၂၀၀၈ ဖွဲ့စည်းပုံသည် ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံ၍ရေးဆွဲထားသော ဖက်ဒရယ်ပုံစံ ဖွဲ့စည်းပုံဖြစ် နေသော်လည်း ဖက်ဒရယ်အစစ်အမှန်ဖွဲ့စည်းပုံမဟုတ်ပါ။ ၁၉၄၇ ဖွဲ့စည်းပုံအတိုင်း တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် များကို နိုင်ငံတော်သမ္မတမှ ခန့်အပ်သည့်အတွက် ဗဟိုအစိုးရ၏ ဩဇာ အပြည့်အဝလွှမ်းမိုး ထားသောပုံစံဖြစ်သည်။
၂၀၀၈ဖွဲ့စည်းပုံ
၂၀၀၈ ဖွဲ့စည်းပုံသည် ပါတီစုံဒီမိုကရေစီစနစ်ကို အခြေခံ၍ရေးဆွဲထားသော ဖက်ဒရယ်ပုံစံ ဖွဲ့စည်းပုံဖြစ် နေသော်လည်း ဖက်ဒရယ်အစစ်အမှန်ဖွဲ့စည်းပုံမဟုတ်ပါ။ ၁၉၄၇ ဖွဲ့စည်းပုံအတိုင်း တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ် များကို နိုင်ငံတော်သမ္မတမှ ခန့်အပ်သည့်အတွက် ဗဟိုအစိုးရ၏ ဩဇာ အပြည့်အဝလွှမ်းမိုး ထားသောပုံစံဖြစ်သည်။
တိုင်းနှင့်ပြည်နယ်များတွင် သီးခြားလွှတ်တော်များ ရွေးချယ်သည့်စနစ်ကို ကျင့်သုံးသော်လည်း တိုင်းနှင့်ပြည်နယ် များ၏ ဥပဒေပြုအာဏာသည် အနည်းငယ်မျှသာရှိပြီး စည်ပင်သာယာရေး လုပ်ငန်းတစ်ခုကိုသာ အပြည့်အဝ ဆောင်ရွက်ခွင့်ရှိသည်။ ကျန်ရှိသည့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းအားလုံးသည် ဗဟိုအစိုးရ ဝန်ကြီးဌာနများမှ တိုက်ရိုက်ကိုင်တွယ် ဆောင်ရွက်သည်။ ကြွင်းကျန်အာဏာကို ပြည်ထောင်စု ဥပဒေပြုအဖွဲ့၏ လက်သို့ ပေးအပ်ထားသလို သဘာဝသယံဇာတ အရင်းအမြစ်များထုတ်ယူမှုလုပ်ငန်းနှင့် အခွန်ကောက်ခံသည်လုပ်ငန်း အားလုံးကိုပြည်ထောင်စုအစိုးရမှသာချုပ်ကိုင်ထားသည်။
လွှတ်တော်(၂) ရပ်စနစ် ထားရှိပြီး အမျိုးသားလွှတ်တော်တွင် တိုင်းနှင့်ပြည်နယ် အချိုးတူရွေးချယ်ခွင့် ပေးထား သော်လည်း မြန်မာလူမျိုးများ အနေဖြင့် တိုင်းဒေသကြီး(၇) တိုင်း အတွက်ကိုယ်စားလှယ်ဦးရေ ရရှိသောကြောင့် တိုင်းရင်းသားပြည်နယ်များထက် ဥပဒေ ပြုနိုင်ခွင့် အာဏာပိုများနေသည်။ အောက်လွှတ်တော်ဖြစ်သည့် ပြည်သူ့လွှတ်တော်သည် မြို့နယ်ကို အခြေခံ၍ ရွေးချယ်သောကြောင့် မြို့နယ်များပြားသော ဗမာလူမျိုးများ အများစုနေထိုင်ရာ တိုင်းဒေသကြီးများ၏ ကိုယ်စားလှယ် အရေအတွက်သည်လည်း ကျန်ပြည်နယ်အားလုံးထက် များပြားနေသည်။ နိုင်ငံတော်အကြီးအကဲနှင့် အစိုးရအဖွဲ့ အကြီးအကဲ သမ္မတကို လွှတ်တော်များမှ တဆင့် ရွေးချယ်ရသည့် အတွက် ကိုယ်စားလှယ် ဦးရေ များပြားအနိုင်ရသော မြန်မာလူမျိုးပါတီများ မှသာအစိုးရ အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းနိုင်သည် အခြေအနေကို ဖန်တီးထားသည့် သဘောတွေ့ရသည်။ ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ၏ ထူးခြားချက်မှာ တပ်မတော်မှ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းလွှတ်တော်ထဲတွင် ခန့်အပ်ပိုင်ခွင့်ရှိသည့်အပြင် အစိုးရဝန်ကြီးဌာန (၃) ခုဖြစ်သော ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန အတွက် ဝန်ကြီးများကိုလည်း တပ်မတော်မှ ခန့်အပ်သည့်အတွက် အုပ်ချုပ်ရေးပိုင်းတွင်ပါ မြန်မာလွှမ်းမိုးထားသော တပ်မတော်ကတိုက်ရိုက်ပါဝင်ထိန်းချုပ်ထားသည်။
