အသံဆောင်းပါး နားဆင်ရန်
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံခဲ့ရပြီး နောက်ပိုင်းတွင်လည်း နိုင်ငံရေးသမားများအား လုပ်ကြံသတ်ဖြတ်မှုများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀- နှောင်းပိုင်းတွင်မူ လုပ်ကြံသတ်ဖြတ်မှုများမှာ ကြောက်ခမန်းလိလိ တိုးတက်လာခဲ့ပါတော့သည်။ လုပ်ကြံသတ်ဖြတ်မှုများသည် နိုင်ငံရေး “ဓလေ့” တစ်ခု ဖြစ်လာမည်လားဟု စိုးရိမ်စရာ ဖြစ်ပါသည်။ ယင်းကဲ့သို့ မကောင်းသည့်အစဉ်အလာများကို တားဆီးရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ အားထုတ်ခဲ့သည် ကိုလည်း မတွေ့ရပေ။ တိုင်းပြည်၏ အကျိုးစီးပွါးအတွက် မည်သို့မည်ပုံ ဆောင်ရွက်ကြမည်ဆိုသည့်ကိစ္စအား ဆွေးနွေး ခြင်းဖြင့် ဆောင်ရွက်လိုသည့် အလေ့အကျင့်များ ခေါင်းပါးနေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်ဟု ဆိုပါသည်။
ကံကောင်း၍ နိုင်ငံရေးလေ့လာသူ ဝါရင့်ပုဂ္ဂိုလ်ကြီးများ၏ စကားဝိုင်းနှစ်ဝိုင်းတွင် ဝင်ရောက်နားထောင်ခွင့်ရခဲ့ပါသည်။ ယင်းတို့၏ အတွေ့အကြုံ၊ လေ့လာမှုများက အလွန်တရာ စိတ်ဝင်စားစရာကောင်းပြီး နိုင်ငံအတွက်လည်း အကျိုးရှိမည်ဟု ထင်မြင်မိသောကြောင့် မှတ်သားထားမိသလောက်အား ပြန်လည်တင်ပြလိုက်ပါသည်။
မြန်မာ၏ အစဉ်အလာကို ပြည်လည်ဆန်းစစ်ကြည့်လိုက်သောအခါ ခေတ်အဆက်ဆက်တွင် မင်းကိုသတ်၍ မင်းလုပ်ခဲ့ ကြသည်ကို သတိပြုမိကြမည် ဖြစ်သည်။ မှတ်တမ်းတင်မှု အားကောင်းလာသော နောက်ဆုံးမင်းဆက်ဖြစ်သည့် ကုန်းဘောင်ခေတ်တွင်မူ အထင်ရှားဆုံး သိမြင်နိုင်ပါသည်။ နန်းတွင်းအရေးတော်ပုံတွင် မင်းဖြစ်လာနိုင်သည့် မင်းညီ မင်းသား လေးဆယ်ကျော်အား သတ်ဖြတ်မှု၊ အိမ်ရှေ့စံ ကနောင်မင်းအား လုပ်ကြံမှုများသည် မြန်မာ့ရာဇဝင်ကို ရုပ်ပျက်စေခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှု ကာလများတွင်လည်း အုပ်စုကွဲများဖြင့် ကိုယ်နည်းကိုယ်ဟန် ကြိုးပမ်းခဲ့ကြပါသည်။ နန်းရင်းဝန် ဂဠုန်ဦးစောသည်လည်း မိမိနည်းမိမိဟန်ဖြင့် ကြိုးပမ်းခဲ့သည်သာ။ ဂဠုန်ဦးစောသည် မြန်မာ့လွတ်လပ်ရေး ရယူရန် ဂျပန်အရာရှိများနှင့် ဆွေးနွေးသည်ကို အင်္ဂလိပ်က သိသွားပြီး သူ၏အိမ်ပြန်ခရီးတွင် အစ္စရေး၌ ဖမ်းဆီးကာ ယူဂန်တာတွင် အကျယ်ချုပ်ထားခဲ့သည်မှာ အထင်အရှားဖြစ်ပါသည်။ သခင်ကိုယ်တော်မှိုင်းအုပ်စုနှင့် သခင်ဘစိန်အုပ်စု