အသံဆောင်းပါး နားဆင်ရန်
သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ- ဟူသော ကြွေးကြော်သံဖြင့် ထွက်ခွာသွားကြသူများ အနေဖြင့် ခုခံတော်လှန်ရေးစစ်ပွဲ ဆင်နွဲခဲ့ကြသည်။ ရက်စက်မှုများ၊ တရားမဲ့မှုများမှတဆင့် ပေါ်ပေါက်လာသော နာကြည်းမှုများ မုန်းတီးမှုများဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်။ PDF/ LDF များစွာသည် ကိုယ့်ဒေသကိုယ့်အရပ်များတွင် ကိုယ့်တာဝန်ကိုယ်ယူကာ တိုက်ပွဲဝင်နေကြသည်။ သို့သော်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်စုနှင့်တစ်စု နိုင်ငံရေးအရ စုစည်းနိုင်မှု မရှိကြပေ။ ဦးဆောင် အစိုးရဟူသော NUG သည်ပင်လျှင် စုစည်းနိုင်စွမ်း မရှိခဲ့ပေ။ NUG ၏ ထောက်ပံ့နိုင်စွမ်း အားနည်းခြင်း၊ ဆက်သွယ်နိုင်စွမ်း မရှိမှုနှင့် သူ့လူကိုယ့်လူ ခွဲခြားခြင်းများကြောင့် အကန့်အသတ်ရှိနေသည်ဟုလည်း ဆိုကြပါသည်။ သို့ဆိုပါလျှင် NUG သည် တော်လှန်ရေးဦးဆောင်သည့် အစိုးရလား၊ အုပ်ချုပ်ရေးကို ဆောင်ရွက်သည့် အစိုးရလား ကွဲကွဲပြားပြား မရှိဟုဆိုကြပြန်သည်။ စစ်တပ်ကို မုန်းတီးနေသော ပြည်သူအများ၏ ထောက်ခံမှုများရှိနေသေး၍ တော်တော့သည်။ မကြာမတင်ကာလက CWC ၏ ထုတ်ပြန်ချက်အရ မြန်မာ့နိုင်ငံရေးတွင် DAASK ၏ အခန်းကက္ဍကို ချန်လှပ်ထား၍မရကြောင်း ထုတ်ပြန်ခဲ့ရာ ဆွေးနွေးရေးကိစ္စအား လက်ခံသကဲ့သို့ နားလည်ရပါသည်။ ထို့အပြင် အဆိုပါဆွေးနွေးပွဲအတွက် DAASK ကို တာဝန်ပေးလိုက်သကဲ့သို့ ဖြစ်နေခဲ့ပါသည်။
ယနေ့ အခြေအနေမှာ SAC အစိုးရတွင်၎င်း၊ NUG အစိုးရတွင်၎င်း နှစ်ဖက်စလုံးတွင် အကျပ်အတည်းများနှင့် ရင်ဆိုင်နေ ရသည်ဟု ဆိုနိုင်ပါသည်။ SAC အနေဖြင့် အစိုးရ ယန္တရားများကို ပုံမှန်လည်ပတ်နိုင်စွမ်း ရှိမနေသေးပေ။ အစိုးရ အဆက်ဆက်၏ အကြွေးနွံထဲက ရုန်းထွက်ဖို့ပင် အတော်ကြိုးစားနေရသည်။ ဥပမာ အားဖြင့် မြင်းခြံသံမဏိစက်ရုံအပြင် ၎င်းနှင့်ဆက်စပ်မှုရှိသည့် ပင်းပက်သံသတ္တုတွင်းများအတွက် တရုတ်အစိုးရထံမှ ချေးယူထားသောချေးငွေ၏ အတိုးများမှာ ကြောက်ခမန်းလိလိ ဖြစ်နေ၍ အတော်ကိုရုန်းကန်နေရသည်ဟု သိရသည်။ ဝန်ထမ်းသပိတ်ပြဿနာ၊ လျှပ်စစ် မလုံလောက်မှု ပြဿနာ၊ ကျပ်ငွေဖေါင်းပွလွန်းနေပြီး နိုင်ငံခြားငွေ မလုံလောက်သည့်ပြဿနာ စသဖြင့် ပြဿနာများစွာကို ရင်ဆိုင်နေရသည်။ မည်သည့်နိုင်ငံခြားတိုင်းပြည်ကမျှ ထောက်ပံ့မှု တိတိကျကျ ရှိမနေပေ။ ခုခံတော်လှန်ရေး တပ်ဖွဲ့များ ၏ နှောင့်ယှက်ဟန့်တားမှုများကြောင့်လည်း ပိုပြီး အခက်အခဲ ဖြစ်စေသည်။