ဖွဲ့စည်းပုံပြင်ဆင်ရေး အပိုင်းတွင်လည်း ယခင်ဖွဲ့စည်းပုံများ သည် ကိုယ်စားလှယ် သုံးပုံ နှစ်ပုံက ပြင်ဆင်လိုပါက ပြင်ဆင်နိုင်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံသည် ကိုယ်စားလှယ် သုံးပုံ နှစ်ပုံကျော်မှ ပြင်ဆင်ခွင့် စတင်ရသည့် အတွက် တပ်မတော်မှ ပြင်ဆင်ရန် ဆန္ဒမရှိ ပါက ပြည်သူ့ကိုယ်စားလှယ်များ အားလုံး အနေဖြင့် သဘောတူသော်လည်း ပြင်ဆင်ရန်မဖြစ်နိုင်ပါ။ ၂၀၀၈ ဖွဲ့စည်းပုံသည် အုပ်ချုပ်ရေး ၊ ဥပဒေပြုရေးတွင် မြန်မာလူမျိုးများ လွှမ်းမိုးထားသော အခြေတွင်သာမကတပ်မတော်ကပါဝင်ရောက်ချုပ်ကိုင်ထားသောဖွဲ့စည်းပုံဖြစ်နေသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ကြီမားသော အချိုး အကွေ့ အလှည့်အပြောင်းအဖြစ် စစ်တပ်အာဏာသိမ်းမှု (၃) ကြိမ် ဖြစ်ခဲ့သည်ကိုတွေ့ရသည်။ ပထမ တစ်ခုမှာ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ ဖွဲ့စည်းကာ ၁၉၇၄ ခုနှစ်တွင် ဆိုရှယ်လစ်ဖွဲ့စည်းပုံကို အတည်ပြုပြဌာန်း၍ ဆိုရှယ်လစ်စနစ်ဖြင့် တိုင်းပြည်ကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီ အရေးတော်ပုံနှင့်အတူ ဆိုရှယ်လစ် အစိုးရ ပြုတ်ကျခဲ့ပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်တပ်မှ ဒုတိယအကြိမ် အာဏာသိမ်းခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်မှ စိတ်တိုင်းကျရေးဆွဲထားသော ဖွဲ့စည်းပုံဖြင့် ဒီမိုကရေစီ ရွေးကောက်ပွဲကို ပြုလုပ် ပေးခဲ့ပြီး မဲမသာမှု၊ အငြင်းပွားမှုများစွာဖြင့် စစ်ဗိုလ်ချုပ်ဟောင်းများဦးဆောင်ဖွဲ့စည်းသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနိုင်ရခဲ့ပြီးပါတီစုံဒီမိုကရေစီစနစ်ကိုပြောင်းလဲအုပ်ချုပ်ခဲ့သည်။
ပါတီစုံဒီမိုကရေစီ စနစ်သည် ရွေးကောက်ပွဲ ၂ ကြိမ် (၁၀) နှစ်သာ ကျင့်သုံးနိုင်ခဲ့သည်။ တတိယအကြိမ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့ တတိယအကြိမ် လွှတ်တော် ပထမနေ့စတင်ခေါ်ယူရန်ကျင်းပရန် အတွက်အနိုင်ရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ နေပြည်တော် သို့ ရောက်ရှိနေသော အချိန်တွင် နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံအပါအဝင် အစိုးရအဖွဲ့ဝင်များအားဖမ်းဆီးပြီး အာဏာသိမ်းယူခဲ့သည်။
