ယူကရိန်းကိုပေးနေတဲ့ အကူအညီတွေရဲ့ ၁ရာခိုင်နှုန်းလောက်ရရုံနဲ့ လပိုင်းအတွင်း တကယ်ပွဲပြတ် အောင်ပွဲဆင်နိုင်မလား

အသံဆောင်းပါး နားဆင်ရန်

“မြို့ပြကွက်ကွက်လေး  နေရာတွေမှာသာ စစ်ကောင်စီ အာဏာသက်ရောက်နေပြီး ‘နေပြည်တော် အစိုးရ’ လို့ခေါ်ရမဲ့ အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ ရှိနှင့်ပြီးသား တိုင်းရင်းသား တပ်ဖွဲ့တွေရော၊ အသစ်ဖြစ်ပေါ်လာနေတဲ့ PDFနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေကို မြေပြင်စစ်ပွဲရင်ဆိုင်တိုက်နိုင်စွမ်းကျဆင်းလာနေပါပြီ။ အဓိကအချက်ကတော့ လွတ်မြောက်ခြင်းကို လိုလားတပ်မက်နေကြတဲ့ စိတ်ဓာတ်ကွာသွားတာပါပဲ။ “

နွေဦးတော်လှန်ရေးနဲ့ ပတ်သက်နေရတဲ့ ပြည်သူတစ်ယောက်အမြင်နဲ့ပဲ ဒီစာစုကိုရေးပါတယ်။ စစ်ရေးစစ်ရာဖြစ်နေတာမို့ စစ်သတင်းတွေ စုရပါတယ်။ လက်လှမ်းမီသလောက် မြေပြင်သတင်းတွေ ကိုစုရ၊ မေးမြန်းပါတယ်။ ဒီစာစု မဖြစ်မနေရေးချင်လာအောင်အဓိကစေ့ဆော်တဲ့ အ​ချက်ကတော့ အမေရိကန်ငြိမ်းချမ်းရေးအင်တီကျု (United State Institute Of Peace) မှာ သုံးယောက်ပေါင်းပြီး ရေးလိုက်တဲ့ဆောင်းပါးကြောင့် ဖြစ်ပါတယ်။
၂၀၂၃ ကို တော်လှန်ရေးရဲ့ အဆုံးအဖြတ်နှစ်လို့ NUG က ကြွေးကြော်တပ်လှန့်ထားပါတယ်။ အခုအခြေအနေမှာ နှစ်ဝက်ကျိုးနေပါပြီ။ ထိပ်သီးသုံးယောက်ပေါင်းပြီး ရေးလိုက်တဲ့ ဆောင်းပါးက လက်ရှိတော်လှန်ရေးအခြေအနေကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ အဓိကကိုင်လှုပ်သွားတဲ့ ဆောင်းပါးရဲ့ အသက်ကတော့ “ယူကရိန်းကိုပေးနေတဲ့ အကူအညီတွေရဲ့ ၁ရာခိုင်နှုန်းလောက်ရရုံနဲ့ လပိုင်းအတွင်း ပွဲပြတ်သွားမယ်” ဆိုတဲ့စကားစုပဲ ဖြစ်ပါတယ်။ ထိပ်သီးသုံးယောက်ကတော့ KIA က ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်၊ NUG ရဲ့ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ NUCCမှာ ဦးဆောင်ပါဝင်နေတဲ့ ဦးမင်းကိုနိုင်တို့ပဲဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေကို နည်းဗျူဟာကျကျ တိုက်ခိုက်နိုင်ဖို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသခွဲရဲ့ ပထမဆုံးတပ်ရင်း ၅၁၀၁ ကို ဖွဲ့စည်းလိုက်ကြောင်း ဇွန် ၁ရက်မှာ ကြေညာပါတယ်။ အရင်အခြေအနေတွေမှာတော့ မြို့ပြပျောက်ကြား လှုပ်ရှားမှုများနဲ့ သာစစ်မက်ဆိုင်ရာနေရာတွေ၊ ရဲစခန်းတွေကို တိုက်ခိုက်နေခဲ့တာပါ။
စစ်ဆင်မှု မစတင်ရသေးဘဲ အသံကြားရရုံနဲ့ စစ်ကောင်စီ ပျာယာခတ်သွားပါတော့တယ်။ ဇွန်၁၅ မှာတော့ ရန်ကုန်မှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းနိုင်ဖို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင် စစ်မှုထမ်းဟောင်း အဖွဲ့တွေနဲ့ အားချင်းတွေ့ဆုံပါတယ်။ ရန်ကုန်တိုင်းရဲ့ လုံခြုံရေးစည်းကို ရှိနေတဲ့ စစ်တပ်၊ ရဲ အင်အားနဲ့ မထိန်းထားနိုင်လောက်ဘူးလို့ မြေပြင်အခြေအနေကို စစ်ကောင်စီ ရိပ်စားမိနေပါပြီ။

