ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းပုံဥပဒေ နှင့် ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းပုံဥပဒေ

ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးနှင့် အခြေခံအကျဆုံး ဥပဒေ ဖြစ်သည်။ နိုင်ငံ၏ နိုင်ငံရေးစနစ်ပုံစံကို တရားဝင်ရေးဆွဲဖေါ်ပြထားသော အထောက်အထားတစ်ခုလည်းဖြစ်သည်။ ဖွဲ့စည်းပုံ ဥပဒေများထဲတွင် ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းပုံဥပဒေ နှင့်  ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းပုံဥပဒေဟူ၍ ထပ်မံခွဲခြားထားသည်။  A.V Dicey ကတော့ “ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းပုံဆိုသည်မှာ သာမန်ဥပဒေတွေကဲ့သို့ ပုံမှန်နည်းလမ်းများနှင့် ပြုပြင်၍မရဘဲ ပြင်ဆင်ရန်အတွက် သီးခြားသတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေများ ဖြစ်သည်” ဟု ဆိုထားပါသည်။ ပြည်သူ့ဆန္ဒခံယူပွဲများ ကျင်းပ၍ ပြင်ဆင်ခြင်းနှင့် ဥပဒေပြုအမတ် အရေအတွက် ပုံမှန်ထက်ကျော်လွန်ပြီး သီးခြားသတ်မှတ်ထားသော ထောက်ခံမှု အရေအတွက်ဖြင့်သာ ပြင်ဆင်နိုင်သော ဥပဒေများဖြစ်သည်။ ပြင်ဆင်ရန်လွယ်ကူသော ဖွဲ့စည်းပုံများမှာ ပုံမှန်ဥပဒေများကဲ့သို့ ပြင်ဆင်နိုင်သော ဖွဲ့စည်းပုံမျိုးကို ဆိုလိုပါသည်။ ကမ္ဘာပေါ်တွင် ဩစတြေးလျဖွဲ့စည်းပုံ အခြေခံဥပဒေ (Constitution of Australia) သည် ပြင်ဆင်ရန်ခက်ခဲသော ဖွဲ့စည်းပုံဟု သတ်မှတ်ကြပြီး၊ ဗြိတိန်နှင့် အစ္စရေးဖွဲ့စည်းပုံတို့သည် ပြင်ဆင်ရန် လွယ်ကူသော ဖွဲ့စည်းပုံများ အဖြစ်သတ်မှတ်ကြသည်။ ကမ္ဘာပေါ်တွင် ပထမဆုံး၊ အပြည့်စုံဆုံး စနစ်တကျ ရေးသားသည့် ဖွဲ့စည်းပုံသည် ၁၇၈၈ ခုနှစ် ဇွန်လ (၂၁) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည့် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်သည်။

ဘာကြောင့်စနစ်တကျ ဖွဲ့စည်းပုံဥပဒေတွေကို ရေးဆွဲလာကြသလဲ?  ဘယ်လိုနိုင်ငံမျိုးတွေက ရေးဆွဲကြသလဲ?   

ပထမဆုံး နှင့် အပြည့်စုံဆုံး ဖွဲ့စည်းပုံကို ရေးဆွဲပြဋ္ဌာန်းခဲ့သည့် အမေရိကန်ပြည်ထောင်စုသည် အင်္ဂလိပ်ကိုလိုနီဘဝမှ လွတ်လပ်ရေးရယူခဲ့သော နိုင်ငံဖြစ်သည်။  သက်ဦးဆံပိုင် ဘုရင်စနစ်မှ ပြောင်းလဲခြင်း၊ အာဏာရှင်စနစ်ကို တော်လှန်၍ နိုင်ငံ ပြန်လည်တည်ဆောက်ခြင်း၊ ကိုလိုနီဘဝမှ လွှတ်လပ်ရေးရယူခြင်း စသောအခြေအနေမျိုးဖြင့် တိုင်းပြည်ကို အသစ်ပြန်လည် ထူထောင်သည့် နိုင်ငံများတွင် ရေးဆွဲကြသည်ကို တွေ့ရသည်။

