ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာနိုင်ငံရေး သမားအများစုသည် ဂျပန်နှင့် ပူးပေါင်း၍ ဗြိတိသျှတို့ကို တော်လှန်ခဲ့သော်လည်း ကရင်၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားအများစုသည် ဗြိတိသျှတို့နှင့် ပူးပေါင်းကာ ဂျပန်ကို ဆန့်ကျင်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ပြဿနာကို လေ့လာရာတွင် မဖြစ်မနေ မြန်မာနိုင်ငံ ဖြစ်ပေါ်ပြောင်းလဲလာပုံကို နောက်ကြောင်းပြန် အခြေပြု၍ လေ့လာမှသာ အနာဂတ်အတွက် အကောင်းဆုံးမည်ကဲ့သို့ ပုံဖော်မည်ကို စဉ်းစားနိုင်မည်ဟု ယူဆရသည်။ သို့သော်လည်း ဖြစ်နိုင်ခြေရှိသော အခြေအနေသည်ပင်လျှင် လက်ရှိဖြစ် ပွားနေသော ပဋိပက္ခများကို အလုံးစုံ ဖြေရှင်းနိုင်မည်ဟု မထင်ပါ။ ပဋိပက္ခများ ဖြစ်ပွားနေရင်းနဲ့ပဲ စိတ်ကောင်းစေတနာနှင့် အတွေးအခေါ်အယူအဆ မျှတသော နိုင်ငံတော်အုပ်ချုပ်သူများကို မွေးထုတ်ခွင့် ရခဲ့မည်ဆိုလျှင်တော့ ရေရှည်တွင် လူမျိုးစုံ ပေါင်းစည်းနေထိုင်သော အမျိုးသားနိုင်ငံ တစ်ခု ပေါ်ပေါက် လာနိုင်ပါမည်။ သို့မဟုတ်ပဲ အာဏာ နှင့် လုပ်ပိုင်ခွင့်ကို စွဲကိုင်ပြီး မိမိဖြစ်စေလိုသည့် ဆန္ဒကို ဦးတည်သော နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွက်လာပါက မည်မျှပင် စိတ်စေနာကောင်းကောင်း၊ ရည်ရွယ်ချက် ကောင်းကောင်း တိုင်းပြည်သည် ပြည်တွင်း ပဋိပက္ခများဖြင့် နပန်းလုံးနေမည့်အနာဂတ်သာ ဖြစ်ပေါ်လာလိမ့်မည်။
မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုလျှင် ကိုလိုနီကျူးကျော်မှု မတိုင်ခင် အချိန်က ယခု မြန်မာနိုင်ငံ၏ မြေပုံအတိုင်း တိုင်းပြည်တစ်ခုအနေဖြင့် မည်သည့် အချိန်ကမျှ မရှိခဲ့ပါ။ ဗြိတိသျှအစိုးရမှ ၁၈၂၄၊ ၁၈၅၂၊ ၁၈၈၅ တို့တွင် ဖြစ်ပွားခဲ့သော စစ်ပွဲများနောက်ပိုင်း ၎င်းတို့ သိမ်းပိုက်ခဲ့သော နယ်မြေများ ကို ပုံစံမျိုးစုံ၊ အမည်မျိုးစုံ ဖြင့် ပြောင်းလဲစုဖွဲ့ကာ မြန်မာနိုင်ငံ၏ ဦးဆောင်အုပ်ချုပ်ရေးယန္တရား ဖြစ်သော ဘုရင်စနစ်ကို အဆုံးသတ်စေခဲ့ပြီး ၎င်းအုပ်ချုပ်ခဲ့သော နယ်နမိတ်ကို ကျော်လွန်ကာ နိုင်ငံကို စုစည်းခဲ့ သည်။ မြန်မာနိုင်ငံကို အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ် အချိန်အတော်ကြာအုပ်ချုပ်ခဲ့ပြီး ၁၉၃၅ ခုနှစ် Burma Act ပြဌာန်းခဲ့ပြီးနောက် ၁၉၃၇ ခုနှစ်ရောက်မှသာ လုံးလုံးလျားလျား သီးခြား နိုင်ငံတစ်ခုဖြစ်လာခဲ့သည်။ Common Law စနစ်ကို ကျင့်သုံးခဲ့ပြီး ဥပဒေ အားလုံးနီးပါးမှာ ဗြိတိသျှတို့က အိန္ဒိယ နိုင်ငံအတွက် ရေးဆွဲထားသော ဥပဒေများကို ဆက်လက်ကျင့်သုံးခြင်းသာ ဖြစ်သည်။