NUG ဖက်သို့ ကြည့်ပြန်လျှင် နိုင်ငံတကာ ထောက်ပံ့မှုများသည် ယခင် NCGUP အစိုးရတုန်းကလို ထောက်ပံ့မှုမျိုး မရှိပေ။ US အစိုးရ၏ NDAA ထောက်ပံ့မှုသည်လည်း အားကိုးနိုင်ဖွယ် မရှိပေ။ အဓိက မှီခိုနေရသည်မှာ ၁၉၈၈-ကတည်းက ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြပြီး အလုပ်အကိုင် ရနေကြသည့် မြန်မာပြည်သားများ၏ အဝေးရောက် ထောက်ပံ့မှုကိုသာ အဓိက အားထားနေရသည်ဟု ဆိုပါသည်။ နေရာအနှံ့ ပြန့်ကြဲနေသော PDF/ LDF များကိုလည်း အပြည့်အဝ ထောက်ပံ့နိုင်ခြင်း မရှိသောကြောင့် သူ့လူကိုယ့်လူ ခွဲခြားသည်ဟူသော အပြစ်တင်မှုများကို ခံနေရပြီး တစ်စုတစ်စည်းထဲဖြစ်အောင် မစွမ်းဆောင်နိုင်သေးပေ။ ထို့အပြင် လက်နက်အပြည့်အစုံဖြင့် စုဖွဲ့မှုကောင်းသည့် EROs တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များကိုလည်း နှစ်ဖက်သဘောတူညီမှုရအောင် မစွမ်းဆောင်နိုင် သေးပေ။ EROs များနှင့် ဆွေးနွေးရန်မှာ နိုင်ငံရေးမူဝါဒ ပြည်စုံခိုင်မာနေဖို့ လိုအပ်ပါသည်။ EROs များမပါဘဲ တော်လှန် ရေးအပြည့်အဝ အောင်မြင်ရန် မလွယ်ကူပါ။ လက်နက်ကိုင်တိုက်ပွဲများသည် ရန်သူအား စားပွဲဝိုင်းသို့ ရောက်ရှိလာ အောင် ဖိအားပေးသောလုပ်ငန်းသာဖြစ်ပြီး နောက်ဆုံးတစ်နေ့တွင် နိုင်ငံရေးကိစ္စသည်သာ အဆုံးအဖြတ်ဖြစ်လာပါ လိမ့်မည်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ – စသော လှုံ့ဆော်မှုများသည် လက်တွေ့တွင် အလုပ်မဖြစ်နိုင်ပါချေ။
NUG အဖို့ အထူးစဉ်းစားရန်မှာ အကယ်၍များ တော်လှန်ရေး အောင်မြင်ခဲ့သည်ရှိသော် မြေပြန့်ဒေသများတွင်သာ အောင်မြင်နိုင်ပါမည်။ တောင်ပေါ် ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်များသည် တော်လှန်ရေးအောင်မြင်သည့် ဒေသများအဖြစ် သတ်မှတ်နိုင်မည် မဟုတ်ပါချေ။ အခက်အခဲ မှာ NUG တွင် ခေါင်းဆောင်နေကြသော ဒီချုပ်ပါတီဝင်များသည် မိမိတို့၏ မူလပါတီတွင်းရှိစဥ်ကတည်းက ပါတီ ခေါင်းဆောင်များ၏ ထိပ်တန်းနိုင်ငံရေးပေါ်လစီများနှင့် ပတ်သက်၍ ပါဝင်ခွင့်၊ စဉ်းစားခွင့်၊ လေ့ကျင့်ခွင့်များ မရှိခဲ့ဘဲ ခေါင်းဆောင်၏ လမ်းညွှန်ချက်များအတိုင်းသာ လုပ်ကိုင်တတ်သောသူများ ဖြစ်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း DASSK ၏ လမ်းညွှန်မှုကိုသာ မျှော်လင့်နေကြရသည့် အခြေအနေဟု ဆိုကြပါသည်။
အိမ်နီးချင်းဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့၏ စွက်ဖက်မှု အနည်းငယ်စီ ရှိကြသော်လည်း ထွက်လမ်းတွေ့သည် အထိတော့ မဖြစ်နိုင်သေးပါ။ အာစီယံ သဘောတူချက်ဖြစ်သည့် 5PC အကောင်အထည်ဖေါ်ရေးအတွက် အင်ဒိုနီးရှား၏ အားလုံးနှင့်တွေ့ဆုံမှုများသည် လက်ရှိကာလအတွက် ရှေ့တန်းရောက်နေသော်လည်း ခက်ခဲနေဆဲဖြစ်ပါသည်။ SAC ၏ နိုင်ငံခြားရေးဝန်ကြီးအသစ်အား အင်ဒိုနီးရှားသို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သလို အင်ဒိုနီးရှား၏ ကိုယ်စားလှယ်များသည်လည်း နေပြည်တော်သို့ လာရောက်ခဲ့သည် ဟုဆိုပါသည်။ အာစီယံထိပ်သီး အစည်းအဝေးများသို့ စစ်အစိုးရ၏ ကိုယ်စားလှယ်ကိုမူ ဖိတ်ကြားခြင်း မပြုခဲ့ပေ။ ထို့အပြင် အာစီယံအနေဖြင့် နှစ်ဖက်စလုံးအား အကြမ်းဖက်မှုများ ရပ်တန့်စေရန်မှာမူ ယနေ့အထိ သူတို့ မတတ်နိုင်ကြသေးပါ။
ကောင်းပါပြီ။ ယခုအခါ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် DASSK တို့တွေ့ဆုံကြသည့် သတင်းများတက်လာပါသည်။ သတင်းကို အတည်ပြုသည်ဟု ဆိုပါသည်။ NUG, PDF တို့ကို မထောက်ခံ/အားမပေးပါ။ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မပါတဲ့ တွေ့ဆုံဆွေးနွေးမှုကို လက်ခံသည် – စသော သတင်းစကားများသည် အတည်ပြုရန် ခက်ခဲသော်လည်း NUG, PDF များအဖို့ ရင်တုန်စရာ သတင်းများဖြစ်လာသည်။ အဆိုပါမှတ်ချက်မှာ မဟုတ်မမှန်လျှင် (သို့) စကားလုံး အသုံးအနှုန်းလွဲနေသည်ဟု ဆိုခဲ့လျှင် ဘာဖြစ်နိုင်ပါသနည်း။ လေ့လာမိသလောက် DASSK အနေဖြင့် အကျဉ်းသားဘဝဖြင့် နိုင်ငံရေးကိစ္စများကို ဆွေးနွေးလိမ့်မည် မဟုတ်ပေ။ အချို့သော နိုင်ငံတကာမှ ခေါင်းဆောင်များလာရောက်စဉ်က သူမနှင့်ပေးမတွေ့သောကြောင့် မတွေ့ခဲ့ရပါ – ဟူသော မှတ်ချက်များသည် အပြည့်အဝ မမှန်နိုင်ပါ။ မည်သည့် မှတ်ချက်မှ မပေးလိုသောကြောင့် သူမကိုယ်တိုင်က မတွေ့ခြင်း/ တွေ့ဆုံရန် ငြင်းဆန်ခြင်းလည်း ဖြစ်နိုင်ပါသည်။ သူမငြင်းဆိုတိုင်း စစ်အစိုးရကိုသာ ဝိုင်းအပြစ်တင်ကြခြင်းသည်လည်း သူမအတွက် အမြတ်ဖြစ်နေသည်။ အင်းလျား လမ်း အမှတ်-၅၄ သူမ၏နေအိမ်သို့ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂန်ဘာရီ ကိုယ်တိုင်လာရောက်တွေ့ဆုံစဉ်က အတွေ့မခံဘဲ ခြံတံခါးပင် ဖွင့်မပေးခဲ့သည့် ဖြစ်ရပ်ကို ပြန်လည်သတိရသင့်ပါသည်။ ယခုအခါ သူမ၏ နိုင်ငံရေးဆိုင်ရာ သဘောထားမှတ်ချက်မှာ အလိုအလျောက်အရေးပါလာခဲ့သည်ကို သူမအနေဖြင့် မသိဘဲ နေလိမ့်မည်မဟုတ်ပါ။