ထိုကဲ့သို့သော နိုင်ငံများတွင် မိမိတို့၏ လိုလားချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စနစ်တကျ ရေးဆွဲပြဋ္ဌာန်းပြီး အုပ်ချုပ်သူ အဆက်ဆက်အတွက် လမ်းပြ မြေပုံတစ်ရပ်ကဲ့သို့ သတ်မှတ်ထားတတ်ကြသည်။ ထိုနိုင်ငံများရှိ ပြည်သူများ၏ ဆန္ဒကို ဆန်းစစ်ကြည့်လျှင် အောက်ပါအတိုင်းတွေ့ရှိရ၏။

(က) ပြည်သူများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် အုပ်ချုပ်သူလူတန်းစား၏ လုပ်ကိုင် ဆောင်ရွက် မှုကို ထိန်းချုပ်ထားနိုင်ရန်။

(ခ) ပြည်သူများအပေါ် အစိုးရအနေဖြင့် အာဏာရှင်ဆန်သော အပြုအမူများမပြုလုပ်စေရန်နှင့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုကို အစဉ်တစိုက် ဆောင်ရွက်ရန်။

(ဂ) နိုင်ငံရေးစနစ်အသစ်တစ်ရပ်ကျင့်သုံးရန်နှင့် နိုင်ငံရေးတွင် လူတိုင်းပါဝင် ပတ်သက်လာစေရန်။

(ဃ) မတူညီသော လူမှုဝန်ကျင်အားလုံး တန်းတူအခွင့်အရေး ရရှိစေရန်နှင့် သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ကိုယ်ပိုင် အခွင့်အရေးများ သီးခြားရရှိစေရန်။

ထိုကဲ့သို့သော ဆန္ဒများဖြင့်  စုစည်းရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် နိုင်ငံတော်၏ လမ်းပြမြေပုံကို သက်တမ်းအလိုက် အနိုင်ရသော အုပ်ချုပ်သူများမှ စိတ်တိုင်းကျ ပြင်ဆင်သွားမည်ကိုလည်း စိုးရိမ်မှုရှိကြသည်။ ထို့ကြောင့် အလွယ်တကူ မပြင်ဆင်နိုင်အောင်လည်း စီစဉ်ထားတတ်ကြသည်။ ကမ္ဘာပေါ်တွင် ဩစတြေးလျ ဖွဲ့စည်းပုံ(Constitution of Australia) သည် ပြင်ဆင်ရန် အခက်အခဲဆုံး ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုဖြစ်သည်။  ဩစတြေးလျ ဖွဲ့စည်းပုံ (Constitution of Australia) ကို ပြင်ဆင်ရန် သတ်မှတ် ထားသော နည်းလမ်းများမှာ –

၁။ အထက်လွှတ်တော် နှင့် အောက်လွှတ်တော်နှစ်ရပ်စလုံးတွင် ကိုယ်စားလှယ်စုစုပေါင်း သုံးပုံ နှစ်ပုံ ထောက်ခံရန် လိုအပ်သည်။

၂။ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ် သုံးပုံ နှစ်ပုံ ထောက်ခံမှုရရှိပါက ပြည်နယ် ၆ ခု နှင့် ဒေသ ၂ ခုတို့တွင် ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ရမည်။ အောက်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူအားလုံး ထိုဆန္ဒခံယူ ပွဲတွင် မဲပေးရမည်။

၃။ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ပြည်နယ် ၆ ခုထဲမှ အနည်းဆုံး ပြည်နယ် ၄ ပြည်နယ် ထောက်ခံ ဆန္ဒမဲပေးရန်လိုအပ်သည်။ ထို့အပြင် ပြည်နယ် ၆ ပြည်နယ်နှင့် ဒေသ ၂ ခုရှိ မဲဆန္ဒရှင်အားလုံး စုစုပေါင်း ၏ တစ်ဝက် နှင့် အထက်ထောက်ခံ မဲပေးရန်လည်း လိုအပ်သည်။ ဆန္ဒခံယူပွဲတွင် ပုံစံ ၂ မျိုးစလုံး၏ ထောက်ခံမှု (Double Majority) ရမှာသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်သည်။

