ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခဲ့သည်ဆိုသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ နှုတ်ထွက်စကား နောက်ကွယ်က ဖြစ်နိုင်ဖွယ်ရာအခင်းအကျင်းများ

အသံဆောင်းပါး နားဆင်ရန်

“မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဆေးရုံ စာသင်ကျောင်း စတဲ့ အရပ်သားတွေထိခိုက်သေကြေတဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့လိုကြောင်း၊ အာဆီယံအဖွဲ့အတွင်းစုစည်းညီညွှတ်မှု ရှိဖို့အရေးကြီးကြောင်း၊ မြန်မာ့အရေးချဉ်းကပ်မှုတိုင်းဟာ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေအတိုင်း ဖြစ်ဖို့လိုသလို၊ အာဆီယံ ဥက္ကဠ ကိုလည်း ပံ့ပိုးပေးဖို့လိုကြောင်းနဲ့ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်နိုင်ရေးကိုပဲ အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး တခြားလုပ်ဆောင်ဖို့မရှိဘူးလို့ ပြောဆို သွားခဲ့ပါတယ်။”

၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားဝန်ကြီးများ အစည်းအဝေးနဲ့ အချိန်ကိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်သတင်း ထွက်လာခဲ့ပါတယ်။ မြန်မာပြည်ကို သွားဖြစ်ခဲ့တဲ့ နေ့ချင်းပြန်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာဝီနိုင်းက ပြောဆိုလာပါတယ်။ ဝန်ကြီးဒွန်ဟာ ဒုတိယဝန်ကြီးချုပ် တာဝန်ကိုပါ ပူးတွဲယူထားသူပါ။ ဇူလိုင် ၉ ရက် တွေ့ဆုံမှုကိုတော့ ထိုင်းဖက်ကရော စစ်ကောင်စီကပါ သတင်း အမှောင်ချထားခဲ့ကြပါတယ်။

ဂျပန်သတင်းဋ္ဌာန ကျိုဒိုကနေအထူးသတင်းအနေနဲ့ ဖော်ပြတာကို သတိထားဖြစ်ပါတယ်။ သူနဲ့ အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြောင်း၊ သတင်းထောက်တွေကို ပြောကြားသလို၊ ဒေါ်အောင်ဆန်းစုကြည်ပါးလိုက်တဲ့ သတင်းစကားကိုလည်း အာဆီယံအစည်းအဝေးမှာ ပြောကြားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ လူတွေကြားမှာ စိုးရိမ်တကြီးပျံ့နှံ့သွားစေတာကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ NUG နဲ့ PDF တို့ကို လိုလားထောက်ခံမှု မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို စစ်ကောင်စီလိုလားတဲ့ မီဒီယာများနဲ့ ထောက်ခံသူများက အလေးပေးဖြန့်ခဲ့ပါတယ်။ ဒီသတင်းရဲ့အရင်းအမြစ်ကတော့ ဂျပန်နိုင်ငံရှိ Pam Orient News သတင်းထောက်ဆိုသူ “ခါဒွန်အဇာဟာရီ” ပဲဖြစ်ပါတယ်။ သူ့သတင်းက ကျိုဒိုသတင်းထက် စောခဲ့ပါတယ်။ ပြည်တွင်းသတင်းဌာနတစ်ခုကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ခံတွေ့ဆုံခဲ့ခြင်း မရှိကြောင်းကို အခိုင်အမာပြောဆိုလာပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ နေပြည်တော်အချုပ်ထောင်ဆီ ၂ကြိမ်လာခဲ့ကြသလို၊ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံခြင်း မရှိတဲ့အတွက် စာရွက်စာတမ်းအချို့သာ ထားခဲ့ပြီး ပြန်သွားကြတယ်လို့ ဆိုပါတယ်။
BBC,VOA သတင်းဌာနတွေကနေပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီးဒွန်နဲ့ သတင်းထောက်တွေ ပြောဆိုကြတဲ့ ရုပ်သံဖိုင်တက်လာပါတယ်။ သက်ကြားရွယ်အို ပြုတ်ခါနီးဝန်ကြီးဟာ စစ်ကောင်စီနဲ့လက်ဝါးချင်းရိုက်ပြီး လုပ်ဇာတ်ထွင်တာလို့ ပြောသူကပြောကြပါတယ်။