ဗြိတိသျှတို့သည် ဗမာလူမျိုးများအများစုနေထိုင်ရာ မြေပြန့်လွင်ပြင်ဒေသများတွင် ရှင်ဘုရင်နှင့် သံဃာ ထောက်တိုင် (၂) ခု အပေါ်အခြေခံထားသည့် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး အိန္ဒိယတွင် ကျင့်သုံးခဲ့ သော အုပ်ချုပ်ရေးစနစ်ဖြင့် ဗြိတိသျှတို့ တင်သွင်းလာသည့် ဗျူရိုကရေစီ ယန္တရား မှ တိုက်ရိုက် အုပ်ချုပ် ခဲ့သည်။ ရိုးရာအစဉ်အလာ အင်စတီကျူးရှင်းများကို မြေပြန့်ဒေသတွင်အပြီးတိုင်ဖယ်ရှားခဲ့သည်။ ရှမ်းပြည်နယ် အပါအဝင် တိုင်းပြည်၏ အစွန်ပိုင်း တောင်တန်းဒေသများတွင် ရိုးရာ အုပ်ချုပ်ရေး ယန္တရား များကို ဆက်လက်ရှင်သန်ခွင့် ပေးပြီး သွယ်ဝိုက်သော အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့သည်။[1] ထိုမတူညီသော အုပ်ချုပ်ရေးစနစ်ပုံစံမှာ အုပ်ချုပ်ရသည့် အခြေအနေကို လွယ်ကူစေသော်လည်း ၎င်းတို့ စုစည်းတည်ထောင်ထားသော နိုင်ငံတစ်ခုအား နယ်မြေဒေသ ကို အခြေခံ၍ စိတ်ပိုင်း၊ရုပ်ပိုင်း တိုးတက်မှု ကွာခြားသွားအောင် ဆောင်ရွက်ခဲ့သည့် ပုံစံဖြစ်ပေါ်ခဲ့သည်။ တိုက်ရိုက်အုပ်ချုပ်ခဲ့သော မြေပြန့်ဒေသတွင် လိုအပ်သော အုပ်ချုပ်ရေးယန္တရားအတွက် ဖြည့်စည်းရန် ပညာတတ်များမွေးထုတ်ရင်း နိုင်ငံရေးတွေးအခေါ်များ တစ်စတစ်စ ပွင့်လမ်းလာကာ ကိုလိုနီအုပ်ချုပ်မှု စနစ်ကို ဆန့်ကျင် တော်လှန်သော လှုပ်ရှားမှုများ ပေါ်ပေါက် လာပြီး အဆုံးတွင် လွတ်လပ်ရေး ကြိုးပမ်းမှုအထိ ဦးဆောင် ဖြစ်ပေါ်လာခဲ့သည်။ ဗြိတိသျှတို့ ချမှတ်ခဲ့သော ပညာရေးစနစ်နှင့် အုပ်ချုပ်မှုပုံစံများအရ မြန်မာလူမျိုးများ အများစု နေထိုင်သော မြေပြန့်ဒေသတွင် နိုင်ငံရေးနိုးကြားမှု အများဆုံးဖြစ်ပေါ်ခဲ့သည်။
၁၉ ရာစုနောက်ပိုင်းနှင့် ၂၀ ရာစုအစပိုင်းတွင် ဘာသာရေးကို အခြေခံသော လှုပ်ရှားမှုများ အများဆုံးဖြစ်ပေါ်ခဲ့ ပြီး ဗုဒ္ဓဘာသာ သည် နိုင်ငံ၏ လှုပ်ရှားတက်ကြွမှု အပိုင်းတွင် အဓိက ပါဝင်လာသော ဘာသာရေး တစ်ခု ဖြစ်ခဲ့သည်။ ၂၀ ရာစု နောက်ပိုင်းတွင် ပညာတတ်လူငယ်များသည် နိုင်ငံရေးကို တိုက်ရိုက်ပါဝင်လာသည် ကိုတွေ့မြင်ရသည်။ ထိုအခြေအနေသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှုတွင် ဗမာလူမျိုးများ အများစု ပါဝင်ပြီး ဦးဆောင် အခန်းကဏ္ဍကို ရယူသွားသောအခြေအနေ ဖြစ်ခဲ့သည်။ ယနေ့အချိန်အထိ မြန်မာ့နိုင်ငံရေးတွင် အဓိကသက်ရောက် မှုဖြစ်စေခဲ့သော အကြောင်းအရာတစ်ခု ဖြစ်သည်။ရိုးရာဓလေ့ထုံးတမ်းအစဉ်လာများအတိုင်းအုပ်ချုပ်ရေးကို ဆက်လက်ကျင့်သုံးခွင့်ပြုခဲ့သော တောင်တန်း ဒေသများနှင့် နယ်စပ်ဒေသများတွင် ပဒေသရာဇ် အုပ်ချုပ်ရေး