ယူနိုက်တက်ကင်းဒန်း (UK) ၏ ဖွဲ့စည်းပုံသည်  ပြင်ဆင်ရန် လွယ်ကူသည့် ဖွဲ့စည်းပုံ ဖြစ်သည်။ UK တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရန်အတွက် သီးခြားသတ်မှတ်ထားသော နည်းလမ်းများမရှိဘဲ ပုံမှန်ဥပ​ဒေများ ပြင်ဆင်သလို ကိုယ်စားလှယ် အများစု ထောက်ခံမှု နှင့် ပြင်ဆင်နိုင်သည်။

မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံများထဲမှ ဒီမိုကရေစီ စနစ်ကျင့်သုံးသော ဖွဲ့စည်းပုံများ ဖြစ်သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်ပုံနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံတို့တွင် ပြင်ဆင်ရမည်ပုံစံများကို အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရသည်။

၁၉၄၇ ဖွဲ့စည်းပုံ – လွှတ်တော်နှစ်ရပ်စလုံးရှိ ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံ နှစ်ပုံအောက် မလျော့သော အမတ်များမှ လွှတ်တော်နှစ်ရပ် တွဲဘက် အစည်းအဝေးတွင် ထောက်ခံပါက ဥပဒေကြမ်းကို အတည်ပြုနိုင်သည်။

သို့သော်လည်း ပြည်နယ်များနှင့် သက်ဆိုင်သော ဥပဒေကြမ်းကို သက်ဆိုင်ရာ ပြည်နယ်များ၏ ကိုယ်စားလှယ် အများစုမှ ထောက်ခံမဲပေးခြင်း မပြုလျှင် ထိုဥပဒေကြမ်းကို အတည်မပြုရ ဟု သတ်မှတ်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ – ပြည်ထောင်စုလွှတ်တော်တွင် အနည်းဆုံး ကိုယ်စားလှယ် ၂၀% ထောက်ခံမှသာ အဆိုအဖြစ် စတင် ဆွေးနွေးနိုင်သည်။

ဖွဲ့စည်းပုံရှိ တစ်ချို့သော ပုဒ်မများသည် လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅% အထက်ထောက်ခံပါက ပြင်ဆင် နိုင်သည်။ ထိုပုဒ်မများမှ လွဲ၍ ကျန်ပုဒ်မများသည် ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅% အထက်ထောက်ခံမှု ရရှိပြီးပါက ပြည်သူ့ဆန္ဒခံယူပွဲ ထပ်မံပြုလုပ်၍ မဲဆန္ဒရှင်များ၏ သဘောထားရယူရမည်။ ထိုသို့ သဘောထား ရယူရာတွင် မဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း၏ ထက်ဝက်ကျော် ထောက်ခံပါမှ ပြင်ဆင်ခွင့်ရရှိသည်။