*နိုင်ငံခြားမီဒီယာတွေပေါ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏နှုတ်ထွက်စကားတွေ*

ဇူလိုင် ၁၂ရက်၊ ၁၃ရက် နှစ်ရက်စလုံးမှာ နိုင်ငံခြားမီဒီယာတွေကို မပြတ်စောင့်ကြည့်ဖြစ်ပါတယ်။ ဝန်ကြီးဒွန်ပြောခဲ့တဲ့စကားတွေမှာ NUG နဲ့ PDF ကိုလိုလားထောက်ခံခြင်းမရှိဘူးဆိုတဲ့စကား လုံးဝမပါတာကို တွေ့ရပါတယ်။ တွေ့ဆုံခဲ့ကြတယ်ဆိုတာကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကတော့ လုံးဝအသံတိတ်နေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရောစိတ်ပါကျန်းမာပါတယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရသူက ပြောကြားသလို၊ ဝန်ကြီးဒွန် ကလည်း ဂျကာတာမှာ သတင်းထောက်တွေကို ဒီအတိုင်းပဲ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂နှစ်အတွင်း မြန်မာလူထုခါးစည်းခံရတဲ့ ဆုံးရှုံးမှုနဲ့ နိုင်ငံ့စီးပွားရေးအပေါ် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီး လက်ရှိမြန်မာ့အရေးဆွေးနွေးမှုကို ထောက်ခံတယ်လို့ ပြောပါတယ်။
မြန်မာ့အရေးအဓိက ပါဝင်ပတ်သက်သူတွေအကြား ယုံကြည်မှု တည်ဆောက်ရေးနဲ့ နိုင်ငံရေးအဖြေရှာနိုင်ဖို့ ခြေလှမ်းမှန်တစ်ခု ဖြစ်ကြောင်းကိုလည်း ဝန်ကြီးဒွန်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
 ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်ဖက်ကြိုတင် စည်းကမ်းသတ်မှတ်တာမျိုးမထားဘဲ ဆွေးနွေးမှုများကို ထောက်ခံကြောင်း ကျိုဒိုသတင်းမှာ ရေးပါတယ်။ Channel News Asia မှာလည်း ကျန်းကျန်းမာမာ ရှိနေပြီး ကောင်းသောတွေ့ဆုံမှု ဖြစ်ကြောင်းနဲ့ သူမမှလက်ရှိ ပဋိပက္ခများ အဆုံးသတ်ရန်ဆွေးနွေးမှုများ ထပ်မံပြုလုပ်ပေးဖို့ သူ့အားတောင်းဆိုခဲ့တယ်လို့ရေးသားပါတယ်။
​အားလုံးထဲမှာတော့ “ဒီလိုတွေ့ဆုံမှုဟာ မြန်မာစစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နှစ်ဖက်သဘောတူညီ လက်ခံမှုနဲ့ပြုလုပ်ခဲ့တာဖြစ်တယ်”ဆိုတဲ့ စကားကစိတ်ဝင်စားစရာကောင်းနေပါတယ်။

