အသံဆောင်းပါး နားဆင်ရန်
လက်ရှိ မြန်မာနိုင်ငံဟာလည်း ကမ္ဘောဒီးယားနိုင်ငံဖြစ်စဉ်လိုမျိုး ကျူးလွန်သူတွေ ပြစ်ဒဏ် ကင်းလွတ် ခွင့် (impunity)ရနေတာကြောင့် ပြစ်မှုကျူးလွန်သူတွေရဲ့ ထပ်ခါထပ်ခါ ကျူးလွန်ခြင်း အကြမ်းဖက်မှု သံသရာ (cycle of violence)ကို မဖြတ်တောက်နိုင်ဘဲ ဆက်လက်လည်ပတ်နေစေဦးမှာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူအခွင့်ထူးခံများနဲ့ ပြစ်ဒဏ်ကင်းလွတ်မှု
နိုင်ငံတော်အနေနဲ့လည်း စစ်အာဏာသိမ်းမှု မတိုင်ခင် ၂၀၂၀ခုနှစ်အထိ အကြမ်းဖက်ခံရသူကို ကာကွယ်ရန်နဲ့ ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်စေရန်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကြမ်းတခုအနေနဲ့သာ ရေးဆွဲထားနိုင်တာ ကြောင့် အမျိုးသမီးများကို အကြမ်းဖက်ခံရမှုမှ အကာအကွယ်ပေးရန် ပျက်ကွက်နေခဲ့ပါတယ်။ စစ်တပ်အလိုကျရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၃၁၉ မှာ စစ်ဘက်ဆိုင်ရာ တရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေအရဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်လို့ ဖေါ်ပြထားပါတယ်။
ဥပဒေကြမ်းမှာပင်လျှင် ပဋိပက္ခဒေသများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စရပ်တွေနဲ့ စစ်တပ်ကို ကင်းလွတ်ခွင့်ပြုထားတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ထည့်သွင်းထားခြင်းမရှိပါဘူး။ စစ်မှုထမ်းများရဲ့ ပြစ်မှုတွေကို စစ်ခုံရုံးကသာ စစ်ဆေးပြစ်ဒဏ်ချခွင့်ရှိတဲ့အတွက် စစ်တပ်က ကျူးလွန်တဲ့ ပြစ်မှုများက အရပ်ဘက်တရားရုံးများရဲ့ တရားစီရင်မှုအောက်မှ ကင်းလွတ်နေပါတယ်။ စစ်ခုံရုံးတွေ စစ်သားများကျုးလွန်တဲ့ ပြစ်မှုတွေကို စီရင်ရာမှာ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ တခြား ပြစ်မှုငယ်များအဖြစ် အသွင်ပြောင်းခြင်းနဲ့ ပြစ်ဒဏ် ကင်းလွတ်ပေးခြင်းများ ရှိနေခဲ့ပါတယ်။ လုံခြုံရေးအဖွဲ့များရဲ့ လိင်ပိုင်းဆိုင်အကြမ်းဖက်ခံရသူတွေအနေနဲ့လည်း တရားစီရင်ရေးကို အားကိုးရာမှာ အခက်အခဲအတားအဆီးတွေ ရှိနေပါတယ်။ ကျူးလွန်ခံရတဲ့သူတွေအနေနဲ့ တိုင်ကြားမှုမလုပ်နိုင်ဖို့ ခြိမ်းခြောက်ခံရခြင်းအပါအဝင် နည်းအမျိုးမျိုးနဲ့ ဖိအားပေးတာတွေကို ရင်ဆိုင်နေရပါတယ်။
စစ်တမ်းတွေအရ ပဋိပက္ခဒေသအတွင်းက လူနည်းစုအမျိုးသမီးတွေက စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရနိုင်ခြေ အမြင့်ဆုံးရှိနေပြီးတော့ ဥပဒေကြောင်းအရနဲ့ လူမှုရေးကြောင်းအရ အကာအကွယ်အထောက်အပံ့ ကင်းမဲ့နေကြပါတယ်။ မြန်မာနိုင်ငံထဲမှာ စစ်အာဏာရှင်လက်ထက် အဆက်ဆက် ကျူးလွန်ခဲ့တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ များစွာရှိခဲ့ပေမယ့်လည်း ကျူးလွန်ခံရ သူတွေအတွက် တရားမျှတမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုတွေ ယနေ့အချိန်ထိ အပြည့်အဝ မရရှိ သေးသလို ကျူးလွန်သူများကလည်း တစ်စုံတစ်ရာ အရေးယူခံရခြင်းမျိုးမရှိသေးဘဲ လွတ်မြောက် နေဆဲဖြစ်ပါတယ်။ အရင်းစစ်တော့ အမြစ်မြေကဆိုတဲ့အတိုင်း ထိုကဲ့သို့ ထိထိရောက်ရောက် အရေးယူခံရခြင်းမရှိဘဲ အခွင့်ထူးများရရှိနေခြင်းက ပဋိပက္ခဒေသတွေမှာ လိင်အကြမ်းဖက်မှုတွေကို စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေက အထိန်းအကွပ်မဲ့ ဆက်လက်ကျူးလွန်နေရခြင်းရဲ့ အဓိက အကြောင်းအရင်းပဲ ဖြစ်ပါသည်။
အလားတူ ၁၉၇၅ ခုနှစ်၊ ကမ်ဘောဒီယားနိုင်ငံ၊ ခမာနီ (Khmer Rouge)တွေရဲ့ အာဏာသိမ်းမှုကို ကြည့်ရရင် ခမာနီတို့ အာဏာသိမ်းမှုအတွင်းမှာ လူပေါင်း၁.၅မီလီယံကျော် သေဆုံးခဲ့ကြရပါတယ်။ အဲ့ဒီကာလအတွင်းမှာပဲ ခမာနီတွေက လိင်အကြမ်းဖက်မှုအပါအဝင် ရက်စက်တဲ့ အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်ခဲ့ကြပါတယ်။ အတင်းအကြပ် လက်ထပ်စေခြင်းက ထိုထဲက တခုဖြစ်ပြီး ငြင်းဆိုလျှင် နှိပ်စက်ခံရခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အကျဉ်းချခြင်းနဲ့ သတ်ဖြတ်ခြင်းတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဗဟိုအစိုးရအနေနဲ့ မုဒိမ်းမှုကျူးလွန်သူကို ပြစ်ဒဏ်ပေးဖို့ အမိန့်ချမှတ်ထားပေမယ့်လည်း ခမာနီတို့ အာဏာသိမ်းစဉ်အတွင်း မုဒိမ်းမှုအပါအဝင် အခြားသော လိင်အကြမ်းဖက်မှု အများအပြား ကျူးလွန်ခဲ့ပါတယ်။ ကျူးလွန်သူတွေက သက်သေဖျောက်ဖျက်ဖို့အတွက် ကျူးလွန်ခံရသူအများစုကို သတ်ဖြတ်ခဲ့ကြပါတယ်။ အသက်မသေဘဲ လွတ်မြောက်လာပါကလည်း ကိုယ်ဝန်ရခဲ့ရင် သတ်ဖြတ် ခြင်းခံရပါတယ်။ ကျူးလွန်ခံရသူတွေထဲမှာ အရပ်သား ပြည်သူတွေသာမက ခမာနီ စစ်သားတွေနဲ့ အမျိုးသမီးစစ်သည်တွေလည်း ပါဝင်ပါတယ်။ ခမာနီအချင်းချင်း ကျူးလွန်မှုတွေကိုတော့ များသော အားဖြင့် အရာရှိများက ကျူးလွန်ကြခြင်းဖြစ်ပါတယ်။ နစ်နာသူတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေအနေနဲ့ ထုတ်ဖော်ပြောဆိုမယ်ဆိုရင် သတ်ဖြတ်ခြင်းနဲ့ နှိပ်စက်ခြင်း ခံရမှာကို စိုးရိမ်တာကြောင့် ဘယ်သူကမှ တိုင်တန်းဖို့ မရဲခဲ့ကြပါဘူး။ ဒါကြောင့် ကျူးလွန်သူတွေက ပြစ်ဒဏ်ကင်းလွတ် (impunity)ရနေပြီး တော့ အဖန်ဖန် ကျူးလွန်နေခဲ့ပါတော့တယ်။ နိုင်ငံဓလေ့ (culture)အရ လိင်အကြမ်းဖက်ခံရ ကြောင်း ထုတ်ဖော်ပြောကြားလိုက်ရင် လူ့အသိုက်အဝန်းက ခွဲခြားဆက်ဆံခြင်းနဲ့ ကျူးလွန်ခဲ့သူတွေ ရဲ့ ရန်ရှာခြင်းကို ကြောက်ရွံ့တာကြောင့် နစ်နာသူတွေဟာ ယနေ့တိုင် ထုတ်ဖော်ပြောကြားဖို့ ဝန်လေးနေဆဲပဲ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံဟာလည်း