ယခုလို နှစ်ဖက်စလုံး ပိတ်မိနေသာ အခြေအနေမျိုးသည် အဖြေမှန်ကိုရှာဖွေတွေ့ရှိရန် အလွန်ခက်ခဲတတ်ပါသည်။ အထူးသဖြင့် မိမိကိုယ်မိမိသာ အားကိုးရမည့် အခြေအနေဖြစ်ပါသည်။ အတ္တာဟိ အတ္တနော နာထော မိမိကိုယ်ကို မိမိသာ အားကိုးရပါမည်။ အခြားမည်သည့်နိုင်ငံကိုမျှ အားကိုး၍ မရနိုင်ပါ။ ယခုအခါ မြန်မာပြည်၏ အခြေအနေမှာ စားဝတ်နေရေး ဒုက္ခဖြစ်သည့် အဆင့်အထိ ဆိုးဝါးလာနေပါသည်။ အဓိက ပြိုင်ဖက်များအဖို့ တစ်ဖက်နှင့် တစ်ဖက် အပြတ်ရှင်း အနိုင်ရဖို့ဆိုသည်မှာလည်း မမျှော်လင့်နိုင်ကြပါ။ နှစ်ဖက်စလုံးအတွက် Way Out ထွက်လမ်းလိုအပ်နေချိန် ဖြစ်ပါသည်။
အိမ်နီးချင်းဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့၏ စွက်ဖက်မှု အနည်းငယ်စီ ရှိကြသော်လည်း ထွက်လမ်းတွေ့သည် အထိတော့ မဖြစ်နိုင်သေးပါ။ အာစီယံ သဘောတူချက်ဖြစ်သည့် 5PC အကောင်အထည်ဖေါ်ရေးအတွက် အင်ဒိုနီးရှား၏ အားလုံးနှင့်တွေ့ဆုံမှုများသည် လက်ရှိကာလအတွက် ရှေ့တန်းရောက်နေသော်လည်း ခက်ခဲနေဆဲဖြစ်ပါသည်။ SAC ၏ နိုင်ငံခြားရေးဝန်ကြီးအသစ်အား အင်ဒိုနီးရှားသို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သလို အင်ဒိုနီးရှား၏ ကိုယ်စားလှယ်များသည်လည်း နေပြည်တော်သို့ လာရောက်ခဲ့သည် ဟုဆိုပါသည်။ Stakeholder အားလုံးနှင့်တွေ့ဆုံမှု ရှိခဲ့သည်။ EROs များ၊ NCA sign များ၊ နိုင်ငံရေးပါတီများ သူတို့ဖက်က တတ်နိုင်သမျှသော လက်လှမ်းမီသော အစုအဖွဲ့အားလုံးကို တွေ့ဆုံခဲ့သည်။ သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသော အာစီယံထိပ်သီး အစည်းအဝေးများသို့ စစ်အစိုးရ၏ ကိုယ်စားလှယ်ကိုမူ ဖိတ်ကြားခြင်း မပြုခဲ့ပေ။ ထို့အပြင် အာစီယံအနေဖြင့် နှစ်ဖက်စလုံးအား အကြမ်းဖက်မှုများ ရပ်တန့်စေရန်မှာမူ ယနေ့အထိ သူတို့ မတတ်နိုင်ကြသေးပါ။
ထိုင်းနိုင်ငံက ကြီးမှူးကျင်းပသည့် မြန်မာ့အိမ်နီးချင်းများ ပါဝင်သော Track 1.5 ဟုခေါ်သည့် တွေ့ဆုံပွဲသည် အာစီယံနှင့် မတူကွဲပြားပြီး မြန်မာနိုင်ငံကိုပါ ဖိတ်ကြားကာ တက်ရောက်လာသူများကို မြန်မာနိုင်ငံ၏ အခြေအနေများကို ရှင်းလင်းပြ စေခဲ့သည်။ ပထမ ထိုင်းတွင်ကျင်းပခဲ့ပြီး ဒုတိယအကြိမ် အိန္ဒိယနှင့် တတိယအကြိမ် လာအိုတွင် ကျင်းပမည်ဟု ဆိုသော်လည်း အရေးပေါ် ထိုင်းတွင်ကျင်းပဖြစ်သွားသည်။ ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သဘောတူညီချက်ဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် အာစီယံအစည်းအဝေး မစတင်မီနှစ်ရက်အလို နေပြည်တော်သို့ နေ့ချင်းပြန် သွားရောက်ကာ သူ့အနေဖြင့် DASSK နှင့်တွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုသည် SAC အတွက် ထွက်လမ်း တစ်ခုလည်း ဖြစ်လာနိုင်ပါသည်။ ထိုင်းအစိုးရနှင့် ပူးပေါင်းဖောက်လုပ်သော ထွက်လမ်းဟုလည်း ဆိုနိုင်ပါမည်။