တို့လည်း အပြိုင်နွဲခဲ့ကြသည်။ ရဲဘော်သုံးကျိတ်တွင် ထိုအုပ်စုနှစ်စုမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ပြီး သင်တန်းကာလများတွင်လည်း မသိမသာပြိုင်ဆိုင်မှုများ ရှိခဲ့သည်ဟု ဆိုကြပါသည်။ အထူးသဖြင့် သခင်ကိုယ်တော်မှိုင်း၏ ဗိုလ်ချုပ်အောင်ဆန်းအုပ်စုနှင့် သခင်ဗစိန်၏ ဗိုလ်ချုပ်နေဝင်းအုပ်စု ဟူ၍ယေဘုယျ ကွဲပြားခဲ့သည်ဟု ဆိုကြပါသည်။ နောက်ပိုင်း မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်အောင်ဆန်းတို့ဖက်က ပိုမိုအချက်အခြာကျလာပြီး လွတ်လပ်ရေး ကြိုးပမ်းမှု၏ ပင်မအုပ်စု ဖြစ်လာခဲ့သည်။ ဗိုလ်နေဝင်းတို့အုပ်စု၏ ဆောင်ရွက်ချက်များက မှေးမှိန်သွားခဲ့သည်။ အသာစီးရခဲ့သူများက ရေးသားသော သမိုင်းများတွင်ပါ မှေးမှိန်ခဲ့ရသည်။
ပြည်သူသာအမိ ၊ ပြည်သူသာအဖဟူသော ကြွေးကြော်သံအစား တပ်မတော်သာ အမိ၊ တပ်မတော်သာအဖ- ဟုပြောင်းလဲ၍ ပိုစတာကြီးများ ထူထောင်ခဲ့သည်။ ထိုအချက်အား အငြိမ်းစားတပ်မတော် အရာရှိကြီးများက ပြည်သူနှင့်တပ်မတော်၏ တသားထဲဖြစ်နေမှုကို ဖျက်သိမ်း၍ ပြည်သူနှင့်တပ်မတော်ကို ခွဲခြားထား လိုက်ခြင်းဖြစ်သည့်အတွက် နှစ်သက်မှု မရှိခဲ့ကြဟု ဆိုပါသည်။ တပ်မတော်နှင့်ပြည်သူလူထုသည် တဖြည်းဖြည်းကင်း ကွာသထက် ကင်းကွာသွားခဲ့ကြသည်။
၁၉၄၇-ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကက်ဘိနက်အစည်းအဝေးတက်ရောက်သူများ လုပ်ကြံခံခဲ့ရသည်။ လက်သည်တရားခံမှာ ဂဠုန်ဦးစောဖြစ်ကြောင်း အားလုံးသိပြီးဖြစ်ပါသည်။ သို့သော် ယင်းကဲ့သို့ လုပ်ကြံမှု မဖြစ်မီ ကာလတစ်ခုတွင် ဂဠုန်ဦးစော ရုံးကအပြန် မြေနီကုန်းတွင် ကားချင်းယှဉ်ပြီး သေနတ်ဖြင့်ပစ်ခတ်သောကြောင့် ဦးစော၏ မျက်ခုံးတွင် ဒဏ်ရာရခဲ့ပါသည်။ ဦးစောအနေဖြင့် သူ့အား ဗိုလ်ချုပ်အောင်ဆန်းတို့က လုပ်ကြံသည်ဟု အထင်အမြင်မှား မှတ်ယူခဲ့ပြီး တန်ပြန် လက်စားချေခဲ့ခြင်းဖြစ်သည်။ သမိုင်းများတွင် ထိုအချက်အား ခပ်မှိန်မှိန်မျှသာ ဖေါ်ပြခဲ့ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံခဲ့ရပြီး နောက်ပိုင်းတွင်လည်း နိုင်ငံရေးသမားများအား လုပ်ကြံသတ်ဖြတ်မှုများ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ အင်္ဂလန်သို့ သွားရောက်၍ လွတ်လပ်ရေးတောင်းဆိုရာတွင် အရေးပါအရာရောက်သူ တစ်ဦးဖြစ်သည့် အိုင်စီအက်ဟောင်း