စနစ်အရ အုပ်ချုပ်သူလူတန်းစားများသာ ပညာတတ်များ ဖြစ်ခွင့်ရခဲ့ပြီး ပြည်သူအများစုမှာ မူလ အခြေအနေအတိုင်းသာ ရှိခဲ့သည်။ ဖွံ့ဖြိုးတိုး တက်မှုလည်း မရှိခဲ့ပါ။ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်တည်မှု အခြေအနေအရ ၁၉၃၀ ပြည့်နှစ်များမှ ကျောင်းသား ခေါင်းဆောင်များသည် ၁၉၄၀ ခုနှစ်နှင့် ၁၉၅၀ ခုနှစ်များတွင် နိုင်ငံရေးခေါင်းဆောင်များ ဖြစ်လာခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားသည့် အချိန်တွင် မြန်မာနိုင်ငံရေး လောကတွင်အုပ်စု (၂) အုပ်စုကွဲခဲ့သလို တိုင်းရင်းသားများနှင့် မြန်မာလူမျိုးများ အကြားတွင်လည်း ရပ်တည်မှု ကွဲပြားခဲ့သည်ကို တွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာနိုင်ငံရေး သမားအများစုသည် ဂျပန်နှင့် ပူးပေါင်း၍ ဗြိတိသျှတို့ကို တော်လှန်ခဲ့သော်လည်း ကရင်၊ ကချင်၊ ချင်းစသည့် တိုင်းရင်းသားအများစုသည် ဗြိတိသျှ တို့နှင့် ပူးပေါင်းကာ ဂျပန်ကို ဆန့်ကျင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်တွင် ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည့်သူ့ လွတ်မြောက်ရေး အဖွဲ့) သည် နိုင်ငံကို ဦးဆောင်သော နိုင်ငံရေး အဖွဲ့အစည်း ဖြစ်လာပြီး ၎င်းအဖွဲ့အစည်းကို ဦးဆောင်သူအများစုမှာ မြန်မာများသာ ဖြစ်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းအပေါ် ပုဂ္ဂလိက လေးစားမှု နှင့် တိုင်းရင်းသားဒေသများရှိ လူငယ်ပညာတတ်များ၏ တိုက်တွန်းမှုများကြောင့် ကတိကဝတ်များစွာနှင့် အတူ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ နိုင်ငံနယ်နမိတ် အားလုံး စုပေါင်း၍ အတူတကွ လွတ်လပ်ရေး ရယူရန်ဆုံးဖြတ်ခဲ့သည်။
တိုင်းရင်းသားဒေသများမှ ပေါ်ထွက်လာသော ပဒေသရာဇ်လူတန်းစားနှင့်မသက်ဆိုင်သည့် လူနည်းစု ပညာတတ်ကျောင်းသားများသည် မြန်မာနိုင်ငံရေးသမားများ နှင့်ပူးပေါင်းကာ လွတ်လပ်ရေး တောင်းဆိုမှုကို ပြုလုပ်လာခဲ့သည်ကို တွေ့ရသည်။ ထိုအချိန်အထိ ရိုးရာဓလေ့ ထုံးထမ်းစဉ်လာအရ အုပ်ချုပ်ရေး လုပ်ပိုင် ခွင့်ကိုရရှိနေသော တောင်တန်းဒေသနှင့် နယ်ခြားဒေသ တိုင်ရင်းသား ခေါင်းဆောင်များက မြန်မာများနှင့် အတူ လွတ်လပ်ရေးယူရန် ဆန္ဒရှိပုံမတွေ့ခဲ့ရပါ။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာနိုင်ငံရေးသမား အများစုက တစ်နိုင်ငံလုံးလွတ်လပ်ရေး အရယူရန် ကြိုးပမ်းမှုတွင် တောင်တန်း ဒေသများက အပြည့်အဝ ပူးပေါင်းမှုမရှိသောကြောင့် တောင်တန်းဒေသ စုံစမ်းရေးကော်မရှင်ကိုဖွဲ့၍ ၎င်းတို့၏ ဆန္ဒကို စုံစမ်းရန် ဗြိတိသျှတို့က