အသံဆောင်းပါး နားဆင်ရန်
“အရှေ့တီမော ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ၉ကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်တဲ့ သတင်းပါ။ ဒီလိုတက်ရောက်ခွင့် ရတာကလည်း အရှေ့တီမောသမ္မတ၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် Jose Romos Horta ရဲ့ တရားဝင်ဖိတ်ကြား ခံရလို့ပဲဖြစ်ပါတယ်။ အာရှနိုင်ငံတွေထဲမှာတော့ အရှေ့တီမောဟာ NUG ကို ပထမဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်လာပြီလို့ သတင်းတွေမှာ ရေးသားနေကြပါပြီ။”
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ကစလို့ နိုင်ငံရေးအပိတ်ကစားပြီး၊ တိုက်စစ်မြှင့်ခဲ့တဲ့ စစ်ကောင်စီ အနေနဲ့ အရေးပေါ် ထွက်ပေါက်ရလိုရငြား ရှာကြံလာနေပြီဖြစ်ပါတယ်။ NCAထိုးထားတဲ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ရဲ့လက်ကျန်ငါးဖွဲ့ကို နေပြည်တော်သို့ခေါ်ပြီး ဇွန်၂၆ ရက်ကနေ ဇွန်၂၈ ရက်အထိ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ပါတယ်။PPSTအဖွဲ့ဝင်အဖြစ်ကနေ အဆင့်လျော့ပြီး ပူးပေါင်းအဖွဲ့အဖြစ်သာ နေခဲ့ကြတဲ့၊ RCSS နဲ့ မွန်ပြည်သစ်ပါတီတို့တော့ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။ ဇွန်လထဲ ဝင်တာနဲ့ စစ်ကောင်စီရဲ့ လမ်းကြောင်းရှာတဲ့ အခင်းအကျင်းတွေ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပါတယ်။ ဇွန်၈ရက်မှာ သန်လျင်သဘာဝတရားရိပ်သာ ဆရာတော်အနေနဲ့ ကျန်းမာရေးမကောင်းရှာတဲ့ သူရဦးတင်ဦးထံ ချည်းကပ် ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးဆက်မလုပ်ဘဲ၊ ငြိမ်းချမ်းရေးကိုသာလုပ်ဖို့ တိုက်တွန်းခဲ့တဲ့ စကားတွေကြောင့် ဂယက်တွေ ထကုန်ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ စစ်ဗိုလ်ချုပ်တွေ ဒေါ်အောင်ဆန်းစုကြည်ထံ သွားရောက်တွေ့ဆုံတဲ့ သတင်းတွေ ခိုင်ခိုင်မာမာ ထွက်ပေါ်လာခဲ့ပေမဲ့ ဒီသတင်းထွက်လာတာဟာ သူတို့အနေနဲ့ ညှိနှိုင်းနေရပြီဆိုတာကို ပုံဖော်ချင်လို့ လုပ်ကြံဖန်တီးခြင်းသာ ဖြစ်တယ်လို့ ငြင်းဆိုထားတာကို တွေ့ရမှာပါ။ အခုလည်း PPST လက်ကျန်ငါးဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းမှုတွေလုပ်ပြီး မူပိုင်ဆိုင်ရာ သဘောတူချက် ၄ချက်နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူချက် ငါးချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးတယ်လို့ သတင်းထုတ်ပြန်ပါတယ်။
“ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားချင်တဲ့ ရပ်တည်ချက်ရှိပေမဲ့၊ စစ်ကောင်စီနဲ့ သုံးလေးကြိမ် တွေ့ဆုံခဲ့ပြီး အကျိုးရလဒ် ထွက်မလာတဲ့အအခါ PPST နဲ့ ခပ်ခွာခွာ နေပြခဲ့ပါတယ်။ အခုတော့ နွေဦးတော်လှန်ရေးမှာ EAO အားလုံးပါဝင်လာရင် မိမိတို့လည်း ပါဝင်မယ်လို့ နိုင်ဟံသာ ကိုယ်တိုင် ထုတ်ပြောလာပါပြီ။”