*အာဆီယံအနေနဲ့ ဘယ်လိုတုံ့ပြန်မှုရှိခဲ့သလဲ*

သတင်းစကားတွေ ပလူပျံနေခဲ့ပေမဲ့၊ အာဆီယံကတော့ နှုတ်ဆိတ်နေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးခြင်းအပေါ် တိုက်ရိုက်မှတ်ချက်ပြုတာမျိုး (ပူးတွဲကြေညာချက်မထွက်ခင်အထိ)မလုပ်ခဲ့ပါဘူး။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးက ဇူလိုင် ၁၁ရက်၊ ၁၂ရက်မှာကျင်းပပါတယ်။ ဇူလိုင်၁၃၊၁၄ရက်တွေမှာ မိတ်ဖက် နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ရုရှား၊ ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ ဆက်စပ်အစည်းအဝေးတွေကျင်းပ ပြုလုပ်တာပါ။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆူဒီ အစည်းအဝေးမှာပြောခဲ့တဲ့စကားတွေကို နားထောင်ကြည့်ရုံနဲ့အာဆီယံရဲ့သဘောထားကိုမှန်းဆလို့ရနိုင်ပါတယ်။
မြန်မာနိုင်ငံအတွင်းအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဆေးရုံ စာသင်ကျောင်း စတဲ့ အရပ်သားတွေထိခိုက်သေကြေတဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့လိုကြောင်း၊ အာဆီယံအဖွဲ့အတွင်းစုစည်းညီညွှတ်မှု ရှိဖို့အရေးကြီးကြောင်း၊ မြန်မာ့အရေးချဉ်းကပ်မှုတိုင်းဟာ အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေအတိုင်း ဖြစ်ဖို့လိုသလို၊ အာဆီယံ ဥက္ကဠကိုလည်း ပံ့ပိုးပေးဖို့ လိုကြောင်းနဲ့ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည် ဖော်နိုင်ရေးကိုပဲ အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ပြီး တခြားလုပ်ဆောင်ဖို့မရှိဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။
“အကြမ်းဖက်မှုတွေ ရပ်ဆိုင်းမှုမရှိဘဲနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ အကူအညီပေးနိုင်ဖို့ အခင်းအကျင်းကို ဘယ်တော့ မှရမှာမဟုတ်ဘူး”လို့ပြောကြားမှုကတော့ထူးခြားမှုလို့မြင်ပါတယ်။

  *NUGနှင့် NLD ဗဟိုအလုပ်ဆောင်ကော်မတီရဲ့ တုံ့ပြန်မှု*

“အာဆီယံအဖွဲ့ဝင်အနေနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ ကူညီဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုရဲ့ သဘောထားကို ထင်ဟပ်သင့်ပြီး၊ မလိုအပ်ဘဲ အခြေအနေကို ပိုရှုပ်ထွေးအောင် လုပ်တာမျိုး၊ မလုပ်သင့်ဘူး” လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူဦးနေဘုန်းလတ်က ပြောပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောတာကတော့ “ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောဆိုခဲ့တဲ့သတင်းဟာ ‘တရားဝင်’ ဟုဆိုပါက နှစ်ဦးနှစ်ဖက် ထုတ်ပြန်ရမှာဖြစ်ပြီး၊ ယခုသတင်းမှာ တစ်ဖက်သတ်ဖြစ်နေပြီး တရားမဝင်ဘူး” လို့ဆိုပါတယ်။ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ခြင်းဟာ နိုင်ငံရေးအရ အသုံးချခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အာဆီယံအဖွဲ့ဝင်အနေနဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ ကူညီဆောင်ရွက်တဲ့အခါမှာ ပြည်သူလူထုရဲ့ သဘောထားကို ထင်ဟပ်သင့်ပြီး၊ မလိုအပ်ဘဲ အခြေအနေကို ပိုရှုပ်ထွေးအောင် လုပ်တာမျိုး၊ မလုပ်သင့်ဘူး” လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူဦးနေဘုန်းလတ်ကပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်ကော်မတီကလည်း ဇူလိုင် ၁၃ရက်စွဲနဲ့  ထုတ်ပြန်ချက်ထွက်လာပါတယ်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေးမကျင်းပနိုင်ဘဲ မည်သည့်သဘောထား ဆုံးဖြတ်ချက်မျိုးကိုမှ ချမှတ်မည်မဟုတ်ကြောင်းနဲ့ ပြည်သူလူထု ဆန္ဒသဘောများနဲ့ မည်သည့်အခါမှ ဆန့်ကျင်မှာ မဟုတ်ပါဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလသဘောထားများနဲ့ ကွဲလွဲနေပါတယ်လို့ ချေပပြောဆိုလာပါတယ်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့များ လွတ်လပ်စွာ စုံညီအစည်းအဝေးမကျင်းပနိုင်ဘဲ မည်သည့်သဘောထား ဆုံးဖြတ်ချက်မျိုးကိုမှ ချမှတ်မည်မဟုတ်ကြောင်းနဲ့ ပြည်သူလူထု ဆန္ဒသဘောများနဲ့ မည်သည့်အခါမှ ဆန့်ကျင်မှာ မဟုတ်ပါဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလသဘောထားများနဲ့ ကွဲလွဲနေပါတယ်လို့ ချေပပြောဆိုလာပါတယ်။”