ကမ္ဘောဒီးယားနိုင်ငံဖြစ်စဉ်လိုမျိုး ကျူးလွန်သူတွေ ပြစ်ဒဏ် ကင်းလွတ်ခွင့် (impunity)ရနေတာကြောင့် ပြစ်မှုကျူးလွန်သူတွေရဲ့ ထပ်ခါထပ်ခါ ကျူးလွန်ခြင်း အကြမ်းဖက်မှု သံသရာ (cycle of violence)ကို မဖြတ်တောက်နိုင်ဘဲ ဆက်လက်လည်ပတ်နေစေဦးမှာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီး (၂) နှစ်အတွင်း လူထောင် ပေါင်းများစွာ သေဆုံးခဲ့ပြီး အရပ်သား (၁၇၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲ့ဒီထိန်းသိမ်း ခံရတဲ့ သူတွေထဲမှာ တက်ကြွလှုပ်ရှားသူ အမျိုးသမီး (၃၁၀၀)ခန့်ပါဝင်ပြီး၊ သေဒဏ်ချမှတ်ခံရသူတွေ ထဲမှာ အမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူ (၉) ဦး ပါဝင်ပါတယ်။ ၂၀၂၃ ခုနှစ် NUG ရဲ့ ထုတ်ပြန်ချက် အရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားတွေက ကျူးလွန်တဲ့ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု (၁၁၇) မှု မှတ်တမ်းတင် ရရှိကြောင်းနဲ့ အဲဒီထဲက (၁၀၈) မှုကတော့ စစ်ကောင်စီ တပ်သားတွေက ကျုးလွန်တာဖြစ်ပြီး ကျန် (၉)မှုကတော့ အရပ်သားအချင်းချင်း ကျူးလွန်မှုတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အမှောင်ခေတ်ထဲက မကြားနိုင်သော စကားသံများ
မြန်မာစစ်တပ်က၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဆန္ဒပြပွဲတွေ ကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အာဏာသိမ်းပြီး (၂) နှစ်အတွင်း လူထောင် ပေါင်းများစွာ သေဆုံးခဲ့ပြီး အရပ်သား (၁၇၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အဲ့ဒီထိန်းသိမ်း ခံရတဲ့ သူတွေထဲမှာ တက်ကြွလှုပ်ရှားသူ အမျိုးသမီး (၃၁၀၀)ခန့်ပါဝင်ပြီး၊ သေဒဏ်ချမှတ်ခံရသူတွေ ထဲမှာ အမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူ (၉) ဦး ပါဝင်ပါတယ်။ ၂၀၂၃ ခုနှစ် NUG ရဲ့ ထုတ်ပြန်ချက် အရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်သားတွေက ကျူးလွန်တဲ့ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှု (၁၁၇) မှု မှတ်တမ်းတင် ရရှိကြောင်းနဲ့ အဲဒီထဲက (၁၀၈) မှုကတော့ စစ်ကောင်စီ တပ်သားတွေက ကျုးလွန်တာဖြစ်ပြီး ကျန် (၉)မှုကတော့ အရပ်သားအချင်းချင်း ကျူးလွန်မှုတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ စစ်တပ်က အမျိုးသမီး လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဆန္ဒပြသူ တွေနဲ့ နိုင်ငံရေးသမားတွေကို အဓိက ပြစ်မှတ်ထား ကျူးလွန်နေပါတယ်။ ဖမ်းဆီး ထိန်းသိမ်း ရာမှာ လည်း အမျိုးသမီးတွေကိုသာမက အမျိုးသားများနဲ့ LGBTQ+ တွေကိုပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ကြပါတယ်။ ထိန်းသိမ်းခံရသူတွေကိုတော့ ဖမ်းဆီး စစ်ဆေးမေးမြန်းတဲ့ စစ်ကြောရေးနဲ့ အကျဉ်းထောင်တွေမှာ အဓိက ကျူးလွန်ကြခြင်း ဖြစ်ပါတယ်။
အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများဖြိုခွင်းပြီးနောက်မှာ လက်နက်ကိုင် ခုခံတော်လှန်မှုက အရှိန်အဟုန်နဲ့ ကြီးထွားလာခဲ့ပါတယ်။ လက်နက်ကိုင်ခုခံတော်လှန်မှုက တိုင်းရင်းသားများနေထိုင်ရာ ပြည်နယ်တွေမှာသာမကဘဲ စစ်ကိုင်း၊ မကွေးစတဲ့ ယခင်က ပဋိပက္ခ မရှိခဲ့တဲ့ ဗမာအများစုနေထိုင်ရာ ဒေသတွေကိုပါ ပြန်နှံ့လာပါတယ်။ နိုင်ငံအနှံ့ စစ်မျက်နှာ ဖွင့်ရတဲ့ စစ်တပ်က ပြည်သူ့စစ်များ အကူအညီကိုပါရယူဖို့အတွက် စစ်တပ်ထောက်ခံသူများနဲ့ စစ်မှုထမ်းဟောင်းတွေကို စုဆောင်းပြီး ပျူစောထီးအမည်နဲ့ ပြည်သူစစ် ဖွဲ့စည်းကာ လက်နက်တပ်ဆင်ပေးလိုက်ပါတော့တယ်။ စစ်သည်တော်ကျင့်ဝတ် ၆၀ နဲ့ သစ္စာဓိဌာန် ၄ ချက် အမြဲမပြတ်ရွတ်ဆိုနေရတဲ့ တပ်မတော်သားတွေတောင်မှ တရားဥပဒေမဲ့ ရွာလုံးကျွတ် မီးရှို့၊ သတ်ဖြတ်၊ မုဒိမ်းကျင့်ခြင်းတွေကို ထင်ရာစိုင်း ကျူးလွန်နေရင်၊ သူတို့ရဲ့လက်အောက်ခံ အရပ်သားတပိုင်း ပြည်သူစစ်တွေက အခုလို တရားဥပဒေ အားနည်းရာ၊ ပဋိပက္ခပြင်းထန်ရာ ကာလအတွင်းမှာ ဘယ်၍ဘယ်မျှ ကျူးလွန်နေမယ်ဆိုတာကို မှန်းဆလို့တောင် မရနိုင်ပါဘူး။
အခြားတဘက်မှာလည်း တရားဥပဒေစိုးမိုးမှုအားနည်နေတဲ့ ကာလအတွင်းမှာ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတွေကို စစ်တပ်ကသာမက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ERO များနဲ့ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စတဲ့ကြွေးကြော်သံတွေ ကိုင်ဆွဲထားတဲ့ တော်လှန်ရေး အဖွဲ့အစည်းများ အတွင်းမှာတောင် ကျုးလွန်လာတဲ့ ဖြစ်စဉ်တွေပေါ်ပေါက်လာပါတယ်။ NUG က အာဏာသိမ်းမှု (၂)နှစ်ကျော် ကာလအတွင်းမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ကြောင်း တိုင်ကြားစာ (၁၃) စောင်ရရှိထားပါတယ်။ ဥပမာ ဖြစ်စဉ် တစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ချောင်းဦးမြို့နယ်မှာ ရွာကာကွယ်ရေးတပ်ဖွဲ့တွေက အသက်မပြည့်သေးတဲ့ အမျိုးသမီး (၃)ဦး အပါအဝင် လူငယ် (၇)ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး အလောင်း ဖျောက်ဖျက်ခဲ့ပါတယ်။ NUG အနေနဲ့ကလည်း တော်လှန်ရေးကာလအတွင်း အကန့်အသတ်၊ အတားအဆီးတွေကြောင့် တနိုင်ငံလုံးလွှမ်းခြုံတဲ့ တရားရေးစီရင်ရေးအပါအဝင် လုပ်ငန်း ဆောင်ရွက်မှုတွေမှာ ထိထိရောက်ရောက် လုပ်ဆောင်ဖို့ အားနည်းနေပါသေးတယ်။ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကရင်နီ နဲ့ ချင်း စတဲ့ လက်နက်ကိုင် တော်လှန်ရေးပြင်းထန်ရာ ဒေသတွေမှာ အင်တာနက် ဖြတ်တောက်ထားတာကြောင့်လည်း