  *ရုပ်မပျက်အောင်ကျားကန်နေရတဲ့စစ်ကောင်စီရဲ့အခြေအနေ* 

၂၀၂၁ အာဏာမသိမ်းခင် အထိကတော့ အင်အားသုံးသိန်းခွဲခန့်ရှိပြီး၊ ဗီယက်နမ် စစ်တပ်ပြီးရင် အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံးစစ်တပ်လို့  လူသိများခဲ့ပါတယ်။ နှစ်ပေါင်း ၇၀ကျော် ဖြစ်နေခဲ့တဲ့ ပြည်တွင်းစစ်ကို ထိန်းထားနိုင်သလို၊ စစ်ရေးမှာသာမက စီးပွားရေး၊ နိုင်ငံရေးတွေမှာပါ နှစ်နဲ့ချီ ပြင်ဆင်ခြေကုပ်ယူပြီး ကြီးစိုးနေတဲ့ အနေအထားမျိုးပါ။
ဒါကြောင့်ပဲ လက်နက်ကိုင် ခုခံမှုများနဲ့အတူ PDF တွေကို စစ်ကောင်စီအနေနဲ့ အလွယ်တကူ ချေမှုန်းကိုင်တွယ်နိုင်လိမ့်မယ်လို့ ပြည်တွင်းက လူတချို့ရော၊ နိုင်ငံရပ်ခြားက စစ်ရေးသုံးသပ်သူတွေကပါ ထင်ခဲ့ကြပါတယ်။
အာဏာသိမ်းပြီး အချိန်ကြာလာတာနဲ့အမျှ အားလုံးရဲ့ အမြင်တွေ၊ သုံးသပ်မှုတွေ ပြောင်းလဲသွားပါတယ်။ အထူးသဖြင့် လူငယ်အများစုကို အခြေခံထားတဲ့ PDF တွေနဲ့ ဒေသခံအစုအဖွဲ့တွေရဲ့ အင်အား တောင့်တင်းမှုကိုရော၊ စိတ်ဓာတ်ကိုပါ ချီးကျူးလာရသလို၊ စစ်ကောင်စီထင်တိုင်းမပေါက်ဘဲ အရှုံးနဲ့သာ ရင်ဆိုင်ရဖို့များနေပြီလို့ မှတ်ချက်ပြုကြပါတယ်။
စစ်သည်သုံးသိန်းခွဲဆိုတာ စာရွက်ပေါ်မှာရှိတဲ့ အင်အားသာဖြစ်တယ် ဆိုတာကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ သိလာခဲ့ကြပါပြီ။ တပ်သားသစ်စုဆောင်းဖို့ ခက်လာသလို ဗိုလ်သင်တန်း၊ စစ်ဆေးနဲ့ စစ်အင်ဂျင်နီယာတွေမှာလည်း လျှောက်ထားတက်ရောက်သူ နည်းပါးလာနေပါတယ်။ ထိပ်ပိုင်းအဆင့်တွေမှာလည်း မယုံကြည်ခြင်းတွေနဲ့ အတူစည်းရုံးမှု ပြိုကွဲလာနေပါတယ်။ အညာဒေသတော်လှန်ရေး ရပ်ဝန်းကို ကိုင်တွယ်ကွပ်ကဲနေရတဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကတော့ အလှုပ်ခတ်ဆုံးပါပဲ။ ရဲချုပ်နဲ့ ကစထ၆ မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ ပြီးတော့တိုင်းမှူးဗိုလ်မှူးချုပ်ဖြိုးသန့်တို့ကို နယ်ဘက်ပြောင်းရွေ့လိုက်တယ်။ အခုလက်ရှိတိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကိုလည်း စစ်ဆေးအရေးယူမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။ ၂၀၂၃ ခုနှစ် မှာပဲ အမှတ်၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီးခင်လှိုင်ကို အရန်အင်အားသို့ ရွေ့လိုက်ပါတယ်။ အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးကို မတ် ၂၈ ရက်မှာ ဖမ်းဆီးရာထူးချတယ်လို့ သတင်းထွက်ခဲ့ပြီး၊ ဇွန် ၁၆ ရက်မှာလာအိုသံအမတ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ တပ်မ ၆၆ တပ်မမှူး ဗိုလ်မှူးကြီး ကျော်လင်းအောင်ကို အရန်အင်အား၊ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး တင်မိုးနိုင်ကို ဦးပိုင်သို့ ပြောင်းရွေ့လိုက်တယ်။
