အားလုံးသဘောတူညီသော ဖက်ဒရယ်ဖွဲ့စည်းပုံတစ်ခု ရေးဆွဲရန်မှာ နိုင်ငံအတွင်းရှိ မဖြစ်မနေပါဝင်ရမည့် အစုအဖွဲ့များသဘောတူညီမှသာ ဖြစ်နိုင်မည်။ အစုအဖွဲ့များဆိုရာတွင် လက်ရှိစစ်တပ်သည်လည်း အစုအဖွဲ့တစ်ခု အဖြစ်သတ်မှတ်ရန်လိုအပ်သည်။ နွေဦးတော်လှန်ရေးအလုံးစုံ အောင်မြင်သည့် တိုင်အောင် ခေါင်းဆောင်များသာ ပြောင်းလဲသွားမည် တပ်မတော်ဆိုသော အစုအဖွဲ့သည် ကျန်ရှိနေမှာသာ ဖြစ်သည်။
အနာဂတ် ဖက်ဒရယ်နိုင်ငံအတွက် မြန်မာအပါအဝင် တိုင်းရင်းသားအားလုံးအနေဖြင့် ဘုံတူညီနိုင်သော အခြေအနေတစ်ခုကို တစ်ဦးနှင့်တစ်ဦး ကျေကျေလည်လည် ညှိနှိုင်းရှာဖွေနိုင်မှသာ စစ်မှန်သော ဖက်ဒရယ် နိုင်ငံတစ်ခုကို မျှော်မှန်းနိုင်မည်ဖြစ်ပြီး စစ်အာဏာရှင်၏ လွှမ်းမိုးမှုကို ထာဝရပယ်ဖျက်နိုင်မည် ဖြစ်သည်။ သို့မဟုတ်ပဲ တိုင်းရင်းသားများ အင်အားစုများကလည်း ဖက်ဒရယ်ဆိုသော်ငြား သီးခြားနိုင်ငံနီးပါး အခွင့်အရေး ရလိုမှုနှင့် မြန်မာနိုင်ငံရေးအင်အားစုများ အဓိကအားဖြင့် ပြည်သူလူထု ထောက်ခံမှု အပြည်အဝရရှိထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လည်း အတူတကွ ပေါင်းစည်းသော (Coming together) ဖက်ဒရယ်နိုင်ငံ ထူထောင်ရမည်ဆိုသော အယူအဆအစား လူမျိုးကြီးမြန်မာများမှ စုစည်းတည်ထောင်သော၊ လုပ်ပိုင်ခွင်များခွဲဝေပေးသော (Holding together) ဖက်ဒရယ်ပုံစံထူထောင်မည် ဆိုပါက ဗမာပြည်တွင် တိုင်းရင်းသားများနှင့် ဖြစ်ပေါ်နေသော ပဋိပက္ခများသည် မည်သည့် အချိန်မှ ပြီးဆုံးတော့ မည်မဟုတ်ပါ။ နောက်ဆုံးတွင် မြန်မာနိုင်ငံ၏ အခိုင်မာဆုံးသော အင်စတီကျူးရှင်းတစ်ခု ဖြစ်နေသည့် စစ်တပ်၏ လွှမ်းမိုးချုပ်ကိုင်မှုကိုသာ ခံရမည်ဖြစ်ပြီး စစ်တစ်ပိုင်း ဒီမိုကရေစီသာ အမြင့်ဆုံးရမည့် အခြေအနေကို ရောက်ရှိသွားမည်ဖြစ်သည်။
မတူကွဲပြားသော တိုင်းရင်းသားများ စုပေါင်းနေထိုင်သော မြန်မာနိုင်ငံကို စုစည်းညီညွတ်စွာ ပြန်လည်တည်ဆောက်ရန်အတွက် အားလုံးပါဝင်သဘောတူသော ဖက်ဒရယ်ဖွဲ့စည်းပုံတစ်ခု ရေးဆွဲရန်မှာ မဖြစ်မနေလိုအပ်သော အရာဖြစ်သည်။ ထိုကဲ့သို့ အားလုံးသဘောတူညီသော ဖက်ဒရယ်ဖွဲ့စည်းပုံတစ်ခု ရေးဆွဲရန်မှာ နိုင်ငံအတွင်းရှိ မဖြစ်မနေပါဝင်ရမည့် အစုအဖွဲ့များသဘောတူညီမှသာ ဖြစ်နိုင်မည်။ အစုအဖွဲ့များဆိုရာတွင် လက်ရှိစစ်တပ်သည်လည်း အစုအဖွဲ့တစ်ခုအဖြစ် သတ်မှတ်ရန်လိုအပ်သည်။ နွေဦးတော်လှန်ရေးအလုံးစုံ အောင်မြင်သည့်တိုင်အောင် ခေါင်းဆောင်များသာ ပြောင်းလဲသွားမည် တပ်မတော်ဆိုသော အစုအဖွဲ့သည် ကျန်ရှိနေမှာသာ ဖြစ်သည်။