အဲဒီဒေသတွေမှာ ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှုတွေကို သိရှိ မှတ်တမ်းတင်ဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင်၊ မှားယွင်းနေတဲ့ ဓလေ့ (culture)တွေ နဲ့ ကျူးလွန်ခံရသူကို အပြစ်တင်ခြင်း (victim blaming) တွေကြောင့် နစ်နာသူတွေအနေနဲ့ ဖော်ထုတ် တိုင်တန်းဖို့ အတားအဆီးဖြစ်စေပါတယ်။
အချုပ်ဆိုရရင် ပြစ်မှုကျုးလွန်သူတွေ ကင်းလွတ်ခွင့်ရနေခြင်း၊ တရားဥပဒေ စိုးမိုးမှုမရှိခြင်း၊ နိုင်ငံတကာရဲ့ ထိရောက်တဲ့ အရေးယူများမရှိခြင်းနဲ့ NUG အနေဖြင့် အကန့်အသတ်များရှိနေခြင်းတွေက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်အကြမ်းဖက်မှုများကို ပိုမိုဆိုးရွားစေပါတယ်။
အခြားတဘက်မှာလည်း တရားဥပဒေစိုးမိုးမှုအားနည်နေတဲ့ ကာလအတွင်းမှာ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုတွေကို စစ်တပ်ကသာမက တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ ERO များနဲ့ “မုဒိမ်းစစ်တပ်အမြစ်ဖြတ်” စတဲ့ကြွေးကြော်သံတွေ ကိုင်ဆွဲထားတဲ့ တော်လှန်ရေး အဖွဲ့အစည်းများ အတွင်းမှာတောင် ကျုးလွန်လာတဲ့ ဖြစ်စဉ်တွေပေါ်ပေါက်လာပါတယ်။ NUG က အာဏာသိမ်းမှု (၂)နှစ်ကျော် ကာလအတွင်းမှာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့
တွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ကြောင်း တိုင်ကြားစာ (၁၃) စောင်ရရှိထားပါတယ်။ ဥပမာ ဖြစ်စဉ် တစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ချောင်းဦးမြို့နယ်မှာ ရွာကာကွယ်ရေးတပ်ဖွဲ့တွေက အသက်မပြည့်သေးတဲ့ အမျိုးသမီး (၃)ဦး အပါအဝင် လူငယ် (၇)ယောက်ကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး အလောင်း ဖျောက်ဖျက်ခဲ့ပါတယ်။
လက်ရှိမြန်မာနိုင်ငံက ပဋိပက္ခအတွင်း ရင်ဆိုင်နေရချိန် တော်လှန်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေရချိန်ဖြစ်တာမှန်သော်လည်း လိင်ပိုင်းအကြမ်းဖက်မှု ကျုးလွန်နေသူတွေကို ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ဖို့ လိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှ ပြည်သူလူထုများ လက်လှမ်းမီနိုင်မယ့် တိုင်တန်းမှု အခြေအနေတခု ရရှိနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိ သူတွေဘက်က အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ ကြိုးစားသင့်ပါတယ်။ ဒါအပြင် ခေတ်အဆက်ဆက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေခဲ့တဲ့ ကျူးလွန်သူတွေကို ပြန်လည်ဖော်ထုတ် အရေးယူဖို့ကိုလည်း မမေ့သင့်ပါဘူး။ ကျုးလွန်ခံရသူများအတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ အကာကွယ် အထောက်အပံ့များ ပြုလုပ်ပေးသင့်ပါတယ်။ ယခုအချိန်မှာ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မပြုလုပ်နိုင်ဘူးဆိုလျှင် မြန်မာစစ်တပ်က ကြမ်းကြုတ်ရက်စက်မှုများကို အတိုင်းအဆမဲ့ ပြည်သူများအပေါ် ဆက်လက် ကျူးလွန်နေဦးမယ်ဆိုတာ ခါးသီးဖွယ် အမှန်တရားတခုပဲ ဖြစ်ပါတော့တယ်။