*အတော်နောက်ကျပြီးမှ ထွက်ပေါ်လာတဲ့ စစ်ကောင်စီရဲ့ တုံ့ပြန်မှု*

စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုကို တရားဝင် သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။ တွေ့ဆုံခဲ့ခြင်း ဟုတ်မှန်ကြောင်းကိုသာ ပြောခဲ့ပါတယ်။ ဇူလိုင် ၁၂ ရက်နဲ့ ၁၃ ရက် ညနေအထိတုံ့ပြန်မှုဂယက်တွေကို စောင့်ကြည့်နေပုံရပါတယ်။ ဇူလိုင် ၁၃ ရက် ညနေပိုင်း နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ စစ်ကောင်စီမီဒီယာတွေကို ပြောကြားထားတဲ့ အသံဖိုင်ထွက်ပေါ်လာခဲ့ပါတယ်။ ဇူလိုင် ၁၄ရက်ထုတ် စစ်ကောင်စီသတင်းစာတွေမှာဖော်ပြလာပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းပြောတာကတော့…
“နှစ်ယောက်ချင်းတွေ့ဆုံတာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ် တွေ့ဆုံတဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီး အနေနဲ့လည်း သူဆွေးနွေးချင်တဲ့ အချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ နှစ်ယောက်ချင်းလွတ်လွတ်လပ်လပ် တွေ့ဆုံခဲ့တာဖြစ်တဲ့အတွက် ဆွေးနွေးချက်တွေကိုတော့ ကျနော်တို့ ဒါ အသေးစိတ် မသိရှိပါဘူး။ ကျနော်တို့ မျက်ဝါးထင်ထင် တွေ့မြင်ချက်အရတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း တွေ့ရှိရပါတယ်ဗျ”

တွေ့ဆုံချိန်ဟာ တစ်နာရီခွဲကျော်ကြာမြင့်ခဲ့ပေမဲ့၊ ဘယ်နေရာမှာတွေ့ဆုံကြသလဲ ဆိုတာကိုတော့ စစ်ကောင်စီရော၊ ထိုင်းဖက်ကပါ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောစကားအရတော့ ပြောဆိုနေကြတာကို သူတို့ပြတ်သားစွာမြင်နိုင်တဲ့နေရာ(သို့မဟုတ်) ဗီဒီယိုမှတ်တမ်းတင်ထားတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆနိုင်ပါတယ်။

 *ကံထူးစွာပထမဆုံးတွေ့ဆုံခွင့်ရရှိခဲ့သူထိုင်းနိုင်ငံခြားရေးဝန်ကြီး*

တွေ့ဆုံဆွေးနွေးမှုအပေါ် အာဆီယံက အဖက်မလုပ် နှုတ်ဆိတ်နေတာရော၊ သတင်းပေါင်းစုံ ထွက်စေခဲ့တာတွေဟာ ပုံမှန်မဟုတ်တဲ့ တရားမဝင်တွေ့ဆုံမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံမှုအတွက် အာဆီယံကို အသိမပေးဘဲ သူတို့ချင်း ကြိတ်ပြီးဘာကြောင့် ဖန်တီးခဲ့သလဲဆိုတာကိုတော့ ကာယကံရှင်တွေပဲ သိပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ်များ ကြိုးစားတောင်းဆိုခဲ့တာ ယခုလက်ရှိ အင်ဒိုနီးရှားနိုင်ငံဥက္ကဋ္ဌ ဖြစ်နေတဲ့အချိန်အထိပါပဲ။
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်ကိုယ်တိုင် မြန်မာပြည်ထိရောက်လာခဲ့သော်လည်း တွေ့ဆုံခွင့်မပေးခဲ့ပါဘူး။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း နိုလင်းဟေဇာကိုလည်း တွေ့ခွင့်မပြုခဲ့ပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းတို့၊ ဂျပန်ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့လည်း တွေ့ခွင့်မရခဲ့ကြပါဘူး။ တရားရင်ဆိုင်နေရသူ ဖြစ်လို့၊ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပဲ တွေ့ဆုံခွင့်မပြုခဲ့တာ ဖြစ်ပါတယ်။ အခုလိုနေ့ချင်းညချင်း တွေ့ပေးချင်တော့လည်း သူတို့ပါပဲ။ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးကိုယ်တိုင် ၇လအတွင်းမှာ အကြိမ်၁၀၀ တွေ့ဆုံမှုလုပ်ခဲ့တယ်လို့ ပြောတဲ့အတွက် အာဆီယံနဲ့စစ်ကောင်စီ အဆက်အဆံရှိပါတယ်။ ပုံမှန်တိုင်းဆိုရင်တွေ့ဆုံခွင့်ပြုသင့်သူဟာ အာဆီယံအထူးကိုယ်စားလှယ်ပဲ ဖြစ်သင့်ပါတယ်။
စစ်ကောင်စီအနေနဲ့ ထိုင်းကို တိတ်တဆိတ်ခေါ်ပြီး တွေ့ဆုံစေခဲ့တာကြောင့်ပဲ အားလုံးက ယုံမှားသံသယ တွေဖြစ်ခဲ့ကြတာပါ။