တိုင်းရင်းသားများ၏ အနာဂတ် ဖက်ဒရယ်စနစ်အတွက် နိုင်ငံတော်ကို ဖွဲ့စည်းတည်ဆောက်ရန် တောင်းဆိုထားသော အချက်များကို လေ့လာမည်ဆိုပါက တန်းတူရည်တူ အာဏာခွဲဝေထားသော နိုင်ငံတော်တစ်ခု တည်ဆောက်ရန် ဖြစ်သည်။ ၎င်းတန်းတူရည်တူ ဆိုသောအချက်တွင် မြန်မာလူမျိုးများ အနေဖြင့် ယခုလက်ရှိ ဖွဲ့စည်းထားသော တိုင်းဒေသကြီး(၇) ခုအစား မြန်မာပြည်နယ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ပြည်နယ်များကို မဖြစ်မနေ ဖွဲ့စည်းရန် လိုအပ်သည်။ ပြည်နယ်များ၏ နယ်နမိတ် သတ်မှတ်ချက်များကိုလည်း သေချာစွာပြန်လည် စဉ်းစားသုံးသပ်ဆွေးနွေးရန် လိုအပ်သည်။ အစိုးရအဆင့်ကို နှစ်ဆင့် သို့မဟုတ် သုံးဆင့် ထားမလားဆိုတာ ထည့်သွင်းစဉ်းစားရပါမည်။ တိုင်းရင်းသားဒေသ အသီးသီးတွင် မျိုးနွယ်စုအလိုက် စုပေါင်းအခြေချ နေထိုင်လာသော မတူကွဲပြားသည် မျိုးနွယ်စုများ ရှိသည့်အတွက် ၎င်းမျိုးနွယ်စုများ၏ သဘောထားကို လေ့လာဆန်းစစ် ရယူရန် လိုအပ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ဖက်ဒရယ်ဖွဲ့စည်းပုံနှင့်အတူ သက်ဆိုင်ရာ ပြည်နယ်များတွင်ဖွဲ့စည်းပုံများ သီးခြားရေးဆွဲရန်နှင့် ကြွင်းကျန်အာဏာကို ပြည်နယ်များသို့ပေးရန် လိုလားသည့်အတွက် အာဏာခွဲဝေ စီရင်နိုင်မှုကို အသေးစိတ်ဆွေးနွေးရမည် ဖြစ်သည်။ ၎င်းအချက်နှင့် အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဖက်ဒရယ်နှင့်ပြည်နယ်၊ ပြည်နယ်အချင်းချင်း အငြင်းပွားမှုများ ပေါ်ပေါက်လာပါက မည်သည့်တရားရုံးက ဖြေရှင်းရမည်၊ ၎င်းကို မည်ကဲ့သို့ ဖွဲ့စည်းရမည်ကို ထပ်မံဆွေးနွေးရပါမည်။
သဘာဝသယံဇာတ ထုတ်လုပ်မှုအပိုင်းတွင် သက်ဆိုင်ရာ ပြည်နယ်များမှ မိမိတို့ဒေသထွက်ရှိသော သယံဇာတများကို မိမိတို့၏ စီမံအုပ်ချုပ်မှုအောက်တွင် အပြည့်အဝထားချင်သည့် သဘောထားကို တွေ့ရသည်။ ၎င်းအချက်သည် နိုင်ငံအတွက် အလွန်အရေးကြီးသောအချက် ဖြစ်သောကြောင့် အခြားဖက်ဒရယ်နိုင်ငံများ၏ ဆောင်ရွက်မှု အခြေအနေကို လေ့လာ၍ စဉ်းစားဆုံးဖြတ်ရန်လိုအပ်သလို နှစ်ပေါင်းများစွာ ခွဲခြားဖိနှိပ်ခံခဲ့ရသည့် တိုင်းရင်းသားများ၏ ခံစားမှု၊ မယုံကြည်မှု၊ နစ်နာမှု တို့ကိုလည်း ထည့်သွင်း စဉ်းစားရန်လိုအပ်သည်။ ၎င်းအပြင် သက်ဆိုင်ရာ ပြည်နယ်အတွင်းမှာ မတူကွဲပြားသော တိုင်းရင်းသား မျိုးနွယ်စုလေးများနေထိုင်သည့် ဒေသများတွင် ထွက်ရှိသော သယံဇာတနှင့် ပတ်သက်၍ စီမံခန့်ခွဲမှု နှင့်အကျိုးအမြတ်ခွဲဝေမှုတို့တွင် သက်ဆိုင်ရာပြည်နယ်အပြင် ၎င်းမျိုးနွယ်စုများ၏ သဘောထားများကိုလည်း ထည့်သွင်းဆွေးနွေးရန်လိုအပ်သည်။ သဘာဝသယံဇာတ ကိုစဉ်းစားရာတွင် ၎င်းမှ ရရှိသော ဝင်ငွေကိုသာ စဉ်းစားခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လုံခြုံရေးပိုင်းဆိုင်ရာကိုပါ ထည့်သွင်းစဉ်းစားရန်လည်း လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေသည် ဖွဲ့စည်းပုံအခြေခံဥပဒေဝါဒ ဖြင့် တည်ငြိမ်စွာ တည်ဆောက်ထားသည့် အခြေအနေမဟုတ်ဘဲ လက်နက်ကိုင် အင်အားစု အားကိုးဖြင့် နိုင်ငံရေးကို လွှမ်းမိုး နေသော အခြေအနေဖြစ်သည့် အတွက် လက်နက်ကိုင်ဆောင်နိုင်စွမ်းသည် အစဉ်အလာအရ အာဏာလွှမ်းမိုးနိုင်မှု အခြေအနေကို ဖေါ်ပြသလိုဖြစ် နေသောကြောင့် မည့်သည့် လက်နက်ကိုင် အင်းအားစုကမှ မိမိတို့၏ အင်အား ကို လျောကျသွားစေမည့် အခြေအနေမျိုးခွင့်ပြုရန် ခက်ခဲနိုင်သည်။ ၎င်းအချက်သည်ပင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို ရှည်ကြာစေပြီး ငြိမ်းချမ်းရေးမရှိစေသည့် အချက်ဖြစ်သည်။
ဖက်ဒရယ်ဖွဲ့စည်းပုံအတွက် အဓိက အကျဆုံးဆွေးနွေးရမည့် အချက်မှာ ဖက်ဒရယ် တပ်မတော် အကြောင်းအရာ ဖြစ်သည်။ တပ်မတော်ကို မည်ကဲ့သို့ ဖွဲ့စည်းမည်နည်း၊ လက်ရှိတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ နှင့် မြန်မာစစ်တပ်သို့ မည်ကဲ့သို့ ပေါင်းစည်းမည်နည်း၊ လုံခြုံရေး တာဝန်ကို ခွဲဝေယူမည်လား၊ DDR (Disarmament, demobilization, and reintegration) ပုံစံသွားမည်လား? သို့မဟုတ် SSR (security sector reform) ပုံစံဖြင့် ဆောင်ရွက်မည်လား?။ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေသည် ဖွဲ့စည်းပုံအခြေခံဥပဒေဝါဒဖြင့် တည်ငြိမ်စွာ တည်ဆောက်ထားသည့် အခြေအနေမဟုတ်ဘဲ လက်နက်ကိုင် အင်အားစု အားကိုးဖြင့် နိုင်ငံရေးကို လွှမ်းမိုးနေသော အခြေအနေဖြစ်သည့် အတွက် လက်နက်ကိုင်ဆောင်နိုင်စွမ်းသည် အစဉ်အလာအရ အာဏာလွှမ်းမိုးနိုင်မှု အခြေအနေကို ဖေါ်ပြသလိုဖြစ် နေသောကြောင့် မည့်သည့် လက်နက်ကိုင် အင်းအားစုကမှ မိမိတို့၏ အင်အားကို