စစ်ကောင်စီနဲ့ ရှေ့ကဆွေးနွေးမှုတွေမှာ သဘောတူထားခဲ့တာတွေကို လက်မှတ်ရေးထိုးနိုင်ခဲ့သလို၊ NCA မထိုးထားတဲ့ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်(UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တ်ု့အပါအဝင် နိုင်ငံရေးပါတီများနဲ့ပါ စစ်ကောင်စီနဲ့ တွေ့ဆုံညှိနိုင်းမှုများ ပြုလုပ်နိုင်ရေးအတွက် ဆွေးနွေး သဘောတူခဲ့ကြတယ်လို့ PPST ဖက်က ပြောတာကို တွေ့ရပါတယ်။ စစ်ကောင်စီရော၊ PPST လက်ကျန်ငါးဖွဲ့အနေနဲ့ပါ အဓိက အသံထုတ်ပြောကြားလာတာကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး ဖြစ်နေတာကို သတိထားမိဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ လတ်တလော မြေပြင်အခြေအနေတွေအရ ဘယ်လိုမှ မဖြစ်နိုင်လောက်ဘူးဆိုတာကို လူတိုင်းတွေးမိကြမှာပါ။
“စစ်ကောင်စီရော၊ PPST လက်ကျန်ငါးဖွဲ့အနေနဲ့ပါ အဓိက အသံထုတ်ပြောကြားလာတာကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပနိုင်ရေး ဖြစ်နေတာကို သတိထားမိဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ လတ်တလော မြေပြင်အခြေအနေတွေအရ ဘယ်လိုမှ မဖြစ်နိုင်လောက်ဘူးဆိုတာကို လူတိုင်း တွေးမိ ကြမှာပါ။”
*PPST လက်ကျန်ငါးဖွဲ့ကို အားကိုးပွဲထုတ်လာတဲ့ စစ်ကောင်စီ *
NCA ထိုးထားတဲ့ PPST ၁၀ ဖွဲ့ထဲမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ABSDF တို့ဟာ အာဏာသိမ်းဖြစ်စဉ်ကြောင့်ပဲ လုံးဝနုတ်ထွက်ထားပါတယ်။ RCSS နဲ့ မွန်ပြည်သစ်ပါတီတို့ကလည်း အဆင့်လျော့ပြီး မကောင်းတတ်တဲ့သဘောနဲ့ ဆက်ဆံပါတယ်။ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ဟံသာကတော့ ဇွန်၂၉ရက် အင်တာဗျူးတစ်ခုမှာ လေသံမာပြခဲ့ပါတယ်။ ညှိနှိုင်းခြင်းဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားချင်တဲ့ ရပ်တည်ချက်ရှိပေမဲ့၊ စစ်ကောင်စီနဲ့ သုံးလေးကြိမ်တွေ့ဆုံခဲ့ပြီး အကျိုးရလဒ်ထွက်မလာတဲ့အအခါ PPST နဲ့ ခပ်ခွာခွာ နေပြခဲ့ပါတယ်။ အခုတော့ နွေဦးတော်လှန်ရေးမှာ EAO အားလုံးပါဝင်လာရင် မိမိတို့လည်း ပါဝင်မယ်လို့ နိုင်ဟံသာ ကိုယ်တိုင်ထုတ်ပြောလာပါပြီ။ PPST လက်ကျန်ငါးဖွဲ့အနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ မဖြစ်တာ နှစ်နဲ့ချီပြီး ကြာနေပါပြီ။ PPST လက်ကျန်ငါးဖွဲ့ကတော့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ပဲ ဖြစ်ပါတယ်။
ဒီငါးဖွဲ့လုံးဟာ စစ်ကောင်စီ ကြိုးဆွဲရာကနေကြပြီး အင်အားမရှိတဲ့ ရေမြွေတွေသာ ဖြစ်ပါတယ်။ PPST လက်ကျန်ငါးဖွဲ့တို့အနေနဲ့ သင်ခန်းစာအကောင်းကောင်းယူဖို့ လိုပါတယ်။ တရုတ်နိုင်ငံကိုယ်တိုင်က ကြီးမှူးပြီး ကမကထ လုပ်ပေးတဲ့ မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးမှုဟာ မအောင်မြင်၊ မပြီးဆုံးဘဲ ပျက်ခဲ့ပြီးပါပြီ။ ထိုင်းနိုင်ငံက ဦးဆောင်ကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံပွဲကလည်း အရာမထင်ခဲ့ပါဘူး။
*အောင်မြင်မှုမရတဲ့ ပတ္တရားဆွေးနွေးပွဲ*
ရွေးကောက်ပွဲအပြီးမှာ စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ဦးဆောင်တဲ့ ထိုင်းအိမ်စောင့်အစိုးရအနေနဲ့ ပတ္တရား အလွတ်သဘောဆွေးနွေးပွဲကို အလျင်စလို ကျင်းပခဲ့ပါတယ်။ ဇွန် ၁၉ရက် ပတ္တရားကမ်းခြေမှာ မြန်မာ့အရေးအလွတ်သဘောတွေ့ဆုံပွဲဟာ အလုပ်မဖြစ်ခဲ့ပါဘူး။ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်းဝီနိုင်း ကိုယ်တိုင်ဖိတ်ကြားတဲ့အတွက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အဖွဲ့တက်ရောက်ခဲ့ကြပါတယ်။
ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံက ကိုယ်စားလှယ်တွေလည်း တက်ရောက်လာပါတယ်။ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေကတော့ တက်ရောက်ခဲ့ခြင်း မရှိသလို ကန့်ကွက်မှုတွေလုပ်ခဲ့ကြပါတယ်။
အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ယူထားသူပါ။ ဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးပါဝင်စေခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ အာဆီယံ သဘောတူချက်၅ရပ်ကို ချိုးဖောက်ရာကျတယ်လို့ ပြစ်တင်ရှုတ်ချပါတယ်။ အမေရိကန်နိုင်ငံဆီအလည်အပတ်သွားရောက်တဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနဲ့တွေ့ဆုံခိုက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး တစ်စုံတရာ တိုးတက်ခြင်းမရှိဘဲ၊ ပိုမိုဆိုးဝါးလာနေတယ်လို့ ပြောဆိုပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင် မြန်မာနိုင်ငံရဲ့အခြေအနေဟာ ပိုမိုဆိုးဝါးလာနေတယ်လို့ ပြောဆိုလိုက်ကြောင်းကို ဖနွမ်းပင်ပို့စ်သတင်းစာမှာ ဖော်ပြလာပါတယ်။ ထိုင်းအိမ်စောင့်အစိုးရ အနေနဲ့ ဆွေးနွေးပွဲကို အလျင်စလို ကျင်းပရခြင်းကလည်း အမေရိကန်က sanction ချတော့မှာကို သိနေတဲ့အတွက် စစ်ကောင်စီကို ချော့မော့ဖြောင်းဖျတာလို့လည်း ပြောကြပါတယ်။ Sanction သတင်းဟာ ထိုင်းကနေ ကြိုပြီးပေါက်ခဲ့တာပါ။ သံတမန်ရပ်ကွက်ရဲ့ ပြောဆိုမှုလို့ကိုးကားပြီး PBS သတင်းမှာ ပါလာခဲ့တာပါ။ ဇွန် ၂၁ ရက်ရောက်တော့မှ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFPT) နဲ့ မြန်မာရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အမေရိကန်အစိုးရအနေနဲ့ အရေးယူ ဒဏ်ခတ်လိုက်ကြောင်း ကြေညာချက်ထွက်လာတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံထက်စောပြီး အိန္ဒိယနိုင်ငံကလည်း မြန်မာ့အရေး အလွတ်သဘောတွေ့ဆုံပွဲကို လုပ်ခဲ့ပေမဲ့လည်း အောင်မြင်မှုမရှိခဲ့ပါဘူး။
*မြန်မာ့အရေးနဲ့ ပတ်သက်ပြီးလေသံပြောင်းလာပြီဖြစ်တဲ့ အိန္ဒိယ*
“အမေရိကန်ကို ရောက်နေတဲ့ ဝန်ကြီးချုပ်မိုဒီဟာ ဇွန် ၂၂ရက်မှာ အမေရိကန်သမ္မတနဲ့ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြဿနာတွေ ပြေလည်နိုင်ဖို့ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို လွှတ်ပေးပြီး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ကြောင်းကို နှစ်နိုင်ငံပူးတွဲကြေညာချက်ရဲ့ အချက်၃၀မြောက်မှာ ဖော်ပြထားပါတယ်။”
စစ်ကောင်စီကို ချော့မော့ပြီးထိတွေ့ဆက်ဆံနေတဲ့ အထဲမှာ အိန္ဒိယလည်း ပါဝင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယရဲ့ လုပ်ရပ်တွေကြောင့်ပဲ စစ်ကောင်စီကို အသိအမှတ်ပြုနေတာလားလို့ ဝေဖန်မှုတွေ ရှိနေခဲ့ပါတယ်။ အခုတော့ အိန္ဒိယလည်းလေသံပြောင်းလာပါပြီ။ အမေရိကန်ကို ရောက်နေတဲ့ ဝန်ကြီးချုပ်မိုဒီဟာ ဇွန် ၂၂ရက်မှာ အမေရိကန်သမ္မတနဲ့ ပူးတွဲကြေညာချက် တစ်စောင်ထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြဿနာတွေ ပြေလည်နိုင်ဖို့ မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကို လွှတ်ပေးပြီး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ကြောင်းကို နှစ်နိုင်ငံပူးတွဲကြေညာချက်ရဲ့ အချက် ၃၀ မြောက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယအနေနဲ့ အမေရိကန်နဲ့ ပူးတွဲပြီး ဒီလိုထုတ်ပြန်ခဲ့တာကို စစ်ကောင်စီအနေနဲ့ သဘောမတွေ့သလို၊ အသည်းခိုက်အောင်နာမှာသေချာပါတယ်။
*စစ်ကောင်စီအပေါ် (ကလလတ) ရဲ့ ကြီးမားလွန်းတဲ့ ထိုးနှက်မှု*
“BGF အဖြစ်နေခဲ့တဲ့ (ကလလတ) ရဲ့ပုန်ကန်ထိုးနှက်မှုဟာ အတော်လေးပြင်းထန်ပါတယ်။ နယ်ခြားစောင့်တပ် အနေနဲ့ စစ်အုပ်စုကို ပြန်တိုက်ခဲ့တာ ပထမဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လက်အောက်ခံ တခြား BGF တွေ ပုန်ကန်တိုက်ခိုက်မှာကို စစ်ကောင်စီ တုန်လှုပ်နေရပါပြီ။”
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေနဲ့ စစ်ကောင်စီကို ပြန်တိုက်နေပြီ ဖြစ်ကြောင်း ဇူလိုင် ၁ ရက်မှာ တရားဝင် ကြေညာလိုက်ပါတယ်။ (ကလလတ) ဟာ ကရင်အမျိုးသား တိုးတက်ရေးပါတီ (KNPP) ကနေ ၁၉၇၈ ခုနှစ်မှာ ခွဲထွက်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ (နအဖ) စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူခဲ့ပြီး၊ ၂၀၀၉ ခုနှစ် အရောက်မှာတော့ နယ်ခြားစောင့်တပ် (BGF) အဖြစ်ပြောင်းလဲ ဖွဲ့စည်းခဲ့ပါတယ်။ (ကလလတ) ဟာ မယ်စဲ့ ဒေသတစ်ဝိုက်ကို အခြေပြုလှုပ်ရှားနေတဲ့ BGF အဖွဲ့ဖြစ်ပါတယ်။
ဇွန် ၁၃ ရက်မယ်စဲ့တိုက်ပွဲမှာတော့ KNU/KNLA, KNPP/ KA, KNDF တို့နဲ့အတူပူးပေါင်းပြီး စတင် တိုက်ခိုက်ခဲ့ပါတယ်။ မယ်စဲ့က ဗျူဟာကုန်းနဲ့ ရဲစခန်းကို သိမ်းပိုက်လိုက်တဲ့ အတွက် ၁၉၉၄ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ အပစ်ရပ်စာချုပ် ပျက်သွားပြီလို့ ဆိုခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ နီးပါးစစ်အုပ်စုနဲ့ အပစ်ရပ်ထားတဲ့ကာလတွေမှာ ပေးထားတဲ့ ကတိအတိုင်း ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ပေးတာ မရှိသလို၊ နိုင်ငံရေးအရလည်း တစ်ဆင့်တက်ဆွေးနွေးနိုင်ခဲ့တဲ့ အခြေအနေမရှိခဲ့ဘူးလို့ ဆိုပါတယ်။ BGF အဖြစ်နေခဲ့တဲ့ (ကလလတ) ရဲ့ပုန်ကန်ထိုးနှက်မှုဟာ အတော်လေး ပြင်းထန်ပါတယ်။ နယ်ခြားစောင့်တပ်အနေနဲ့ စစ်အုပ်စုကို ပြန်တိုက်ခဲ့တာ ပထမဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လက်အောက်ခံ တခြား BGF တွေ ပုန်ကန်တိုက်ခိုက်မှာကို စစ်ကောင်စီတုန်လှုပ်နေရပါပြီ။
မယ်စဲ့ဒေသကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့သလို မယ်စဲ့ဗျူဟာကုန်း စစ်တပ်စခန်း (BP13) မှ အင်အား၁၀၀ နီးပါးရှိတဲ့ ခမရ ၄၃၀ တပ်ရင်းတစ်ခုလုံး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့နဲ့အတူ လက်နက်ချပူးပေါင်းခဲ့ပါတယ်။
ဇွန် ၃၀ ရက်သတင်းတွေအရလည်း ဘော်လခဲခရိုင်၊ ရွာသစ်အနီးမှာ စစ်ကောင်စီရဲ့ဂျက်တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
*အိပ်မက်တွေနဲ့စပြီး အိပ်မက်တွေနဲ့ နိဂုံးချုပ်ခါနီးပြီဖြစ်တဲ့ စစ်ကောင်စီ*
“အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ကိုယူထားသူပါ။ ဆွေးနွေးပွဲမှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီး ပါဝင်စေခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်ဟာ အာဆီယံ သဘောတူချက်၅ရပ်ကို ချိုးဖောက်ရာကျတယ်လို့ ပြစ်တင်ရှုတ်ချပါတယ်။”
စစ်ကောင်စီရဲ့ အရူးအိပ်မက်ကို PPST လက်ကျန်ငါးဖွဲ့က အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါတယ်။ နေပြည်တော်တွေ့ဆုံပွဲအပြီး ထုတ်ပြန်ကြေညာချက်ထဲမှာလည်း လက်ရှိမြန်မာနိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းကျော်လွှားနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းမယ်လို့ စစ်ကောင်စီအကြိုက် ပြောထားပါတယ်။
သူတိုတွေ အနေနဲ့ စစ်ကောင်စီရဲ့သဘောထားနဲ့ လုပ်ရပ်တွေကို မသိချင်ဟန်ဆောင်နေကြပုံရပါတယ်။
ပတ္တရား အလွတ်သဘောဆွေးနွေးပွဲလို နေရာမျိုးမှာ စစ်ကောင်စီခန့် ဝန်ကြီးဦးသန်းဆွေ ပြောသွားတဲ့စကားတွေကို သူတို့တွေလည်း ကြားကြမှာပါ။ စနစ်တကျဖွဲ့စည်းထားပြီး အတွေ့အကြုံနဲ့ စွမ်းရည်ပြည့်ဝတဲ့ တပ်မတော်အနေနဲ့ သာမန်လက်နက်ကိုင် အဖွဲ့များကို လွယ်ကူစွာ ချေမှုန်းနိုင်စွမ်းရှိတယ်လို့ ပြောသွားပါတယ်။ EAO အချို့ဟာ တရားမဝင်လုပ်ငန်းက ရရှိတဲ့ အကျိုးအမြတ်များကို မစွန့်လွှတ်နိုင်ကြလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မပါဝင်ကြခြင်းဖြစ်တယ်လို့ ဦးသန်းဆွေကအပြစ်ဖို့ခဲ့ပါတယ်။ ဦးသန်းဆွေ ပြောခဲ့တဲ့ စကားတွေကြည့်ပြီး သူတို့ အရမ်းလုပ်ချင်နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကတော့ အောင်မြင်မလား၊ ရေစုန်မျော မလားဆိုတာကို လူတိုင်းတွေးကြည့်နိုင်ပါတယ်။ စစ်ကောင်စီအပေါ် အာဆီယံကလည်း စိတ်ကုန်နေသလို အမြဲကျားကန်ပေးနေတဲ့ တရုတ်နိုင်ငံကလည်း စိတ်ပျက်လုလု ဖြစ်နေပါပြီ။ အိန္ဒိယကလည်း အရင်လို မဟုတ်တော့ပါဘူး။
ဇွန် ၂ရက် ညနေခင်းသတင်းကို စစ်ကောင်စီလည်း နားထောင်လိမ့်မယ် ထင်ပါတယ်။ အရှေ့တီမော ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ၉ကြိမ်မြောက် ကျမ်းသစ္စာကျိန်ဆိုပွဲကို အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်တဲ့ သတင်းပါ။ ဒီလို တက်ရောက်ခွင့်ရတာကလည်း အရှေ့တီမောသမ္မတ၊ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် Jose Romos Horta ရဲ့ တရားဝင် ဖိတ်ကြားခံရလို့ပဲ ဖြစ်ပါတယ်။
အာရှနိုင်ငံတွေ ထဲမှာတော့ အရှေ့တီမောဟာ NUG ကို ပထမဆုံးအသိအမှတ်ပြုတဲ့ နိုင်ငံဖြစ်လာပြီလို့ သတင်းတွေမှာ ရေးသားနေကြပါပြီ။ စစ်ကောင်စီဟာ မရေရာတဲ့ အိပ်မက်တွေနဲ့လူထု တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ စစ်ကောင်စီဟာ အိပ်မက်တွေနဲ့ပဲ နိဂုံးချုပ်မဲ့အချိန်ကို ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။
သတိုးဖြူ
{Thai PBS , Bangkok Post , The Nation , BBC , VOA , PVTV, DVB,RFA Mizzima, Khit Thit ,PVTV တို့၏ သတင်းများ၊ ကိုယ်ပိုင်မှတ်စုများမှ ထုတ်နုတ်ကိုးကား၍ ရေးသားထားခြင်း ဖြစ်ပါသည်။ }