ဦးတင်ထွဋ်သည် လွတ်လပ်ရေးရပြီးကာမှ ကားဗုံးအခွဲခံရသဖြင့် ကျဆုံးခဲ့ရသည်။ ထိုအမှုတွင် မည်သူ့လက်ချက်ဖြစ်သည်ကို ဖေါ်ထုတ်ခဲ့ခြင်း မရှိပါ။ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုများသည် မြန်မာပြည်တွင် အစဉ်အလာတစ်ခု လိုလိုဖြစ်လာခဲ့သည်။ အထူးသဖြင့် အတိုက်အခံခေါင်းဆောင်များ ဖြစ်ကြသည့် သခင်သန်းထွန်း ကအစပြု၍ ဦးကိုနီ အလယ် ၊ ဖဒိုမန်းရှာ အဆုံးလုပ်ကြံခံခဲ့ကြရသည်။ ဗိုလ်ချုပ်ကြီးတင်ဦး၊ ဗိုလ်ချုပ်စစ်မောင်တို့သည်လည်း လုပ်ကြံခံရသည်ဟု အများစုက ယုံကြည်ထားခဲ့ကြသည်။ ၁၉၉၀-ပြည့်နှစ် ရွေးချယ်ခံခဲ့ ရသော ကိုယ်စားလှယ်များ ဖြစ်သည့် ဦးလှဖေသည် ထိုင်းနိုင်ငံ ဘန်ကောက်တွင်၎င်း၊ ဦးဝင်းကို သည်လည်း တရုတ်ပြည် ကူမင်းမြို့တွင်၎င်း လုပ်ကြံခံခဲ့ကြရသည်။ ၂၀၂၀- နှောင်းပိုင်းတွင်မူ လုပ်ကြံသတ်ဖြတ်မှုများမှာ ကြောက်ခမန်းလိလိ တိုးတက်လာခဲ့ပါတော့သည်။ လုပ်ကြံသတ်ဖြတ်မှုများသည် နိုင်ငံရေး “ဓလေ့” တစ်ခု ဖြစ်လာမည်လားဟု စိုးရိမ်စရာ ဖြစ်ပါသည်။
ယင်းကဲ့သို့ မကောင်းသည့်အစဉ်အလာများကို တားဆီးရန်အတွက် မည်သူတစ်ဦးတစ်ယောက်ကမျှ အားထုတ်ခဲ့သည် ကိုလည်း မတွေ့ရပေ။ တိုင်းပြည်၏ အကျိုးစီးပွါးအတွက် မည်သို့မည်ပုံ ဆောင်ရွက်ကြမည်ဆိုသည့်ကိစ္စအား ဆွေးနွေးခြင်းဖြင့် ဆောင်ရွက်လိုသည့် အလေ့အကျင့်များ ခေါင်းပါးနေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်ဟု ဆိုပါသည်။
၁၉၈၈- အထိ တပ်မတော်တွင် အကျင့်ပျက်ခြစားမှုများ ရှိပင်ရှိခဲ့သော်လည်း များများစားစား မတွေ့ရသေးဟုဆိုသည်။ ၁၉၈၈-နောက်ပိုင်းတွင်မူ တပ်မတော်အရာရှိကြီးများ၏ ပိုင်ဆိုင်မှုနှင့် စီးပွါးရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်မှုများ သည် သိသိသာသာကြီးထွားလာသည်ကို သတိပြုမိကြမည်။ ကုန်စျေးနှုန်းများမှာလည်း တဟုန်ထိုး တက်သွားသည်ကို မှတ်တမ်းများတွင်ပြန်လည် တိုက်ဆိုင်ကြည့်ရှုလျှင် တွေ့နိုင်မည်ဖြစ်သည်။ အချို့က ထိုင်းနိုင်ငံတွင်လည်း စစ်ဖက် အရာရှိကြီးများ၏ နိုင်ငံရေး ၊ စီးပွါးရေး လုပ်ငန်းများတွင် ပါဝင်မှု ခြစားမှုများရှိသည်ကို လက်ညှိုးထိုးပြကြပါသည်။ သို့သော် ထိုင်းနိုင်ငံသည် စီးပွားရေးကျဆင်းမသွားဘဲ တိုးပြီးရင်းတိုးနေသော်လည်း မြန်မာတွင်မူ စီးပွါးရေးကျပြီးရင်း ကျလာလိုက်သည်မှာ ယခုအခါ ကုန်းကောက်စရာပင် မရှိတော့သည့် အခြေအနေဖြစ်နေပြီဆိုလျှင် မည်သူမျှငြင်းနိုင်မည် မဟုတ်ပေ။