လျောကျသွားစေမည့် အခြေအနေမျိုးခွင့်ပြုရန် ခက်ခဲနိုင်သည်။ ၎င်းအချက်သည်ပင် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ် ကိုရှည်ကြာစေပြီးငြိမ်းချမ်းရေးမရှိစေသည့်အချက်ဖြစ်သည်။မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံတော်တစ်ခု တည်ဆောက်ရန်အတွက် တိုင်းရင်းသားအားလုံး ညှိနှိုင်းရမည်ဟုဆိုသော်ငြားလည်း ယခုအချိန် အထိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများသည် တိုင်းရင်းသား နိုင်ငံရေးပါတီများထက် အဓိကကျသော နေရာတွင် ရှိနေသည်။ တိုင်းရင်းသားဒေသများတွင် နိုင်ငံရေးပါတီများထက် လက်နက်ကိုင်များ၏ ဩဇာလွှမ်းမိုးမှုက ပိုမိုများပြားသည်ကို တွေ့ရသည်။ မြန်မာလူမျိုးများ အကြားတွင်လည်း မြန်မာနိုင်ငံရေးပါတီများ ထက် တပ်မတော်၏ နိုင်ငံရေးလွှမ်းမိုးချုပ်ကိုင်မှုက ပိုမိုများပြီး တပ်မတော်လက်မခံပါက မည်သည့် နိုင်ငံရေးစနစ်ကိုမှ ပြုပြင်ပြောင်းလဲလို့မရသည့် အခြေအနေကို တည်ဆောက်ထားသောပုံစံ ဖြစ်နေသည်။ တပ်မတော်တွင်မည်သည့် ခေါင်းဆောင်တက်တက် မြန်မာနိုင်ငံ အချုပ်အခြာ အာဏာမပြိုကွဲရေးအတွက် တပ်မတော်က ထိန်းသိမ်းစောင့်ရှောက်ရမည် ဆိုသော သဘောထားသည် အစဉ်တစိုက် ရိုက်သွင်းခံရသော အတွေးအခေါ်ဖြစ်ပြီး နိုင်ငံတော်၏ ဦးဆောင်မှု အခန်းကဏ္ဍကို တပ်မတော်က ရယူထားသည့် ဆိုသော အစဉ်အလာသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူ တပ်မတော်စတင်တည်ထောင်သည့် အချိန်ကတည်းက ပါလာသည့် အတွေးအခေါ် ဖြစ်သည်။ ၎င်းအတွေးအခေါ်ကို ချေဖျက်ရန်မှာ တပ်မတော်၏ ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲသွားရုံဖြင့်မရဘဲ တပ်မတော်အတွင်းရှိ အတွေးအခေါ် အယူအဆကို ပြောင်းလဲရန်အတွက် အချိန်ယူရန်လိုမည်ဖြစ်ပါသည်။ ထို့အတူ တိုင်းရင်းသား အင်အားစုများအကြားတွင်လည်း အကြိမ်ကြိမ် ဖောက်ဖျက် ခံရသော ကတိကဝတ်များကြောင့် ယုံကြည်မှုကင်းမဲ့ပြီး မိမိတို့ရပိုင်ခွင့်များကို တစ်ကြိမ်တည်း အားလုံးကို အပြည်အဝရယူချင်သော စိတ်ခံစားချက်သည် ဖျက်၍မရနိုင်သော အတွေးအခေါ်တစ်ခု ဖြစ်နေသည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သော နိုင်ငံတစ်ခုအဖြစ် အနာဂတ်တွင် တည်ဆောက်ရန်အတွက် ထိုအစွန်းတရားများကို တစ်ပြိုင်နက်ထဲ လိုက်လျောရန်မဖြစ်နိုင်သလို တစ်ဘက်ဘက်ကို အားသာသွားပါကလည်း