တပ်မတော်သည် နိုင်ငံတော်သမ္မတ ကိုဖမ်းဆီးပြီးနောက် ဗိုလ်ချုပ်ကြီး ဟောင်းတစ်ယောက်ဖြစ်သော ဒုတိယ သမ္မတ((၁ ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် ကြေညာခဲ့သည်။ ယာယီသမ္မတမှ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းပြည်ကို အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲပြောင်း ပေးအပ်ခဲ့ သည်။ ကာကွယ်ရေးဦးစီးချုပ်မှ ဖွဲ့စည်းပုံပြဌာန်းချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီကို ဖွဲ့စည်း ခဲ့သည်။ ဖေဖော်ဝါရီလ (၅) ရက်နေ့ မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၇၈ ဦး၏ တာဝန်ပေးချက်အရ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ကို ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်(၁၅) ဦးဖြင့် စတင်ဖွဲ့စည်း ခဲ့ပြီး စစ်အာဏာသိမ်းမှုကို အနိုင်ရရွေးကောက်ခံကိုယ်စားလှယ်များမှ တရားဝင်ထုတ်ဖေါ် ဆန့်ကျင်ခဲ့သည်။ သို့သော်လည်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီစတင်ဖွဲ့စည်းချိန်တွင် အခြားဒီမိုကရေစီ အင်အားစု တိုင်ရင်းသားပါတီများမှလွှတ်တော်ကိုယ်စားလှယ်များပါဝင်ခဲ့ခြင်းမရှိသည်ကိုတွေ့ရသည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ သည်လွတ်မြောက်နယ်မြေသို့ ထွက်ခွာခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကြေညာချက် အမှတ် ၁၁/၂၀၂၁ ဖြင့် ခေတ္တအစိုးရအဖွဲ့ကိုဖွဲ့ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ (၁၄) ရက်နေ့တွင် ကြေညာချက်အမှတ် ၁၃/၂၀၂၁ ဖြင့် နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ ကာကွယ်ခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။နိုင်ငံတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖြိုခွင်းမှုများကို အာဏာသိမ်း စစ်အစိုးရက တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့သည်။ ထိုနှစ် မတ်လ ၃၁ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုဖျက်သိမ်းကြောင်းCRPHမှကြေညာခဲ့သည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ ၂၀ ခန့်ရှိသည့်အနက် ၅ ဖွဲ့ခန့်သည် မြန်မာစစ်တပ်နှင့် တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ(၃၁) ရက်နေ့တွင် ကြေညာချက်အမှတ် ၁၉/၂၀၂၁ ဖြင့် Federal Democracy Charter (FDC) ကိုထုတ်ပြန်ခဲ့သည်။ ထိုပဋိညာဉ်ကို လွှတ်တော်ကိုယ်စားပြုကော်မတီ က ဦးဆောင်ပြီး နိုင်ငံရေး ပါတီများ၊ CDM အဖွဲ့များ၊ လူငယ်ကျောင်းသား အဖွဲ့များတို့ပူးပေါင်းရေးဆွဲခဲ့ပြီး ကြားကာလ အစိုးရ ဖွဲ့စည်းရန်ရေးအတွက် ၎င်း ပဋိညာဉ် ကို သဘောတူခဲ့ အတည်ပြုဆုံးဖြတ်ခဲ့သည်။ ပဋိညာဉ် အစိတ်အပိုင်း (၂) ခုရှိရာ အပိုင်း(၁) ကို သဘောတူသူများပြီး အပိုင်း(၂)တွင်သဘောထားကွဲလွဲမှုများရှိခဲ့သည်။ယခုအချိန်တွင် ဒီမိုကရေစီအရေးဆောင်ရွက်နေသူများအကြားတွင် ယခင်က အငြင်းပွားနေသော တိုင်းရင်းသားများသုံးစွဲသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဆိုသောစကားရပ်အား အငြင်းပွားမှုမရှိတော့ဘဲ တော်လှန်ရေး အင်အားစု အားလုံးက သဘောတူ လက်ခံလာသည်ကို တွေ့ရသော်လည်း