တပ်မတော်သည် မြန်မာ့နိုင်ငံရေးလောကအတွင်းသို့ ပါဝင်ပတ်သက်ခဲ့သည်မှာ ၁၉၅၈-ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်ကတည်းကဟု ဆိုနိုင်ပါမည်။ ၁၉၆၂-ခုနှစ် အာဏာသိမ်းပိုက်ပြီးသည့်နောက်ပိုင်းတွင်မူ မြန်မာ့နိုင်ငံရေးထဲသို့ လုံးလုံးလျားလျား ပါဝင်ပတ်သက်လာပါသည်။ ခေါင်းဆောင်ပိုင်းထဲတွင် ဦးနေဝင်းတစ်ဦးထဲက ပြည်သူ့ဘဏ္ဍာငွေများအား သုံးချင်သလို သုံးစွဲလာခဲ့သော်လည်း ကျန်အရာရှိကြီးများတွင်မူ ထိုသို့မဟုတ်ခဲ့ပေ။ အချို့သော ထိပ်တန်းအရာရှိ ကြီးများသည် လုပ်သက်ပြည့်ပင်စင်ရယူပြီးကာလများတွင်ပင် နေစရာကိုယ်ပိုင်အိမ် မရှိခဲ့ကြဟု သိရပါသည်။
သို့သော်လည်း ၁၉၈၈-ခုနှစ် နောက်ပိုင်းကာလများတွင်မူ အရာရှိကြီးငယ်များအထိ ပိုင်ဆိုင်မှုများမှာ ကြောက်ခမန်းလိလိပိုင်ဆိုင်လာခဲ့ကြသည်မှာ မည်သူမျှ ငြင်းဆိုနိုင်မည်မဟုတ်ပေ။ ထိုမျှမက ယခင်က တပ်မတော်ဆိုင်ရာလုပ်ငန်းများကို စာရင်းစစ်နေခဲ့ကြသော (External Audit) အား စာရင်းရုံးလက်အောက်မှ တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာန လက် အောက်သို့ ပြောင်းရွေ့ထားလိုက်သည်။ ထိုအခါမှစ၍ တပ်မတော်တွင် ဌာနတွင်း စာရင်းစစ်လုပ်ငန်းအပြင် (ထုံးစံအရ) ပြင်ပစာရင်းစစ်လုပ်ငန်းများ လုံးဝမရှိတော့သည့် သဘောဖြစ်သွားခဲ့သည်။ တပ်မတော် အရာရှိကြီးများ၏ သုံးစွဲသော ငွေစာရင်းများအား ပြင်ပစာရင်းစစ်သည့်လုပ်ငန်းများ မရှိတော့သည်မှာ ယခုတိုင်အောင်ဖြစ်သည်။ ထိုအခါ တပ်မတော်၏ ငွေကြေးသုံးစွဲမှုများသည် နိုင်ငံတော်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ညီ-မညီ မည်သူမျှ မစိစစ်နိုင်တော့ပေ။ ၂၀၀၈-အခြေခံ ဥပဒေကလည်း ယင်းကဲ့သို့ မစစ်ဆေးနိုင်စေရန် အကာအကွယ်ပေးထားခဲ့သည်။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များအား ဦးဆောင်တာဝန်ယူနေရသည်မှာ မည်သူမျှ ငြင်းပယ်ကြမည် မဟုတ်ပေ။ သို့သော်လည်း နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို စိတ်ရှိသလို လုပ်ချင်တိုင်းတော့ ဝင်လုပ်၍တော့ မရနိုင်ကြောင်း မျှလောက်ကိုတော့ လက်ခံကြဖို့လိုပါသည်။ ၁၉၈၈-ခုနှစ် နောက်ပိုင်းနှစ်ကာလများတွင် တပ်မတော်နှင့် ပြည်သူလူထုမှာ တဖက်နှင့်တဖက် ယုံကြည်မှု အကြီးအကျယ် ပျက်သုဉ်းခဲ့သည်။ တပ်မတော်ကိုယ်တိုင်က ပြည်သူလူထုအပေါ် အယုံအကြည်ကင်းမဲ့လာခဲ့သည်။ တပ်မတော်က သုံးစွဲနေရသော ကုန်ပစ္စည်းပိုင်းဆိုင်ရာ ထုတ်လုပ်သည့် စက်ရုံအလုပ်ရုံများကို တပ်မတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်သည်။ ဥပမာအားဖြင့် – သမိုင်းချည်ထည်စက်ရုံ ၊ တာပေါ်လင် စက်ရုံ ၊ဖိနပ်စက်ရုံ စသဖြင့် တပ်မတော်က သုံးစွဲနေသော ပစ္စည်းများကိုထုတ်လုပ်သည့် အလုပ်ရုံစက်ရုံများကို တပ်မတော်ပိုင်အဖြစ် လွဲပြောင်းခဲ့ကြသည်။ တပ်ရိက္ခာအတွက် စပါးစိုက်ပျိုးသည့် လယ်သမားပိုင် လယ်မြေများကိုပင် တပ်ရင်းအလိုက် သိမ်းပိုက်ခဲ့ကြသည်။ ပြည်သူသာအမိ၊ ပြည်သူသာအဖဟူသော ကြွေးကြော်သံအစား တပ်မတော်သာအမိ၊ တပ်မတော်သာအဖ- ဟုပြောင်းလဲ၍ ပိုစတာကြီးများ ထူထောင်ခဲ့သည်။ ထိုအချက်အား အငြိမ်းစားတပ်မတော် အရာရှိကြီးများက ပြည်သူနှင့်တပ်မတော်၏ တသားထဲဖြစ်နေမှုကို ဖျက်သိမ်း၍ ပြည်သူနှင့်တပ်မတော်ကို ခွဲခြားထားလိုက်ခြင်းဖြစ်သည့်အတွက် နှစ်သက်မှု မရှိခဲ့ကြဟု ဆိုပါသည်။ တပ်မတော်နှင့် ပြည်သူလူထုသည် တဖြည်းဖြည်းကင်း ကွာသထက် ကင်းကွာသွားခဲ့ကြသည်။
ယင်းအချက်ကို သိသာထင်ရှားစွာ ဖေါ်ပြနေသော အချက်များက သက်သေပြနေပါသည်။ တပ်မတော်က ၁၉၉၃-ခုနှစ်တွင် လူမှုအသင်းအဖြစ် စတင်ထူထောင်ခဲ့ပြီး ၂၀၁၀- ရွေးကောက်ပွဲနီးလာသည့်အခါ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော “ကြံခိုင်ရေးပါတီ” သည် လူ / ငွေကြေး / ပစ္စည်း / လေ့ကျင့်ရေး အင်အား အပြည့်အစုံဖြင့် ၂၀၁၀- ရွေး ကောက်ပွဲကို ဝင်ရောက်ရွေးချယ်ခံခဲ့သည်။ အားလုံးသိကြသည့်အတိုင်း ကြိုတင်မဲများကို ဥပဒေမဲ့ အိတ်လိုက်ထမ်းချပြီး မဲအသာရအောင် လုပ်၍အနိုင်ယူခဲ့သည်။ ကန့်ကွက်၍ မရနိုင်သော်လည်း ကန့်ကွက်သူ များများစားစား မရှိခဲ့ပေ။ NLD , SNLD စသောပါတီများ မပါဝင်သောကြောင့်နိုင်သည်ဟု ဆိုကြပါသည်။ မည်သို့ပင်ဖြစ်စေ စစ်တပ်အစိုးရ ထက်စာလျှင် အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်လာခြင်းက ပိုမိုကောင်းမွန်စေမည်- ဟူသောအယူအဆဖြင့် လက်ခံထားလိုက်ကြသည်။ အဆိုပါ အရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများသည်လည်း ထင်ထားသည်ထက် များစွာပိုမိုကောင်းမွန်ခဲ့သည်။ စာပေလွတ်လပ်ခွင့်များလည်း လမ်းဖွင့်ပေးနိုင်ခဲ့သည်။ အတိုက်အခံ NLD ပါတီအား လွှတ်တော်အတွင်းသို့ ဝင်ရောက်အောင် ဆွဲဆောင်နိုင်ခဲ့သည်။ ပြည်သူလူထုအနေဖြင့် အဆိုပါ အရပ်သားအစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို သြဘာပေး လက်ခံခဲ့ကြသည်။
သို့ဆိုလျှင် ၂၀၁၅- အထွေထွေ ရွေးကောက်ပွဲတွင် ကြံခိုင်ရေးပါတီသည် ထပ်မံအနိုင်ရဖို့ ရှိရမည်ဖြစ်သော်လည်း လက်တွေ့တွင် အနိုင်မရခဲ့ပေ။ အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကသာလျှင် အပြတ်အသတ် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုနှင့် ပါတီ၏ မူဝါဒများကြောင့် နိုင်သည်ဟု ဆိုနိုင်သော်လည်း ယင်းကဲ့သို့ အပြတ်အသတ်ကြီးနိုင်ခြင်းသည် စစ်တပ်ကကျောထောက်နောက်ခံပေးထားသော ကြံ့ခိုင်ရေးပါတီအား မဲမပေးလို၍ ဖြစ်ကြောင်း သိသာနေပါသည်။ အဆိုပါ အချက်ကို ၂၀၂၀- ရွေးကောက်ပွဲက ထပ်မံ သက်သေပြလိုက်သည်ဟု ဆိုနိုင်ပါသည်။ အကဲဖြတ်အချို့၏ အဆိုအရ- စစ်တပ်က ကျောထောက်နောက်ခံ ပြုနေသရွေ့ ကြံ့ခိုင်ရေးပါတီအနေဖြင့် ပထမနေရာ အနိုင်ရဖို့ အခွင့်အရေးမျိုး ရနိုင်ဖို့ အလွန်ခက်ခဲသည်ဟု ဆိုပါသည်။ ဤကား တပ်မတော်နှင့် ပြည်သူအများစု၏ တစ်ဖက်နှင့်တစ်ဖက် ထားရှိသော သဘောထားများ ကွဲလွဲနေခြင်း၏ အကျိုးရလဒ်များဖြစ်သည်ဟု ဆိုပါသည်။
တိုင်းပြည်၏ အာဏာအ ရပ်ရပ်ကိုပါ ရယူကိုင်တွယ်ကျင့်သုံးနေသော စစ်တပ်အနေဖြင့် နိုင်ငံရေးအရ၊ စစ်ရေးအရ၊ ဥပဒေရေးအရ အစစအရာ ရာ လုပ်ပိုင်ခွင့် ရရှိထားသော်လည်း ရေရှည်ငြိမ်းချမ်းရေးကို
မတည်ဆောက်နိုင်ခဲ့ပေ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအား ဆန်းစစ်ကြည့်လျှင် ၁၉၆၀- ပြည့်နှစ်မှသည် ယခု ၂၀၂၃- ခုနှစ်အထိ လျော့နည်းသွား ရမည့်အစား ပို၍ပို၍ပင် တိုးပွားများပြားလာသည်မှာ အဘယ်ကြောင့်နည်းဟု မေးခွန်းထုတ်ကြသည်။
၂၀၂၁- ခုနှစ်တွင် တပ်မတော်က နိုင်ငံတော်အာဏာကို ထိန်းသိမ်းလိုက်သည်ဟု ဆိုပါသည်။ နိုင်ငံတော်အာဏာကို ထိန်းသိမ်းလျှင် နိုင်ငံတော်၏ တရားဥပဒေများကိုလည်း ထိန်းသိမ်းရန်လိုသည်။ လိုက်နာကျင့်သုံးရန်လိုသည်။ ပြည်သူ အများကိုလည်း လိုက်နာကျင့်သုံးစေရန် ကြပ်မတ်ဖို့လိုသည်။ သို့သော် အာဏာကိုသာ ရယူခဲ့ပြီး တရားဥပဒေကိုမူ လိုက်နာကျင့်သုံးခြင်း မပြုခဲ့ခြင်းသည် မဟာအမှားကြီး ဖြစ်ခဲ့သည်။ နိုင်ငံတော်၏ အာဏာကို ထိန်းသိမ်းလိုက်သည်ဟုဆို လိုက်သည်နှင့် ပြည်သူလူထု၏ ထောက်ခံမှုအစား ဆန့်ကျင်ဆန္ဒပြမှုများကို ရင်ဆိုင်ရမည်မှာ ကြိုတင်သိထားသော ကိစ္စဖြစ်ပါသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော လူများကို သတ်မှတ်ထားသည့် ဥပဒေနှင့်အညီသာ လူစုခွဲရမည်ဖြစ်သော်လည်း အလွန်တရာပြင်းထန်သော နည်းလမ်းများကို သုံးစွဲခဲ့သောအခါ လူထု၏အမုန်းတရားများကို ရခဲ့သည်သာမက နာကြည်းမှုများကိုပါ ရရှိစေခဲ့သည်။ ဤအချက်မှာ တပ်မတော်အဖွဲ့အစည်းအတွက် ကောင်းမွန်သောရလဒ် မဟုတ်ပေ။
ပြည်သူလူထု၏ အထင်အမြင် လွဲမှားမှုသည် လွယ်လွယ်ကူကူ ပြန်လည်ကုစား၍ ရတတ်သည့် အရာမျိုးမဟုတ်ပေ။ ပြည်သူလူထုဟု ဆိုသောအခါ တိုင်းရင်းသားပြည်နယ်များရှိ လူထုကိုပါ ထည့်သွင်းရပါမည်။ တိုင်းပြည်၏ အာဏာအ ရပ်ရပ်ကိုပါ ရယူကိုင်တွယ်ကျင့်သုံးနေသော စစ်တပ်အနေဖြင့် နိုင်ငံရေးအရ၊ စစ်ရေးအရ၊ ဥပဒေရေးအရ အစစအရာရာ လုပ်ပိုင်ခွင့် ရရှိထားသော်လည်း ရေရှည်ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ခဲ့ပေ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများအား ဆန်းစစ်ကြည့်လျှင် ၁၉၆၀- ပြည့်နှစ်မှသည် ယခု ၂၀၂၃- ခုနှစ်အထိ လျော့နည်းသွား ရမည့်အစား ပို၍ပို၍ပင် တိုးပွါးများပြားလာသည်မှာ အဘယ်ကြောင့်နည်းဟု မေးခွန်းထုတ်ကြသည်။ အချို့ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများကို သက်တမ်းရှည် ဆက်လက်ရှိနေစေရန် – တပ်မတော် ဖက်က တမင်တကာ ဆောင်ရွက်ထားသည် ဟူသော စွပ်စွဲချက်များပင် ရှိနေခဲ့ပါသည်။
လက်ရှိ အခြေအနေအား ဆန်းစစ်ကြည့်ရာတွင် – လုပ်ရင်းကိုင်ရင်း တပ်မတော်အတွက် ရင်ဆိုင်နေရသော စစ်မျက်နှာသည် အလွန်များပြားနေသည်။ သုတေသနအချို့၏ အဆိုအရ နိုင်ငံတဝှမ်း၏ ၆၀% အထက်တွင် ရှိသည်ဟုဆိုသည်။ ဘယ်ခေတ်ဘယ်အခါကမျှ မကြုံခဲ့ဖူးသော အခြေအနေမျိုးဖြစ်ပါသည်။ ယနေ့အထိ နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကိုလည်း မရရှိသေးသည့်အပြင် စီးပွါးရေးအရ / သံခင်းတမန်ခင်းအရ ပိတ်ပင်မှုများကိုလည်း ရင်ဆိုင်နေရပြန်သည်။ မိမိတို့၏ စီနီယာများက ကြိုးပမ်းအားထုတ်ပြီး တပ်မတော်အတွက် ဦးစားပေးရေးသား အတည်ပြုခဲ့သည့် ၂၀၀၈- အခြေခံ ဥပဒေအား ဆက်လက်တည်တံ့ ခိုင်မြဲနေရေး ဆိုသည့်တာဝန်ကြီးကလည်း ရှိနေပါသည်။