 *နောက်ကျပြီးမှ ထုတ်ပြန်ခဲ့ရတဲ့ အာဆီယံအစည်းအဝေး ပူးတွဲကြေညာချက်*

စစ်ကောင်စီရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံတယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပေမဲ့၊ စစ်ကောင်စီဖက်က လုံးဝငြင်းတာကို အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဖြစ်သူနဲ့ ပုဂ္ဂိုလ်ချင်းရင်းနှီးကြသူတွေ မဟုတ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အလွယ်တကူ ခေါင်းညိတ်မှာတော့ မဟုတ်ပါဘူး။
 စစ်ကောင်စီအနေနဲ့ နည်းလမ်းပေါင်းစုံ သုံးပြီး၊ ကြိမ်ဖန်များစွာ ကြိုးစားပြီးမှ ဒီလိုတွေ့ဆုံမှုမျိုးဖြစ်တာလို့ ကောက်ချက်ချနိုင်ပါတယ်။ ဘယ်လိုသဘောတူညီချက်တွေရလို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တွေ့ခွင့်ပြုခဲ့သလဲ ဆိုတာကို အားလုံးကလည်း သိချင်နေခဲ့ကြပါတယ်။ ဇူလိုင် ၁၂ ရက် အစည်းအဝေးပြီးပေမဲ့ ပူးတွဲကြေညာချက် မထုတ်နိုင်ခဲ့ပါဘူး။ ပူးတွဲကြေညာချက်မူကြမ်း စစ်ကောင်စီလက်ထဲရောက်ခဲ့သလို၊ စစ်ကောင်စီကလည်း ထုတ်ပယ် ဖြည့်စွက်ချင်တာတွေနဲ့အတူပြန်ပို့တယ်ဆိုတာလည်းကြားပါတယ်။ ဒါကြောင့်ပဲ တစ်စုံတရာထူးခြားမှု ရှိနိုင်မလား ဆိုပြီး တချို့ကလည်း မျှော်လင့်မိကြပါတယ်။ အာဆီယံနိုင်ငံတွေကြားမှာ ညှိနှိုင်းတာ မပြီးပြတ်တဲ့အတွက် ဇူလိုင် ၁၃ ရက်အထိပူးတွဲ ကြေညာချက် ထွက်မလာခဲ့ပါဘူး။ ဇူလိုင် ၁၄ ရက် နေ့လယ်ခင်းလောက်မှာတော့ ပူးတွဲကြေညာချက် ကို သတင်းတွေမှာ ဖတ်ရပါတော့တယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာနဲ့ပတ်သတ်ပြီး “ပြင်းပြင်းထန်ထန် ရှုတ်ချတယ်” ဆိုတဲ့စကားကို ထပ်တိုးထားတာကလွဲပြီး၊ ကျန်တာတွေကတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ ပြောသွားတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ နောက်ထပ်တိုးတာဆိုလို့ ထိုင်းရဲ့ ကြိုးပမ်းမှုကို အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့ပြောထားပေမဲ့၊ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ကိုက်ညီဖို့နဲ့ အာဆီယံ ဥက္ကဋ္ဌ နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ပြောထားပါတယ်။ ဘုံသဘောတူညီချက် ၅ ချက် အကောင်ထည်ဖော်မှုနဲ့ ပတ်သက်လို့ ပြန်လည်သုံးသပ်ပြီး ၄၃ကြိမ်မြောက် အာဆီယံထိပ်သအစည်းအဝေးမှာ အကြံပြုချက်တွေ တင်ပြသွားဖို့ ရှိနေတယ်လို့ပါတယ်။