ကြိုးစားခဲ့သည်။ သို့သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအပေါ် ပုဂ္ဂလိက လေးစားမှု နှင့် တိုင်းရင်းသားဒေသများရှိ လူငယ်ပညာတတ်များ၏ တိုက်တွန်းမှုများကြောင့် ကတိကဝတ်များစွာနှင့် အတူ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးကာ နိုင်ငံနယ်နမိတ် အားလုံး စုပေါင်း၍ အတူတကွ လွတ်လပ်ရေး ရယူရန်ဆုံးဖြတ်ခဲ့သည်။ လွတ်လပ်သော ဗမာနိုင်ငံ၏ ပထမဆုံးသော ဖွဲ့စည်းပုံ ဖြစ်သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ပေါ်ပေါက်ခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ၏ လက်နက်ကိုင်တော်လှန်ရေးသည် အယူအဆအပေါ်တွင် အခြေခံ သော်လည်း တိုင်းရင်းသားများ ဆင်နွဲသော လက်နက်ကိုင်တော်လှန်ရေးသည် ပင်လုံစာချုပ်၏ သဘောတူ ညီချက်များကို မရရှိသောကြောင့် မိမိတို့၏ အခွင့်အရေးကို ပြန်လည်ရရှိအောင် ဆောင်ရွက်သော လက်နက်ကိုင်တော်လှန်ရေးအဖြစ် တွေ့ရသည်။
၁၉၄၇ ခုနှစ် အခြေခံဥပဒေအရ ရှမ်း၊ ကချင်၊ ကရင်နီ တို့ကို ပြည်နယ်အဖြစ်သတ်မှတ်ပေးခဲ့ပြီး ချင်းဒေသကို ချင်း ဝိဒေသတိုင်း တို့အဖြစ်သတ်မှတ်ပေးခဲ့သည်။ အခြေခံဥပဒေ၏ အခန်း (၁၀) တွင် ရှမ်းနှင့် ကရင်နီတို့ကို (၁၀) နှစ်ကြာလျှင် ခွဲထွက်လိုက ခွဲထွက်နိုင် သည် ဟုသော အချက်ကို ပြဌာန်းခဲ့သည်။ ၎င်းအချက်ကို ကြည့်ခြင်းအားဖြင့် လွတ်လပ်ရေး ရယူချိန်တွင် တိုင်းရင်းသားများပါဝင်ပြီး နိုင်ငံတော်တစ်ခု တည်ဆောက်ရန် အတွက် ဗမာနိုင်ငံရေးသမားများ အနေဖြင့် လိုက်လျောမှု ပေးခဲ့ ရသည်ကို တွေ့ရသည်။ ၁၉၅၁ ခုနှစ်တွင် သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် ခေါ်ဝေါ်သတ်မှတ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာသော မြန်မာနိုင်ငံသည် ယခင်ဆိုခဲ့သည့် အတိုင်း ရှေးသမိုင်းအစဉ်အလာ အရတည်ရှိခဲ့သော နိုင်ငံနယ်နမိတ်တစ်ခုမဟုတ်ခဲ့ပါ။ ၁၈၈၅ ခုနှစ် အင်္ဂလိပ် – မြန်မာစစ်ပွဲမဖြစ်ခင် အထိ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းအရ နယ်နမိတ်ကို လေ့လာရာတွင် အုပ်ချုပ်သော ပဒေသရာဇ် ရှင်ဘုရင်၏ စွမ်းဆောင်ရည်အပေါ်မူတည်၍ ကျဉ်းလိုက် ကျယ်လိုက် ဖြစ်နေသည်ကို တွေ့ရသည်။ ဗြိတိသျှတို့ သိမ်းပိုက်ပြီးမှ ၎င်းအခြေအနေကို ဖြေရှင်းရန် အိမ်နီးနာခြင်း နိုင်ငံများဖြင့် နယ်နမိတ်တိုင်းတာခြင်းများ ဆောင်ရွက်သတ်မှတ် ခဲ့သော နယ်မြေဖြစ်ခဲ့သည်။ သို့တိုင်အောင် တရုတ်နိုင်ငံနှင့် နယ်နမိတ်ဆိုင်ရာဆွေးနွေးမှုများကို ၁၉၆၀ ခုနှစ်ကျော် ကာလများအထိဆက်လက်ဆွေးနွေးခဲ့ရသည်။
လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံသည်၁၉၅၈ ခုနှစ်မှ ၁၉၆၀ ခုနှစ်အထိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်နေဝင်း ၏ အိမ်စောင့် အစိုးရမှ ကာလမှလွဲ၍ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာမသိမ်းခင် အချိန်အထိ ပါလီမန်ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခဲ့သည်။ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလတွင် တိုင်းပြည်ကို ဦးဆောင်ခဲ့သော ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေး အဖွဲ့) သည် လွတ်လပ်ရေး ရယူချိန်တွင် နိုင်ငံရေးအကွဲအပြဲများ စတင်ကြုံတွေ့ခဲ့ရသည်။ ၁၉၄၈ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် သခင်သန်းထွန်း ဦးဆောင်သောဗမာပြည် ကွန်မြူနစ်ပါတီ တောခိုပြီး လက်နက် ကိုင်လမ်းစဉ်ကို ဖော်ဆောင်ခဲ့သည်။ စောဘဦးကြီး ဦးဆောင်သော ကရင်တိုင်းရင်းသားများကလည်း ထိုနှစ်နှောင်းပိုင်းမှ စတင်၍ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲခဲ့သည်။ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ တွင် ကချင်တိုင်းရင်းသားများမှ လက်နက်ကိုင် တော်လှန်ရေး ကိုစတင်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ၏ လက်နက်ကိုင်တော်လှန်ရေးသည် အယူအဆအပေါ်တွင် အခြေခံ သော်လည်း တိုင်းရင်းသားများ ဆင်နွဲသော လက်နက်ကိုင်တော်လှန်ရေးသည် ပင်လုံစာချုပ်၏ သဘောတူ ညီချက်များကို မရရှိသောကြောင့် မိမိတို့၏ အခွင့်အရေးကို ပြန်လည်ရရှိအောင် ဆောင်ရွက်သောလက်နက်ကိုင်တော်လှန်ရေးအဖြစ်တွေ့ရသည်။
ကရင်လက်နက်ကိုင်တော်လှန်ရေးသည် ဗမာနိုင်ငံအစိုးရကို ရန်ကုန်အစိုးရဟု သမုတ်နိုင်လောက်အထိ ဖြစ်စေခဲ့သည်။ ၁၉၄၉ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံးက ဗမာအစိုးရ ကို စစ်ကြေညာပြီး ၎င်းနှစ် ဇွန်လ ၁၄ ရက်နေ့တွင် KNU (ကရင်အမျိုးသား အစည်းအရုံး) မှ ကရင်ပြည် သို့မဟုတ်) ကော်သူလေးပြည် လွတ်လပ်ရေးကို ကြေညာသည့် အထိ ဖြစ်ပေါ်ခဲ့သည်။ လွတ်လပ်ရေး ရယူချိန်တွင် ဗမာ တပ်မတော်တွင်တပ်သားအင်အား၅၀၀၀ဖြင့်တပ်ရင်း ၁၅ရင်းရှိခဲ့သော်လည်း ကရင် တိုင်းရင်းသားများ တော်လှန် ပုန်ကန်ချိန်တွင် အင်အားမှာ ၂၀၀၀ ခန့်သာရှိသည့် အခြေအနေသို့ ရောက်ခဲ့ သည်။ သို့သော်လည်း ဗမာတပ်မတော်သည် တိုင်းရင်းသား တစ်ချို့နှင့် ဗမာ လူမျိုးများ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံလက်နက် ကူညီထောက်ပံ့မှုဖြင့် ကရင်တပ်များ သိမ်းဆည်း ထားရာ မြို့များကို ပြန်လည်သိမ်းနိုင်ခဲ့သည်။ ထိုအခြေအနေသည် စစ်တပ်အား မြန်မာနိုင်ငံရေး သမားများ နှင့် မြန်မာပြည်သူများ၏ အားကိုးရာ အဖွဲ့အစည်းတစ်ခုဖြစ်စေခဲ့သည်။