ယခုလက်ရှိ အာဏာသိမ်းစစ်တပ် လက်ခံထားသော ၂၀၀၈ ဖွဲ့စည်းပုံ၏ ပြင်ဆင်နိုင်မှု အခြေအနေကို လေ့လာရာတွင် သာမန်အားဖြင့် ဩစတြေးလျ ဖွဲ့စည်းပုံလောက် ပြင်ဆင်ရန် ခက်ခဲခြင်းမရှိသည်ကို တွေ့ရှိ ရသော်လည်း လွှတ်တော် ကိုယ်စားလှယ်များ၏ ပါဝင်မှုနှင့် မဲပေးသည့်စနစ်ကို လေ့လာပါက ကမ္ဘာပေါ်တွင် ပြင်ရန် အခက်အခဲဆုံး ဖွဲ့စည်းပုံ ဖြစ်နေသည်။ တစ်နည်းဆိုရလျှင် ပြင်ဆင်ရန် လုံးဝမဖြစ်နိုင်သော ဖွဲ့စည်းပုံအဖြစ်  တွေ့မြင်ရပါသည်။ လွှတ်တော် အသီးသီးတွင် ပြည်သူများမှ ရွေးကောက်တင်မြောက်သည့် လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ စေလွှတ်သော လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ ဟူ၍ နှစ်မျိုးတွေ့ရှိရသည်။ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၇၅% ကိုသာ ပြည်သူမှ ရွေးချယ်ခွင့်ရရှိပြီး ကျန်ကိုယ်စားလှယ် ၂၅% မှာ ကာကွယ်ရေး ဦးစီးချုပ်မှ ခန့်အပ်သော တပ်မတော်သားများ ဖြစ်ပါသည်။ ထိုအချက်သည် ပြည်သူ့များမှ ရွေးချယ်သော ကိုယ်စားလှယ် အားလုံး ပြင်ဆင်ချင်တောင်မှ စစ်တပ်မှ သဘောမတူလျှင် ပြင်ဆင်ခွင့်မရှိသော အခြေအနေကို ဖေါ်ပြနေပါသည်။ ထို့အပြင် တစ်ချို့သော ပုဒ်မများသည် ၇၅% ကျော် ထောက်ခံသည် ဆိုရင်တောင်   ပြည်သူ့ဆန္ဒခံယူပွဲကို ဆက်လက် လုပ်ဆောင်ရ သည်။ မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒခံယူပွဲ၊ ရွေးကောက်ပွဲများတွင် မဲဆန္ဒရှင်များအနေဖြင့် စိတ်တိုင်းကျ မဲပေးခြင်း၊ မဲမပေးခြင်းကို ရွေးချယ်ဆောင်ရွက်ခွင့်ရှိသည်။ သို့သော်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရန် ဥပဒေပြဋ္ဌာန်းချက်အရ ပြည်သူ့ဆန္ဒ ခံယူပွဲတွင် မဲပေးထောက်ခံသူ အရေအတွက်သည် မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၅၀% အထက် အရေအတွက်မရှိပါက ပြင်ဆင်ခွင့်ရရှိမည့် အခြေအနေမရှိသည်ကို တွေ့ရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ရေးဆွဲခဲ့သူများ၏ စိတ်ကြိုက်ပြဋ္ဌာန်းထားသော အကြောင်းအရာများကို သတ်မှတ် နည်းလမ်းဖြင့် ပြင်ဆင်ရန်မဖြစ်နိုင်သော ဖွဲ့စည်းပုံတစ်ခုဖြစ်သည်။ စနစ်တကျ ရေးဆွဲသည့် ဖွဲ့စည်းပုံများ၏ သဘောသဘာဝ အရ အုပ်ချုပ်သူ လူတန်းစားတစ်စုအနေဖြင့် ပြည်သူများအတွက် အာမခံချက်များ ပေးထားသော ပြဋ္ဌာန်းချက်များ၊ ဥပဒေများကို အလွယ်တကူ မပြင်ဆင်နိုင်အောင် စတင်ရေးဆွဲသူများမှ ဆောင်ရွက်ထားတတ်သည်။ မြန်မာပြည်၏ ၂၀၀၈ ဖွဲ့စည်းပုံ   ရေးဆွဲခဲ့သူများ၏ သဘောဆန္ဒကို လေ့လာရာတွင် အထက်တွင်ဖေါ်ပြထားသော သဘောဆန္ဒများကို အခြေခံ ခြင်းမျိုး မဟုတ်ဘဲ စစ်တပ်မှတိုင်းပြည်ကို စဉ်ဆက်မပြတ် ထိန်းချုပ်၍ရအောင် ရည်ရွယ်၍ရေးဆွဲထားသော ဖွဲ့စည်းပုံမျိုး ဖြစ်နေသည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်ကို ဖေါ်ဆောင်မည့် နိုင်ငံတစ်ခုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအား ပြင်ဆင်ရန်မစဉ်းစားဘဲ မဖြစ်မနေ ပယ်ဖျက်ရမည့် ဖွဲ့စည်းပုံ တစ်ခုအနေဖြင့်သာ စဉ်းစားဆောင်ရွက်သွားကြရပါမည်။

မောင်မြစ်သစ်