-အမှတ် (၁)  ခြေလျင်တပ်ရင်း ဒုဗိုလ်မှူးကြီး သူရိန်ကိုလည်း စစ်မတိုက်ဘဲ ထွက်ပြေးတဲ့အမှုနဲ့ မိအောင်ဖမ်းဆီးပြီးမေ ၃၁ ရက်မှာ သေဒဏ်ချခဲ့ပါတယ်။
ဒါကစစ်ကောင်စီရဲ့ ထိပ်ပိုင်းအခြေအနေပါ။ အောက်ခြေမှာလည်း ဘယ်လောက် တပ်ပျက်နေမလဲဆိုတာကို လူတိုင်းခန့်မှန်းကြည့်လို့ ရနိုင်လောက်ပါတယ်။ နောက်အရေးကြီးတဲ့ အခြေအနေက စစ်ကောင်စီ ရပ်တည်နိုင်ဖို့ အမြဲကျားကန်ပေးနေရတဲ့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှု သဲထဲရေသွန်သလို အရာမထင်ခဲ့တဲ့ အဖြစ်အပျက်ပါ။
၂၀၂၃ ထဲမှာပဲ တရုတ်ကိုယ်တိုင် ခပ်စိပ်စိပ်လာရောက် တွေ့ဆုံခြင်းတွေ လုပ်ပြီး ​​ဖျောင်းဖျလာပါတယ်။ တရုတ်နဲ့ စေ့စပ်ကြိုးပမ်းမှုကြောင့်ပဲ ဇွန် ၂ရက်မှာ MNDAA၊ TNLA၊ AA(မြောက်ပိုင်းညီနောင်သုံးဖွဲ့)နဲ့ စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးပါတယ်။ တွေ့ဆုံဆွေးနွေးမှုကို ၃ ရက်တိုင် ကျင်းပဖို့ စီစဥ်ထားသလို ယူနန်ပြည်နယ်နိုင်ငံခြားရေးရာ အထူးသံတမန်လည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယနေ့ ဆွေးနွေးပွဲ မပြီးဆုံးဘဲ ပျက်သွားပါတော့တယ်။ ကြားဝင်စေ့စပ်ပေးတဲ့ တရုတ်ကြီးလည်း အတော်စိတ်ပျက်သွားပုံရပါတယ်။ ဆွေးနွေးပွဲပျက်ပြီဆိုတာနဲ့ စစ်ကောင်စီကတော့ ရခိုင်ပြည်နယ် အတွင်း မုန်တိုင်းသင့်ဒေသများကို နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေ သွားရောက်ခွင့် ပိတ်လိုက်ပါတယ်။
ဒီနေရာမှာ ထူးခြားမှုကတော့’ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်( UWSA )ရဲ့ အပြုအမူပါပဲ။ UWSA အနေနဲ့ မိုခါမုန်တိုင်းအတွက် ထောက်ပံ့ကူညီခြင်းတွေကို စစ်​ကောင်စီထံကနေမဟုတ်ဘဲ AA ကတစ်ဆင့် ပြည်သူများလက်ထဲ ရောက်အောင်လှူဒါန်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း လက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ ပက်သက်ပြီး ယခုကာလဟာ ပြည်သူများအထိနာနေတဲ့ ကာလဖြစ်တာမို့ စစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်ရန် အချိန်မတန်သေးဘဲ စိတ်ရှည်ကြရန် သဘောမျိုး ပြောဆိုတာကို တွေ့ရပါတယ်။