Zynn
ရည်ညွှန်းကိုးကားများ
- ၂၀၂၃ ခုနှစ် ပဋိပက္ခများအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ပူးတွဲထုတ်ပြန် ကြေငြာချက် – အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန
- အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီကာကွယ်ရေး(PoVAW) အဆိုပြုဥပဒေအတွက် လုပ်ထုံးလုပ်နည်းဆိုင်ရာနှင့် အဓိကကျသည့်အကြောင်းအရာပိုင်းဆိုင်ရာ အကြုံပြုချက်များ – အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)
- ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း-နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ
- ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့် ကော်မတီ၏ ထုတ်ပြန်ချက်
- အမျိုးသမီးများအကြမ်းဖက်ခံရမှု ဥပဒေအရ ကာကွယ်ပေးဖို့ အစိုးရ ပျက်ကွက်-မေခ
- မြန်မာနိုင်ငံရှိ UNFPA မြန်မာနှင့် အတူ ကနေဒါ၊ ဒိန်းမတ်၊ နော်ဝေးနှင့် ဆွီဒင်နိုင်ငံ အစိုးရတို့မှ တရားဝင် ထုတ်ပြန်ချက် (၂၀၂၁)
- 2008 Constitution of Myanmar
- Conflict-related sexual violence- United Nations Secretary-General
- Gender-based violence during the Khmer Rouge Regime stories of survivors from the Democratic Kampuchea(1975-1979) – Nakagawa Kasumi
- Joint communique of the Republic of the Union of Myanmar and the United Nations on prevention and response to conflict-related sexual violence (7/Dec/2018)
- Myanmar armed resistance group members accused of rape and murder – Maung Shwe Wah
- Preventing Gender-Based Violence in Myanmar-Cate Buchanan
- Sexual and gender-based violence in Myanmar and the gendered impact of its ethnic conflict- Human Rights Council
- The Handbook for United Nations Field Missions on Preventing and Responding to Conflict-Related Sexual Violence
- Two Years After the Attempted Coup: Recommendations for Burma – GIWPS
- UN Fact-Finding Mission on Myanmar Calls for Justice
- UNHEARD VOICES: Qualitative Research on Conflict-Related Sexual Violence in Myanmar (2016-2021)