ငြိမ်းချမ်းရေးသည် ထာဝရ ခိုင်မြဲမည် မဟုတ်ချေ။ တပ်မတော်အပါအဝင် လက်နက်ကိုင် အင်အားစုများအားလုံး၏ အတွေးအခေါ်၊ အယူအဆများကို မျှခြေ တစ်ခုထား၍ ညှိနှိုင်းပြီး ဆောင်ရွက်ရန် အရေးကြီးပါသည်။ ထိုညှိနှိုင်း ဆောင်ရွက်မှုကို သက်ဆိုင်ရာ တိုင်းရင်းသားအသီးသီးကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများက မဖြစ်မနေ ဆောင်ရွက်ရပါမည်။
ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သော နိုင်ငံတစ်ခုအဖြစ် အနာဂတ်တွင်တည်ဆောက်ရန် အတွက် ထိုအစွန်းတရားများကို တစ်ပြိုင်နက်ထဲ လိုက်လျောရန် မဖြစ်နိုင်သလို တစ်ဘက်ဘက်ကို အားသာ သွားပါကလည်း ငြိမ်းချမ်းရေးသည်ထာဝရ ခိုင်မြဲမည် မဟုတ်ချေ။
တပ်မတော်နှင့် လက်နက်ကိုင် တိုင်းရင်းသားများအကြား သဘောတူညီသည် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပုံစံတစ်ခုကို ဖန်တီးနိုင်ရန်အတွက် အသေးစိတ် လေ့လာရမည့် အချက်အလက်များ မြောက်များစွာ ကျန်ရှိနေပါ သေးသည်။ ထို့အပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံးမည့် မဖွံ့ဖြိုးသေးသော နိုင်ငံများအတွက် အရေးပါသော အောက်ပါနိုင်ငံတော် အင်စတီကျူးရှင်းများကို ဖွဲ့စည်းရန်အတွက် သီးခြားစဉ်းစားရန်လည်း လိုအပ်သည်။
၁။ ရွေးကောက်ပွဲကော်မရှင်
လွတ်လပ်ပြီး အာဏာရအစိုးရနှင့် မပတ်သက်သောသီးခြားလွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသည့် နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ်ဖြစ်ရန် လိုအပ်သည်။
၂။ ဖွဲ့စည်းပုံဆိုင်ရာအငြင်းပွားမှုများဖြေရှင်းရေး
နိုင်ငံအသီးသီးတွင် အမည်အမျိုးဖြင့် ခေါ်ဆိုဖွဲ့စည်းထားသော နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းတစ်ခု ဖြစ်ပြီး အမည် အခေါ်အဝေါ်ထက် ဖွဲ့စည်းထားသည့် ပုံစံသည့် လွတ်လပ်သောပုံစံရှိရန် လိုအပ်သည့် အရေးကြီးသော အင်စတီကျူးရှင်းတစ်ခုဖြစ်သည်။
၃။ ဘဏ္ဍာရေးဆိုင်ရာကော်မတီ
နိုင်ငံများတွင် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို ဆုံးဖြတ်သော အဖွဲ့သည် ဘတ်ဂျက်ခွဲဝေသည့် လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို သမာသမတ်ကျ သတ်မှတ်၍ နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေပေးရသည့် နိုင်ငံတော်အဆင့် အင်စတီကျူးရှင်းတစ်ခုဖြစ်သည်။ ၎င်းအင်စတီကျူးရှင်းအနေဖြင့် အစိုးရအဆင့်ဆင့် များ၏ ဩဇာလွှမ်းမိုးမှုများမှ ကင်းဝေးပြီး နိုင်ငံတော်၏ မူဝါဒများကို အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန်အတွက် ဘတ်ဂျက်မူဝါဒနှင့် အညီလွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသောအဖွဲ့အစည်းတစ်ခုဖြစ်ရန်လိုအပ်ပါသည်။