“စစ်ဆင်မှုမစတင်ရသေးဘဲ အသံကြားရရုံနဲ့ စစ်ကောင်စီ ပျာယာခတ်သွားပါတော့တယ်။ ဇွန်၁၅ မှာတော့ ရန်ကုန်မှာ ပြည်သူ့စစ်အဖွဲ့ဖွဲ့စည်းနိုင်ဖို့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးကိုယ်တိုင် စစ်မှုထမ်း ဟောင်းအဖွဲ့တွေနဲ့ အားချင်းတွေ့ဆုံပါတယ်။ ရန်ကုန်တိုင်းရဲ့ လုံခြုံရေးစည်းကို ရှိနေတဲ့ စစ်တပ်၊ရဲ အင်အားနဲ့ မထိန်းထားနိုင်လောက်ဘူးလို့ မြေပြင်အခြေအနေကို စစ်ကောင်စီရိပ်စားမိနေပါပြီ။”

*၆ လတာ ကာလအတွင်း စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည့် ထူးခြားဖြစ်စဥ်များ*

PDF တွေ၊ ဒေသခံတော်လှန်ရေး အင်အားစုတွေအနေနဲ့ မိုင်းခွဲရုံ၊ တူမီးတွေ လက်လုပ်သေနတ်တွေနဲ့ ပစ်ပြေးပြေးနေရတဲ့ အနေအထားကနေပြီး ​မောင်းပြန်ကိုင်ကာ စစ်ကောင်စီတပ်တွေကို နာရီနဲ့ချီပြီး ရင်ဆိုင်တိုက်ခိုက်နိုင်နေပါပြီ။ ဒါတောင်လူတိုင်းစေ့ကို လက်နက် တပ်ဆင်ပေးနိုင်ခြင်းမရှိသေးပါဘူး။ စစ်ဘက်ဆိုင်ရာနေရာတွေ၊ ရဲစခန်းတွေကို စီးနင်းသိမ်းပိုက်နိုင်တဲ့ အခြေအနေအထိ မြေပြင်မှာ လက်တွေ့စွမ်းဆောင်နိုင်နေပါပြီ။
MDY-PDF တွေအနေနဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၄၊ မိုးကုတ်မြို့ အနောက်ခြမ်းမှာရှိနေတဲ့ ဂွေးပင်တပ်စခန်းကို ဝင်သိမ်းပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူ တိုက်ခိုက်လို့သာ ပြန်ဆုတ်ခဲ့ရတာပါ။ ၂၀၂၃၊ ဧပြီလမှာ သပြေညို စစ်ဆင်ရေးကို ပြင်ဦးလွင်နဲ့ နောင်ချိုနယ်စပ်မှာ စတင်ခဲ့ပြန်ပါတယ်။
ချင်းပြည်နယ်အခြေအနေကို ကြည့်ရင်တော့ ဧပြီ ၁၃ ရက်မှာ ဟားခါးနဲ့ သိပ်မဝေးလှတဲ့ ချွန်ကျုံးရွာ တိုက်ပွဲဖြစ်ပါတယ်။ ထူးခြားမှုကတော့ မတ်လထဲမှာ ကလေးကနေ လက်နက်၊ ရိက္ခာအကူလာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဖျက်ဆီးတိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီယာဥ်တန်းမှာ သံချပ်ကာ နှစ်စီးပါဝင်သလို၊ လေကြောင်းပစ်ကူတွေ ပေးခဲ့ပေမဲ့ ထိရောက်မှုမရှိပါဘူး။ ဧပြီလ ကစလို့ ဇွန်လအတွင်း ဟားခါးဝန်းကျင်မှာ တိုက်ပွဲကြီးငယ်တွေ အဆက်မပြတ် ဖြစ်နေဆဲပါပဲ။ ကလေးမြို့နယ် အတွင်းရှိ လုပ်ငန်းရှင်တွေအပေါ် အခွန်းစကောက်နေပြီး တိမ်းရှောင်သူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်တော့မှာဖြစ်ကြောင်း ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇွန် ၁၆ မှာ ထုတ်ပြန် ကြေညာတာကို တွေ့ရပါတယ်။