ဒီမိုကရေစီစနစ်သည် တိုင်းပြည်ကို ပြိုကွဲမှုဖြစ်စေနိုင်သည်ဆိုသော အယူအဆ တပ်မတော်အတွင်းတွင် စိမ့်ဝင်လာပြီး ၁၉၆၂ ခုနှစ် တွင် အာဏာရအစိုးရ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားခေါင်းဆောင်များ မှ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပင်လုံ ကတိကဝတ်အရ ပြင်ဆင်ရမည့် အချက်များ နှင့် ပတ်သက်၍ ဆွေးနွေးပွဲများ စတင်ပြုလုပ်သည့်နှင့်တစ်ပြိုင်နက် အခွင့်အရေးစောင့်မျှော်နေသော စစ်ခေါင်းဆောင်များ သည် တပ်မတော်ကို အသုံးချ၍ ဒီမိုကရေစီ ယန္တရားကို အပြီးတိုင် ဖြိုဖျက်ခဲ့သည်။
နိုင်ငံရေးဦးဆောင်အဖွဲ့အစည်းဖြစ် သည့် ဖဆပလ အတွင်းမှာလည်း ခေါင်းဆောင်များညီညွတ်မှုမရှိခြင်းနှင့် အချင်းချင်းပုတ်ခတ်တိုက်ခိုက် ကွဲပြဲခြင်းသည်လည်း စစ်တပ်ကို ထပ်ဆင့်ပြီး ပြည်သူများ၏ ယုံကြည်မှုကို ရရှိစေခဲ့သည်။ စစ်တပ် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း သည် ဗမာနိုင်ငံရေး အခြေအနေကို တွက်ဆမိသည်နှင့်အတူ စစ်တပ်ကို အင်အားကြီးထွားအောင် ဆောင်ရွက်ရင်း ဗမာနိုင်ငံရေး၏ အဆိုးဝါးဆုံး အခြေအနေအတွက် ကောင်းစွာ ပြင်ဆင်ခဲ့သည်ကို တွေ့မြင်ရသည်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ ဖွဲ့စည်း၍ တိုင်းပြည်ကို အုပ်ချုပ်သော အချိန်တွင် စစ်တပ်အင်အားသည် တစ်သိန်းကျော်အထိ ရှိနေ ခဲ့သည်။
၁၉၆၀ ခုနှစ်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သော သန့်ရှင်းဖဆပလ သည် ဦးဘဆွေ၊ ဦးကျော်ငြိမ်း ဦးဆောင်သော တည်မြဲဖဆပလ ကို အနိုင်ရသည်။ ဦးနု၏ မဲဆွယ်မှုတစ်ခုဖြစ်သော ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ပြုလုပ်မည်ဆိုသော အချက်ကြောင့် ခရစ်ယန် ဘာသာဝင် အများစုရှိသော ကချင်တိုင်းရင်းသားများ၏ လက်နက်ကိုင် တော်လှန်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံ တွင် ဘာသာရေးအရ ခွဲခြားမှု အခြေခံသဘောတရား စတင် အမြစ်တွယ်သည့် အချိန်ဖြစ်သည်ဟု စာရေးသူ အနေဖြင့် ထင်မြင်မိသည်။“ကိုလိုနီခေတ်လွန် ဖဆပလခေတ်တွင် အစိုးရအဖွဲ့အနေဖြင့် ဖဆပလအကွဲအပြဲများ ဖြစ်ပေါ် ခြင်း၊ ဗကပပါတီ တောခိုခြင်းအပြင် တိုင်းရင်းသားများ၏ တော်လှန်မှုများ ကြုံတွေ့ရခြင်း၊ ကူမင်တန်တို့၏ ကျူးကျော်မှုကို ရင်ဆိုင်ရခြင်းတို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ငြိမ်အောင် မထိန်းနိုင်ခဲ့ဘဲ တပ်မတော်၏ အင်အားကို အလွန်အကျွံအားပြုနေခဲ့ရသည်။