  *မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ စစ်ကောင်စီ*

“၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အလုံးစုံသိနိုင်မှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလာတွေ့ရတဲ့ အခြေအနေကိုရော၊ အာဆီယံရဲ့ ပြန်လည်တုံ့ပြန်မှုတွေကိုပါ ဒေါ်အောင်ဆန်းစုကြည် သိခွင့်ရမှာ မဟုတ်ပါဘူး။” 

စစ်ကောင်စီရဲ့ အကြံပေးတွေပဲ လမ်းလွဲကို တွန်းပို့တာလား။ ကိုယ်တိုင်ကပဲ လုပ်မှားကိုင်မှားတွေကို ပြုမူမိတာလား မပြောတတ်ပါဘူး။ လုပ်တာကတော့ အကွက်ကျကျ လုပ်ခဲ့တာပါ။ ဇူလိုင် ၆ ရက်မှာ ရန်ကုန်အခြေစိုက်သံတမန်တွေနဲ့ ကုလသမဂ္ဂအောက်က အဖွဲ့စည်းတွေကို ဖိတ်ကြားပြီး PDF များကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေအကြောင်း ရှင်းလင်းပြောကြားပါတယ်။ ဇူလိုင် ၉  ရက်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို လှမ်းခေါ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ပါတယ်။ အာဆီယံအစည်းအဝေးမှာ ဒီသတင်းကို ထုတ်ရှိုးပါတယ်။ စပြီးမှားတာက စစ်ကောင်စီပါ။ စစ်ကောင်စီရဲ့ မှားယွင်းမှုကို ပံ့ပိုးပေးသူကတော့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးပါ။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်း က ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီနိုင်ငံမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုတာကို အလုံးစုံသိနိုင်မှာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးလာတွေ့ရတဲ့ အခြေအနေကိုရော၊ အာဆီယံရဲ့ ပြန်လည် တုံ့ပြန်မှုတွေကိုပါ ဒေါ်အောင်ဆန်းစုကြည် သိခွင့်ရမှာ မဟုတ်ပါဘူး။ စစ်ကောင်စီအနေနဲ့ စိတ်ရင်းမှန်စွာ တွေ့ဆုံဆွေးနွေးလိုစိတ်ရှိဖို့က အဓိကပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခြင်းဟာ မရိုးသားရာကျပါတယ်။ မရိုးမဖြောင့်သူရဲ့ တွေ့ဆုံဆွေးနွေးရေးအသံကို ဘယ်သူမှ ယုံကြည်မှာ မဟုတ်ပါဘူး။ တွေ့ဆုံဆွေးနွေးခြင်းကို ပြည်သူများနဲ့ တော်လှန်ရေးအင်အားစုများ  လက်ခံခြင်း၊ လက်မခံခြင်းက နောက်ကိစ္စပါ။ စစ်ကောင်စီ အရင်ဆုံးလုပ်သင့်တာကတော့ တစ်ကမ္ဘာလုံး တိုက်တွန်းတောင်းဆိုနေကြတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ပါပဲ။ ဒီလိုစတင်လုပ်နိုင်မှသာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ်တည်းမှ လွတ်မြောက်ရာလမ်းပေါ် ရောက်ရှိနိုင်မှာဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

( ဒေါင်းသွေး )

{  KYODO NEWS , Channel News Asia, Bangkok Post , The      Nation  ,  BBC , VOA ,  DVB,   The Irrawaddy
Mizzima, PVTVတို့၏သတင်းများ၊ ကိုယ်ပိုင်မှတ်စုများမှ ထုတ်နုတ်ကိုးကား၍ ရေးသားထားခြင်း ဖြစ်ပါသည်။  }

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)