်းဦး ပါဝင်လာခဲ့သလို ၊ သူဟာ ဘေဂျင်းမှာကျင်းပတဲ့ ကမ္ဘာ့ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေးဖိုရမ်တက်ရောက်ဖို့ တရုတ်နိုင်ငံရောက်ရှိနေချိန်နဲ့လည်း သွားပြီးတိုက်ဆိုင်နေပါတယ်။ဗိုလ်ချုပ်ကြီးမြထွန်းးဦးဟာ DSAအပတ်စဥ်၂၅ဆင်းဖြစ်ပြီး စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်တာဝန်ကို  ယူခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့ ပြည်ထဲရေးနေရာကိုအစားထိုးဝင်လာသူကတော့ DSAအပတ်စဥ် ၂၂ဆင်း ဒုဗိုလ်ချုပ်ကြီးရာပြည့်ပါ။ သူဟာအမျိုးသားစည်းလုံညီညွတ်ရေးနှင့်ငြိမ်းချမ်းမှုဖော်ဆောင်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရဝန်ကြီးအဖွဲ့ရုံး ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။နဝတခေတ် ရထားဝန်ကြီးဖြစ်ခဲ့သူ ဦးဝင်းစိန်ရဲ့ သားမက်လည်းဖြစ်ပါတယ်။ သူအနေနဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့စစ်ကောင်စီမှာ ပါလာခဲ့ပေမဲ့ ဒုဝန်ကြီးချုပ်ရာထူးကိုတော့ ပေးအပ်ခံရခြင်း မရှိပါဘူး။

ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့ ဒုဗိုလ်ချုပ်ကြီးရာပြည့်တို့ နေရာပြန်ရတာရော၊ ဦးသန်းရွှေ နိုင်ငံခြားရေးဝန်ကြီးဖြစ်လာတာကို ကြည့်ပြီး အာဏာရှင်ဟောင်းဦးသန်းရွှေရဲ့ လူရင်းတွေဖြစ်ကြောင်းနဲ့ ထင်တိုင်းကြဲနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အာဏာစက်ဝန်းကို ထိန်းညှိခြင်းဖြစ်တယ်လို့ ကောက်ချက်ချကြပါတယ်။

ဒီလိုအခြေအနေဟာ ထူးခြားလွန်းတဲ့ အခြေအနေတစ်ခုတော့ မဟုတ်ပါဘူး။ နဝတ/ နအဖ ခေတ်တည်းက ဗိုလ်သန်းရွှေလူ ၊ဗိုလ်မောင်အေးလူဆိုပြီး  အာဏာခွဲဝေမှုအုပ်စုက ရှိနေပြီးသားပါ။ အာဏာရှင်ဟောင်းဦးနေဝင်းလက်ထက်ကတည်းက စစ်ခေါင်းဆောင်တွေကြား  အုပ်စုအားပြိုင်မှုတွေ၊ဖြုတ်ထုတ်ပယ်ခြင်းတွေ ရှိနေခဲ့တာမျိုးပါ။

စစ်တပ်ထိပ်ပိုင်းအက်ကြောင်းဖြစ်တာ အမြဲတမ်းဖြစ်လေ့ဖြစ်ထရှိတဲ့ ယဉ်ကျေးမှုပါပဲ။အာဏာ ၊အကျိုးစီးပွားကို အခြေခံတဲ့ စစ်ဗိုလ်ချုပ်တွေ ရင်ချင်းအပ်ချိန်မှာ ရင်ချင်းအပ်ကြသလို၊ ရင်ချင်းမအပ်နိုင်ကြတဲ့ အခြေအနေမှာလည်း ကျောချင်းကပ်ထားကြတယ်ဆိုတာကို သတိပြုဖို့လိုပါလိမ့်မယ်။

စစ်တပ်အနေနဲ့ အာဏာလွန်ဆွဲမှုဖြစ်ပြီး သူ့အလိုလို ပြိုကျဖို့ဆိုတာ မဖြစ်နိုင်ဆုံးကိစ္စပါပဲ။
အာဏာရှင်ဆိုတာ အရှင်ထွက်ရိုးထုံးစံ မရှိသလို၊ ဘယ်သောအခါမှ သူ့တို့မှားပါတယ်လို့  ဝန်ချရိုးထုံးစံ မရှိခဲ့ပါဘူး။ အုပ်စုချင်းအာဏာပွတ်တိုက်မှုတွေ ၊ အရေးနိမ့်တာမျိုးတွေ၊ အရေးသာတာမျိုးတွေနဲ့ အလှုပ်အခတ်တွေ ရှိနိုင်ပေမဲ့ ထူခြားတဲ့ပြုပြင်ပြောင်းလဲမှုမျိုးကိုတော့ ဘယ်စစ်ဗိုလ်ချုပ်ကမှ လုပ်မှာ မဟုတ်ပါဘူး။ 

အနီးကပ်ဆုံး သမိုင်းကိုပြန်ကြည့်ရင် ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွှန့်တို့ပေါင်းပြီး ဗိုလ်ထွန်းကြည်၊ ဗိုလ်ကျော်ဘတို့လူစုကို ဖြုတ်ထုတ်ပါတယ်။ နောက်တော့ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေးနဲ့ အာဏာဓားထက်လာတဲ့ဗိုလ်ခင်ညွှန်ရဲ့ ထောက်လှမ်းရေးအုပ်စုတို့ အာဏာလွန်ဆွဲပွဲ အကြီးအကျယ်ဖြစ်ကြပါတယ်။ အားလုံး အေးအေးဆေးဆေး ပြီးခဲ့တာချည်းပါပဲ။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ သူရရွှေမန်းတို့လည်း မသင့်မမြတ် ဖြစ်ခဲ့ကြတာပဲ မဟုတ်ပါလား။ အခုလည်း ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို မူလစစ်ဘက်တာဝန်တွေ ပြန်ထမ်းဆောင်ဖို့ တရားဝင်ကြေညာချက် ထုတ်ပါတယ်။ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း စစ်ကောင်စီမှာ ပြန်မပါလာခဲ့သလို သူ့တာဝန်များကိုလည်း အစားထိုး တာဝန်ပေးတာမျိုးပဲ တွေ့ရသေးပါတယ်။ဘာဆက်လုပ်မယ်ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

စစ်တပ်ဟာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ရင်းက စစ်သားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်တွေ ပျောက်ဆုံးကုန်ပါတယ်။ ကိုယ်ကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် လက်ဝါးကြီးအုပ် စစ်ဝါဒ ရေရှည်တည်တံ့ရေးကို ရှေးရှုကာ ဆောင်ရွက်နေကြခြင်းသာ ဖြစ်ပါတော့တယ်။

ဒေါင်းသွေး

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)