” အာဏာသိမ်းပြီး အချိန်ကြာလာတာနဲ့အမျှ အားလုံးရဲ့ အမြင်တွေ၊ သုံးသပ်မှုတွေ ပြောင်းလဲ သွားပါတယ်။ အထူးသဖြင့် လူငယ်အများစုကို အခြေခံထားတဲ့ PDF တွေနဲ့ ဒေသခံအစုအဖွဲ့တွေရဲ့ အင်အားတောင့်တင်းမှုကိုရော၊ စိတ်ဓာတ်ကိုပါ ချီးကျူးလာရသလို၊ စစ်ကောင်စီထင်တိုင်းမပေါက်ဘဲ အရှုံးနဲ့သာရင်ဆိုင်ရဖို့များနေပြီလို့မှတ်ချက်ပြုကြပါတယ်။”

ဇွန်လအတွင်းမှာ ကြားရတဲ့ ကရင်နီရဲ့ သတင်းတွေကတော့ အားရစရာကောင်းလွန်းနေပါတယ်။ ကရင်နီဟာ ပထမဆုံးလွတ်မြောက်နယ်မြေ ဖြစ်လာလိမ့်မယ်လို့ အားလုံးရဲ့ ထင်ကြေးပေးတာ ခံရပါတယ်။ မေလထဲမှာပဲ ဖယ်ခုံအနောက်ဘက်ခြမ်းရွာတွေမှာ နေ့စဥ်တိုက်ပွဲ ဖြစ်တယ်။ ဇွန်လဆန်းမှာတော့ မိုးဗြဲမြို့ထဲအထိ လက်နက်ကြီးတွေပစ် လေယာဥ်ဗုံးကြဲ တာတွေ လုပ်ပါတယ်။ မိုးဗြဲကို မြို့ပျက်တဲ့အထိ ရမ်းကားမဲ့သဘောရှိနေပုံရပါတယ်။
ဇွန် ၆ ရက်နေ့မှာ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (lEC) ကို ဖွဲ့စည်းလိုက်နိုင်တာဟာ စစ်ကောင်စီအတွက် အကျပ်ရိုက်စရာ ဖြစ်ခဲ့ပါတယ်။ ဇွန် ၁၃ ရက်မှာတော့ ထိုင်းနိုင်ငံနယ်စပ် သံလွင်မြစ်ဘေးမှာ ရှိနေတဲ့ မယ့်စဲမြို့မရဲစခန်း အပါအဝင် တပ်စခန်းလေးခုကို တစ်ပြိုင်နက် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ အခုဆောင်းပါးရေးနေချိန်အထိ တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။
ကရင်နီဒေသရဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို စစ်ကောင်စီက ဖြတ်တောက်ထားပါတယ်။ ဇွန် ၁၄ သတင်းမှာတော့ Free Burma Ranger အဖွဲ့မှ ဒေးဗဒ်ယူဘရင်ခ်ကနေပြီး ကရင်နီဒေသအတွက် စတားလင့် အင်တာနက်ရအောင် စီစဥ်ပေးတဲ့ အီလွန်မတ်စ်ကို ကျေးဇူးစကားဆိုပြီး သတင်းပါးခဲ့ပါတယ်။