ယနေ့ လက်ငင်းအခြေအနေမှာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသူအား အာဏာလွဲပေးရုံမျှဖြင့် ကိစ္စပြီးသည့် အခြေအနေမျိုး မဟုတ်တော့ပေ။ ရွေးကောက်ပွဲလုပ်ရန် လိုအပ်သည့် လူသားအရင်းအမြစ်များကအစ အခက်အခဲဖြစ်နေရသော အချိန်ကာလ ဖြစ်နေသည်။ တရားမျှတသော ရွေးကောက်ပွဲကို ကျင်းပရန်မှာ ကာချုပ်ကြီးဆိုခဲ့သလို အခြေအနေများ တည်ငြိမ်သွားမှသာလျှင် ကျင်းပနိုင်မည် ဖြစ်သည်။ လက်ရှိအခြေအနေမှာ ရွေးချယ်ခံ အရပ်သားအစိုးရတစ်ရပ်သို့ အာဏာလွဲပေးနိုင်သည်ဟု ဆိုစေကာမူ နောက်ဆက်တွဲဖြေရှင်းရမည့် ကိစ္စရပ်များစွာက ဆက်လက်ရှိနေအုန်းမှာ ဖြစ်ပါသည်။ တပ်မတော်အနေဖြင့်လည်း နိုင်ငံရေးမှ ကင်းကင်းရှင်းရှင်း နေလိုက်ရန် ဆိုသည်မှာလည်း လက်တွေ့တွင် အလွန်ကို စွန့်စားရမည့်ကိစ္စ ဖြစ်သွားသည်။
ထို့အပြင် လက်ငင်းပြဿနာ တစ်ရပ်မှာ နိုင်ငံတော်၏ စီးပွါးရေး အခြေအနေသည် အလွန်စိုးရိမ်ရသော အခြေအနေသို့ ဆိုက်ရောက်နေခြင်း ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးများတွင် ချို့ယွင်းအားနည်းနေသည့်အပြင် လက်ငင်း အခက်အခဲမှာ ပြည်သူလူထု၏ စားဝတ်နေရေးကိစ္စ ဖြစ်လာနေပါသည်။ စီးပွါးရေးကိစ္စ ဟုမဆိုတော့ပါ။ စားဝတ်နေရေး ကိစ္စဟုသာ ဆိုရပါမည်။ ငွေကြေးဖေါင်းပွမှု၊ ပို့ကုန်နည်းပါးမှု၊ ကုန်ထုတ်လုပ်ငန်းများ ကျဆင်းမှု၊ စားနပ်ရိက္ခာ ထုတ်လုပ်ရာတွင် သွင်းအားစုများအတွက် စျေးကြီးမှုများ၊ ဒေသများတွင် စစ်ဘေးစစ်ဒဏ်ခံနေရမှုများ စသဖြင့် လူထု၏ စားဝတ်နေရေးကို ထိခိုက်မှုမှာ တဖြည်းဖြည်းကြီးထွါးလာနေပါသည်။ စီးပွါးရေးကိစ္စဆိုလျှင် ဆိုဖွယ်မရှိပြီ။
သို့ဆိုလျှင် ဘာဆက်လုပ်သင့်ပါသနည်း။
ဝါရင့် ဆိုသည့်အတိုင်း အလွန်ကိုပင် ရင့်ကျက်ကြပါသည်။ ဘာလုပ်သင့်သနည်းဆိုသည့် မေးခွန်းအား မည်သူကမျှ ဖြေဆိုကြခြင်း မရှိပေ။ သူတို့မသိ၍တော့ ဟုတ်ဟန်မတူပါ။ တစ်စုံတစ်ရာ အန္တရာယ်ကို မြင်တွေ့နေကြသောကြောင့်ဟု ထင်မြင်မိပါသည်။ မည်သို့ပင်ဆိုစေ သူတို့တတွေ၏ အကဲဖြတ်ချက်များသည် ပြစ်ပယ်ထား၍မရဘဲ ထည့်သွင်းစဉ်းစား သင့်သည်ဟုသာ မှတ်ချက်ပေးလိုပါသည်။
၂၀၁၆-၂၀ အထိ အာဏာရခဲ့သော နိုင်ငံရေးပါတီ၏ မြန်မာနိုင်ငံအား အုပ်ချုပ်ခဲ့ပုံကို ဆွေးနွေးခဲ့ကြသော အချက်အလက် များကို နောက်ထပ်ဆောင်းပါးတစ်စောင်ဖြင့် ဆက်လက် ဖေါ်ပြသွားမည် ဖြစ်ပါသည်။
ဉာဏ်လင်း