FDC အား အတည်ပြုရာတွင် ယခင်ကာလများက ဆွေးနွေးဆုံးဖြတ်ခဲ့ကြသော သဘောတူညီချက်များကဲ့သို့ အဖွဲ့အစည်း အသီးသီးမှ တက်ရောက်သူ ကိုယ်စားလှယ် များ လက်မှတ်ရေးထိုး သဘောတူထားခြင်းမျိုး မရှိသည်ကို တွေ့ရသည်။ ထိုအချက် သည် ပါဝင်သော အဖွဲ့အစည်းများ၏ လုံခြုံရေးအခြေအနေ အကြောင်းပြချက်ဖြစ်နိုင်သကဲ့သို့ (FDC) အပေါ် ခိုင်မာစွာ ယုံကြည်လက်ခံနိုင်မှုရှိမရှိကိုလည်းမေးခွန်းထုတ်စရာတစ်ခုဖြစ်နေပါသည်။
ထို့အပြင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အများစုရှိပြီး တော်လှန်ရေးကို အင်တိုက်အားတိုက် ဆောင်ရွက်နေသော NLD ပါတီသည် ၂၀၂၂ ခုနှစ် ပြည်သူ့ညီလာခံ ကျင်းပပြီးချိန်မှစတင်၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အစည်းအဝေးများ တက်ရောက်ခြင်း မရှိတော့ သည်ကို တွေ့ရသည်။ ထိုအခြေအနေများသည် စစ်အာဏာရှင်ကို တစ်စုတစ်ဝေးတည်းတော်လှန်နေသည်ဆိုသော နွေဦးတော်လှန်ရေးတွင် တိုင်းရင်းသားများ၊ မြန်မာနိုင်ငံရေးသမားများ၊ ဒီမိုကရက်တစ်အဖွဲ့အစည်းအသီးသီးများ၏ အကြားတွင်အားနည်းချက်အတွင်းသရုပ်သဏ္ဍန်များဖြစ်နေသည်။
၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်ဖြင့် ဖွဲ့စည်းထားသော CRPH အနေဖြင့် အနာဂတ် ဗမာနိုင်ငံဖွဲ့စည်းပုံအတွက် လမ်းညွှန်မူများအဖြစ် ချမှတ်ထားသော FDC တွင် အာဏာအများစုအား ပြည်နယ်များ သို့ ပိုမိုများပြားစွာ ပေးထားပြီး ဗဟို၏ လုပ်ပိုင်ခွင့်ကို အဆုံးစွန်လျှော့ချထားသည်ကို တွေ့ရသည်။
စစ်တပ် သဘောမတူလျှင် ပြင်ဆင်ရန်မဖြစ်နိုင်သော ၂၀၀၈ ဖွဲ့စည်းပုံကို နွေဦး တော်လှန်ရေးနှင့် အချိန်ကိုက် အခွင့်အရေး ရယူကာ တိုင်းရင်းသားများ၏ သဘောတူညီချက်နှင့် အတူ အပြီးတိုင်ဖျက်သိမ်းရန် ရည်ရွယ်ထားပုံ ရပါသည်။ သို့သော်လည်း တစ်ဖက်တွင် ၎င်းတို့သည် ၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးချယ်ခဲ့သော ပြည်သူ့ကိုယ်စားလှယ် များ၏ နိုင်ငံရေး အဆင့်အတန်းကို စစ်တပ်ဆန့်ကျင်ဖြုတ်ချရာတွင် အသုံးပြုရုံ သက်သက်မဟုတ်ဘဲ မဟာမိတ် အင်အားစုများ၏ အပေါ်မှာပါ သုံးစွဲနေသည့် အတွက် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်သည် ထင်သလောက်ခရီးပေါက်ပုံမရသည်ကိုလည်းတစ်ဖက်တွင်မြင်တွေ့နေရပြန်သည်။
တိုင်းရင်းသားများစုပေါင်း၍ ဖက်ဒရယ်နိုင်ငံ တစ်ခုထူထောင်နိုင်ရန် မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏ ပြည်နယ်ဧရိယာကို ပြတ်ပြတ်သားသား မဆုံးဖြတ် နိုင်ခြင်းနှင့် မည်ကဲ့သို့ အာဏာခွဲဝေပေးမည်၊ သယံဇာတလုပ်ပိုင်ခွင့်ခွဲဝေပေးမည် ဆိုသည်ကို မဆုံးဖြတ်ဘဲ စစ်တပ် စဉ်းစားသလို တစ်နိုင်ငံလုံးကို ခြုံ၍ စဉ်းစားနေခြင်းသည် အခြားတိုင်းရင်းသားများကို လက်အောက်ခံတိုင်းရင်းသား များကဲ့သို့ စဉ်းစားနေသည့် ပုံသဏ္ဍာန်ပေါ်လွင်နေသည်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ကောင်စီသည် NLD