ဒီသတင်းကြောင့်ပဲ ပြည်သူတွေ အားတက်ခဲ့သလို၊ စစ်ကောင်စီနဲ့ ထောက်ခံကြသူတွေကြားမှာတော့ အတော်လေးကိုဂယက်ထကုန်ပါတယ်။ မေလအတွင်း ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမှာ မြို့ပေါ်တိုက်ပွဲတွေ ဖြစ်ခဲ့လို့ စစ်ကောင်စီအထိနာခဲ့ပြန်ပါတယ်။ ပဲခူးရိုးမကို အခြေပြုတဲ့ ပဲခူးတိုင်း အရှေ့ခြမ်းနဲ့ အနောက်ခြမ်းနယ်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မြိတ်၊ တနင်္သာရီမှာလည်း PDF နဲ့တော်လှန်ရေးအင်အားစုတွေ အင်အားကောင်းကောင်းနဲ့ စိုးမိုးထားနိုင်ပါတယ်။
ဇွန် ၂ရက်နေ့ ညီနောင်သုံးဖွဲ့နဲ့ ဆွေးနွေးပွဲပျက်ပြီးနောက် ကိုးကန့်တပ်မတော် အခြေစိုက်စခန်းများရှိရာသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်ပါတယ်။ ကိုးကန့်တပ်မတော်ကလည်း လားရှိုးမြို့ပေါ်ထိ တက်လာပြီး စစ်ကောင်စီရဲ့စခန်းများကို တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဇွန် ၆ ရက် နတ်သံကွင်းရဲစခန်းကို ဝင်စီးတဲ့ တိုက်ပွဲက ပြင်းထန်ပါတယ်။ ကျောက်ကြီးနဲ့ နတ်သံကွင်းကို ဆက်သွယ်ထားတဲ့ စစ်တောင်းမြစ် ကူးတံတားကို ချိုးလိုက်နိုင်တဲ့အတွက် သေဆုံးသူ ၆၀ ဦးရဲ့ ရုပ်အလောင်းတွေကို ဇွန်လ ၉ ရက်အထိ စစ်ကောင်စီဘက်က လာကောက်နိုင်ခဲ့ခြင်း မရှိပါဘူး။ ရန်ကုန်၊-နေပြည်တော်- မန္တလေး အမြန်လမ်းမကြီးဟာတိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဆယ့်လေးငါးမိုင်ပဲ ကွာပါတယ်။

*အညာတော်လှန်ရေးရဲ့စစ်ကိုင်းဖိုရမ်*

“အညာဒေသ တော်လှန်ရေးရပ်ဝန်းကို ကိုင်တွယ်ကွပ်ကဲနေရတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က တော့ အလှုပ်ခတ်ဆုံးပါပဲ။ ရဲချုပ်နဲ့ ကစထ၆ မှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ ပြီးတော့ တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်တို့ကို နယ်ဘက်ပြောင်းရွေ့လိုက်တယ်။ အခုလက်ရှိတိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကိုလည်း စစ်ဆေးအရေးယူမယ်ဆိုတဲ့ သတင်းတွေ ထွက်နေပါတယ်။”

တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအုပ်စုတွေရဲ့ ကျောထောက်နောက်ခံမပါဘဲ၊ နွေဦးတော်လှန်ရေးက နေသန္ဓေတည်ခဲ့တဲ့  အညာဒေသရဲ့ အာခံနိုင်စွမ်းသတ္တိကလည်း အထင်ကရပါပဲ။ NUG လက်အောက်ခံ အဖွဲ့တွေနဲ့အတူ သီးခြားရပ်တည်နေတဲ့ အဖွဲ့တွေ ၂၀၀ ကျော်မက ရှိနေပါတယ်။ ဒါကြောင့်ပြန့်ကျဲနေတဲ့ တော်လှန်ရေးအင်အားစုတွေကို အားကောင်းမောင်းသန် ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို မေ၃၀နဲ့ ၃၁ရက်တွေမှာ ကျင်းပနိုင်ခဲ့ပါတယ်။ ဇွန် ၉ ရက်မှာ တော့ မုံရွာနဲ့သိပ်မဝေးတဲ့ တစ်ဖက်ကမ်းမှာရှိနေတဲ့ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက် ခဲ့ပါတယ်။ စစ်ကောင်စီဟာ အင်အားများစွာ ဖြည့်တင်းပြီး ညောင်ပင်ကြီးအပါအဝင် အနီးအနား ကျေးရွာတွေကို (၇) ရက် (၇) လီမက ရက်ဆက်မီးတင်ရှို့ခဲ့ပါတယ်။ စစ်ကိုင်းနဲ့ သိပ်မဝေးတဲ့ ဆားတောင်မြို့ ပေါ်မှာ ဗိုလ်သက်ကြီးနဲ့ အဖွဲ့က ပေါ်ပေါ်တင်တင် လမ်းလျှောက်တဲ့ ဗီဒိယိုဖိုင် တက်လာပါတယ်။ မြင်ရတဲ့ပြည်သူတွေက ဝိုင်းပြီးအားပေးကြတဲ့အတွက် အွန်လိုင်းပေါ်မှာ ဆူညံသွားခဲ့ပါတယ်။ ဒီအတွက် ရှက်ရမ်းရမ်းတဲ့အနေနဲ့ ဆားတောင်မြို့ဝန်းကျင်ရွာတွေကို ဇူလိုင် ၁၃ရက်ကစပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာလို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပါနေပါတယ်။

* အားလုံးဟာနေပြည်တော်ဆီ ဦးတည်တယ် *

“PDF တွေ၊ ဒေသခံတော်လှန်ရေး အင်အားစုတွေအနေနဲ့ မိုင်းခွဲရုံ၊ တူမီးတွေ လက်လုပ်သေနတ်တွေနဲ့ ပစ်ပြေးပြေးနေရတဲ့ အနေအထားကနေပြီး ​မောင်းပြန်ကိုင်ကာ စစ်ကောင်စီတပ်တွေကို နာရီနဲ့ချီပြီး ရင်ဆိုင်တိုက်ခိုက်နိုင်နေပါပြီ။ ဒါတောင်လူတိုင်းစေ့ကို လက်နက်တပ်ဆင်ပေးနိုင်ခြင်း မရှိသေးပါဘူး။
စစ်ဘက်ဆိုင်ရာ နေရာတွေ၊ ရဲစခန်းတွေကို စီးနင်းသိမ်းပိုက်နိုင်တဲ့ အခြေအနေအထိ မြေပြင်မှာ လက်တွေ့ စွမ်းဆောင်နိုင်နေပါပြီ။”