ဒီမိုကရေစီစနစ်သည် တိုင်းပြည်ကို ပြိုကွဲမှုဖြစ်စေနိုင်သည်ဆိုသော အယူအဆ တပ်မတော်အတွင်းတွင် စိမ့်ဝင်လာပြီး ၁၉၆၂ ခုနှစ် တွင် အာဏာရအစိုးရ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသားခေါင်းဆောင်များ မှ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပင်လုံ ကတိကဝတ်အရ ပြင်ဆင်ရမည့် အချက်များ နှင့် ပတ်သက်၍ ဆွေးနွေးပွဲများ စတင်ပြုလုပ်သည့်နှင့်တစ်ပြိုင်နက် အခွင့်အရေးစောင့်မျှော်နေသော စစ်ခေါင်းဆောင်များ သည် တပ်မတော်ကို အသုံးချ၍ ဒီမိုကရေစီ ယန္တရားကို အပြီးတိုင် ဖြိုဖျက်ခဲ့သည်။ ၎င်းအာဏာသိမ်းမှု အပေါ် စစ်ခေါင်းဆောင်များသည် တိုင်းပြည်ပြိုကွဲမည့် အရေးကြောင့် မလွှဲရှောင်သာဘဲ နိုင်ငံတော် တာဝန်ကို ယူလိုက်ရသည်ဟု ဝါဒဖြန့်ခဲ့သည်။
၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းချိန်တွင် ကျောင်းသားများ ဆန့်ကျင်သည်မှလွဲ၍ ပြည်သူအများစုနှင့် အတိုက်အခံနိုင်ငံရေးသမားအများစု ဆန့်ကျင် ခဲ့သည်ကို မတွေ့ခဲ့ရပါ။ ပါလီမန်ဒီမိုကရေစီကာလ၏ မတည်ငြိမ်မှု များအပေါ် စိတ်ပျက်နေသော ပြည်သူအများစု သည် ဒီမိုကရေစီ အရေးထက် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို အဓိက လိုလားပုံရှိခဲ့ပြီး စစ်တပ် အာဏာသိမ်းမှုကို လက်ခံခဲ့ကြပုံပေါ်ခဲ့သည်။ ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ နီးပါးရှိသော စစ်အာဏာရှင်စနစ်အမြစ်တွယ်ခဲ့သည်။ ၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်း ပြီးနောက် အရှေ့အလယ်ပိုင်းတွင် ကျင့်သုံးနေသော ဆိုရှယ်လစ်အာဏာရှင်ပုံစံကို ကျင့်သုံးခဲ့ပြီး ၁၉၈၈ ခုနှစ် ဒုတိယအကြိမ် အာဏာထပ်မံသိမ်းရာတွင် ခရိုနီများကို မွေးထုတ်၍ စစ်တပ်မှ တိုက်ရိုက် ထိန်းချုပ်သော အရင်းရှင် စနစ်ပုံစံကို ကျင့်သုံးခဲ့သည်ကိုတွေ့ရသည်။
သက်နှင်း
ကိုးကားစာရင်း
၁။ Roman David & Ian Holliday, Liberalism and Democracy in Myanmar
၂။ Maung Htin Aung, A History of Burma
၃။ Federal Democracy Charter Part (1), part (2)
၄။ Constitutions and Constitutional Courts of the Nations (Professor Dr. Tin Aung Aye)
၅။ တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမတွဲ)
၆။ ဖက်ဒရယ်ဥပဒေ အကယ်ဒမီ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းမှုရှာဖွေရေး ဖြစ်စဉ်ကို လမ်းကြောင်းသစ် ချဉ်းကပ်ခြင်း၊ ၂၀၂၀ခုနှစ်၊ အောက်တိုဘာ၊
၇။ ဆလိုင်းလျှံမှုန်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံ မူများနှင့်သဘာတရားများ
၈။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