နှင့်ပူးပေါင်း၍ အသွင်းကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ ရေးဆွဲရန် အလုပ်အဖွဲ့ TCDWG (Transitional Constitution Drafting Working Group) ကို ထပ်မံဖွဲ့စည်း၍ ဖွဲ့စည်းပုံမူကြမ်းကို ရေးဆွဲရန် ဆောင်ရွက်နေသည်ကိုတွေ့ရသည်။ သို့သော်လည်း အတည်ပြုရေး လုပ်ငန်းစဉ် နှင့်ပတ်သက်၍ NLD ပါတီနှင့်သဘောတူညီမှုမရရှိသောကြောင့် လက်တွေ့ တွင် အလုပ်မဖြစ်သည်ကိုတွေ့ရသည်။ တိုင်းရင်းသားများနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေသော နွေဦးတော်လှန်ရေးသည် (၂)နှစ်ကျော်(၃)နှစ် ကာလအတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သော်လည်း ယခုအချိန်အထိ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် ဘုံတူညီသော သဘောတူညီချက်များ ရရှိသည်ကို မတွေ့ရသေးပါ။ ယခုလိုကာလ မျိုးတွင် မရယူနိုင်ပါက နောက်ပိုင်းတွင် တိုင်းရင်းသားများ ၏ ယုံကြည်မှု ပျောက်ဆုံးခြင်းနှင့်သာ ရင်ဆိုင်ရနိုင်ချေ ရှိလာနိုင်သည်။ တိုင်းရင်းသားများစုပေါင်း၍ ဖက်ဒရယ်နိုင်ငံ တစ်ခုထူထောင်နိုင်ရန် မြန်မာလူမျိုးများအနေဖြင့် မိမိတို့၏ ပြည်နယ်ဧရိယာကို ပြတ်ပြတ်သားသား မဆုံးဖြတ် နိုင်ခြင်းနှင့် မည်ကဲ့သို့ အာဏာခွဲဝေပေးမည်၊ သယံဇာတလုပ်ပိုင်ခွင့်ခွဲဝေပေးမည် ဆိုသည်ကို မဆုံးဖြတ်ဘဲ စစ်တပ်စဉ်းစားသလို တစ်နိုင်ငံလုံးကို ခြုံ၍ စဉ်းစားနေခြင်းသည် အခြားတိုင်းရင်းသားများကို လက်အောက်ခံတိုင်းရင်းသား များကဲ့သို့ စဉ်းစားနေသည့် ပုံသဏ္ဍာန်ပေါ်လွင်နေသည်။ ထိုအချက်သည်တိုင်းရင်းသားများနှင့် သဘောတူညီမှု ရရှိရန်ခက်ခဲသော အချက်ဖြစ်နေသည်။ ထိုအတူ တိုင်းရင်းသားများ အနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖြစ်နိုင်ခြေရှိ သည်များကို စဉ်းစားဆွေးနွေးရမည့်အစား အလုံးစုံသောရပိုင်ခွင့်များကို တောင်းဆိုနေသည့် ပုံစံသည်လည်း ဖက်ဒရယ်စနစ်အစား သီးခြားကိုယ်ပိုင် စိတ်တိုင်းကျ အုပ်ချုပ်ခွင့်ရအခြေအနေကို ဖန်တီးနေသည်နှင့် တူသည်။
သက်နှင်း
ကိုးကားစာရင်း
၁။ Roman David & Ian Holliday, Liberalism and Democracy in Myanmar
၂။ Maung Htin Aung, A History of Burma
၃။ Federal Democracy Charter Part (1), part (2)
၄။ Constitutions and Constitutional Courts of the Nations (Professor Dr. Tin Aung Aye)
၅။ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမတွဲ)
၆။ ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှုရှာဖွေရေး ဖြစ်စဉ်ကို လမ်းကြောင်းသစ် ချဉ်းကပ်ခြင်း၊ ၂၀၂၀ခုနှစ်၊ အောက်တိုဘာ၊
၇။ ဆလိုင်းလျှံမှုန်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံ မူများနှင့်သဘာတရားများ
၈။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