အကယ်၍များ DASSK ၏ မှတ်ချက်များသည် မှန်ကန်ခဲ့မည်ဆိုပါက SAC သည် DASSK အား အကျဉ်းထောင်မှ ပြန်လည်လွတ်ပေးတော့မည် ဖြစ်ပါသည်။ DASSK ၏ မှတ်ချက်အတိုင်း သူမအနေဖြင့် NUG, PDF တို့ကို ဆန့်ကျင်ရ တော့မည်ဖြစ်ရာ စစ်အစိုးရ အနေဖြင့် လက်ပိုက်ကြည့်၍ အောင်ပွဲခံနေရုံ ဖြစ်လာပါလိမ့်မည်။ သို့သော် တော်လှန်ရေး တိုက်ပွဲဝင်နေကြသူများသည် နာကြည်းမှုများ၊ မုန်းတီးမှုများကို ဖြေလျော့ပေးရန် ခက်ခဲပါသည်။ DASSK ၏ သြဇာ သက်ရောက်မှုမှာ ယခုအခါ မသေချာလှပေ။ နေပြည်တော်မှ တိုးတိုးသန့်သန့်သတင်းများ၌ လာမည့် သြဂုတ်လ (၁) ရက်နေ့တွင် ကျရောက်သော ဓမ္မစကြာအခါတော်နေ့မှာ ကျင်းပမည့် SAC ခေါင်းဆောင်ကြီး၏ ဘုရားအနေကဇာပွဲတွင် DASSK တက်ရောက်မည်။ လွတ်ငြိမ်းခွင့် ပေးတော့မည် ဟူသော သတင်းများက ပျံ့လွင့်နေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးသည် ဇွန်၊ ဇွန်လိုင်လများတွင် ထူးခြားတတ်သည့် အလေ့များ ရှိနေရာ အထက်ဖေါ်ပြပါ သတင်းအရ DASSK အား လွတ်မြောက်ခွင့်ပေးမည်ဆိုသည့်သတင်းသည် သတင်းကောင်းလား/သတင်းဆိုးလား ဝေခွဲရန် ခက်ခဲနေပါသေးသည်။ လှုပ်လှုပ်ရှားရှားတော့ ဖြစ်နိုင်ပါသည်။ ထူးခြားချက်မှာ ယခင်ကာလတုန်းကလို DASSK အား နိုင်ငံတကာမှ လွတ်မြောက်ခွင့်ပေးရန် အပြင်းအထန်တောင်းဆိုမှုများ မရှိတော့ခြင်း ဖြစ်ပါသည်။
DASSK သည် ၂၀၁၂-တွင် ( ၂၂ ) နှစ်တိုင် တောင့်ခံခဲ့သော ၁၉၉၀-ပြည်နှစ် ရွေးကောက်ခံကိုယ်စားလှယ်များ ဆက်လက်တည်ရှိနေသည်ဟူသော နိုင်ငံရေးအယူအဆကို အဆစ်ချိုး ဂငယ်ကွေ့ ကွေ့ခဲ့ဖူးပါသည်။ ၂၀၁၆-နိုင်ငံတော် အတိုင်ပင်ခံဘဝတွင်လည်း ရွေးကောက်ပွဲ ကတိကဝတ်များကို တမင်မေ့ထားဖူးပါသည်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကြီးကိုပင် လျစ်လျူရှုထားခဲ့သူ ဖြစ်ပါသည်။ အသက်ပေး ဘဝပေး၍ တော်လှန်နေကြသူများအဖို့ သတိပြုစရာ ကြိုတင်စဉ်းစား ပြင်ဆင်ထားဖို့လိုမည် ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အကျဉ်းသားဘဝမှ လွတ်မြောက်မှုသည် တဖက်ဖက်အတွက် အသည်းကွဲဇာတ်လမ်း ဖြစ်လာနိုင်သောကြောင့် ဖြစ်ပါသည်။
မည်သို့ပင်ဆိုစေ မြန်မာ၏ ရှေ့ခရီးသည်ကား ရှည်ကြာနေပါအုန်းမည်။ ယနေ့အထိ မည်သည့်ဆေးဖြင့် ကုသ၍ မရနိုင်သေးဟု ယူဆမိပါသည်။ နောက်ဆုံးတစ်နေ့တွင်မတော့ ပြည်သူလူထုကြီး တစ်ရပ်လုံးက ပါဝင်ဆုံးဖြတ်ပေးရမည့် အချိန်သည် မလွဲမရှောင်သာ ရောက်ကောင်းရောက်ရှိလာနိုင်ပါသည်။
ဉာဏ်လင်း