အထက်ပါအခြေအနေများကို အချိန်ယူလေ့လာဖြေရှင်းနိုင်မှသာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက် နှစ်ပေါင်းများစွာ တွေ့ကြုံနေရသော ပြည်တွင်းစစ်၊ သယံဇာတကျိန်စာ၊ မညီမျှမှု၊ လက်နက်ကိုင် အနိုင်ကျင့်မှု တွေကို ဖယ်ရှားနိုင်ပြီး ငြိမ်းချမ်းသော၊ တန်းတူရည်တူရှိသော ဖက်ဒရယ် နိုင်ငံတော်တစ်ခု တည်ဆောက်နိုင်မည်ဟု ယုံကြည်မိပါသည်။
သို့သော်လည်း လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် ထိုကဲ့သို့ အလုံးစုံ ဖြေရှင်းနိုင်ရန်အတွက် ကျော်ဖြတ်ရန် အခက်အခဲများစွာ ရှိနေသည်ကို တွေ့ရသည်။ မြန်မာလူမျိုးနှင့် အခြားတိုင်းရင်းသားများအကြား၊ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်နေမှာဖြစ်ပြီး ယခုအခြေအနေကို လျှော့ချနိုင်ရင်တောင် အကောင်းဖက်ကို ဦးတည်သည်ဟု ပြောနိုင်ပါမည်။ ဘက်အသီးသီးရှိ လက်နက်ကိုင်သူများအတွင်း ယခုလက်ရှိ ဖြစ်ပေါ်နေသော အကျိုးစီးပွားများ အပြန်အလှန် ပွတ်တိုက်နေသည့် ပဋိပက္ခသည် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံပေါ်ပေါက်ရန် အတွက် ကုသရန်ခက်ခဲသည့် နာတာရှည် ရောဂါတစ်ခု ဆက်လက် ဖြစ်နေမည်ဟု မြင်ယောင်မိပါသည်။
သက်နှင်း
ကိုးကားစာရင်း
၁။ Roman David & Ian Holliday, Liberalism and Democracy in Myanmar
၂။ Maung Htin Aung, A History of Burma
၃။ Federal Democracy Charter Part (1), part (2)
၄။ Constitutions and Constitutional Courts of the Nations (Professor Dr. Tin Aung Aye)
၅။ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမတွဲ)
၆။ ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှုရှာဖွေရေး ဖြစ်စဉ်ကို လမ်းကြောင်းသစ် ချဉ်းကပ်ခြင်း၊ ၂၀၂၀ခုနှစ်၊ အောက်တိုဘာ၊
၇။ ဆလိုင်းလျှံမှုန်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံ မူများနှင့်သဘာတရားများ
၈။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