မြို့ပြကွက်ကွက်လေး နေရာတွေမှာသာ စစ်ကောင်စီ အာဏာသက်ရောက်နေပြီး ‘နေပြည်တော်အစိုးရ’ လို့ ခေါ်ရမဲ့ အခြေအနေကို ရောက်နေပြီ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ ရှိနှင့်ပြီးသား တိုင်းရင်းသား တပ်ဖွဲ့တွေရော၊ အသစ်ဖြစ်ပေါ်လာနေတဲ့ PDFနဲ့ ဒေသခံ တော်လှန်ရေးတပ်တွေကို မြေပြင်စစ်ပွဲ ရင်ဆိုင်တိုက်နိုင်စွမ်း ကျဆင်းလာနေပါပြီ။ အဓိကအချက်ကတော့ လွတ်မြောက်ခြင်းကို လိုလားတပ်မက်နေကြတဲ့ စိတ်ဓာတ်ကွာသွားတာပါပဲ။ လက်နက်ကိုင်နိုင်သူတွေက လက်နက်ကိုင်တယ်။ ကျန်တဲ့ပြည်သူတွေက ထောက်ပံ့ရေးတာဝန်ကို ယူနေကြပါတယ်။ ကျည်ဖိုး၊ လက်နက်ဖိုး၊ ရိက္ခာဖိုးတွေကို ၂ နှစ်ကျော်ကာလအထိ ပြည်သူတွေကပဲ ထောက်ပံ့ပေးနေကြလို့ တော်လှန်ရေး အင်အားစုတွေ ရပ်တည်နိုင်နေကြတာဖြစ်ပါတယ်။ ပြည်သူထောက်ခံတာကိုသိတော့ နည်းမျိုးစုံနဲ့ တားတယ်။ နှိပ်ကွပ်တယ်။ မြို့ရွာတွေကို မီးရှို့ပြာချတယ်။ ပြည်သူတွေက တော်လှန်ရေးတပ်တွေကို စိတ်နာခြင်းမရှိဘဲ စစ်ကောင်စီတပ်တွေရဲ့ ရက်စက်ယုတ်မာခြင်းကြောင့်သာ အားလုံး ကမ္ဘာမကျေ ဖြစ်ကုန်ကြတယ်။

“ဇွန် ၆ ရက်နေ့မှာ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ(lEC) ကိုဖွဲ့စည်းလိုက်နိုင်တာဟာ စစ်ကောင်စီအတွက် အကျပ်ရိုက်စရာ ဖြစ်ခဲ့ပါတယ်။ ဇွန် ၁၃ ရက်မှာတော့ ထိုင်းနိုင်ငံ နယ်စပ် သံလွင်မြစ် ဘေးမှာ ရှိနေတဲ့ မယ့်စဲ မြို့မရဲစခန်း အပါအဝင် တပ်စခန်းလေးခုကို တစ်ပြိုင်နက် သိမ်းပိုက်နိုင် ခဲ့ပါတယ်။”

ယူကရိန်းကို ထောက်ပံ့နေတာတွေရဲ့ ၁ ရာခိုင်နှုန်းသာ နိုင်ငံတကာရဲ့ အထောက်အပံ့ရခဲ့မယ်ဆိုရင် လပိုင်းနဲ့ ပွဲပြတ်နိုင်တယ်ဆိုတဲ့စကားကို စာဖတ်သူတို့လည်း နားလည်သဘောပေါက် လောက်ပြီ ထင်ပါတယ်။ ဒီဆောင်းပါးကို အဆုံးသတ်ရေးနေချိန်မှာပဲ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ မြန်မာနောင်းတို့ ရဲ့အင်တာဗျူးကို နားထောင်ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အသည်းနှလုံးဟာ နေပြည်တော် သာလျှင်ဖြစ်တယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ ပွဲသိမ်းတိုက်ပွဲလမ်းကြောင်းအားလုံးဟာလည်း နေပြည်တော်ကိုသာ ရည်ညွှန်းနေတယ်ဆိုတဲ့ စကားသံတွေ နားထဲမှာပဲ့တင်ထပ်လို့ ကျန်ရစ်ခဲ့ပါတော့တယ်။

လက်ျာဧ 

{ – Asia Times , BBC ,VOA , The Irrawaddy, DVB, Mizzima, Khit Thit , PVTV တို့၏သတင်းများ၊ ကိုယ်တိုင်ဆက်သွယ် မေးမြန်းမှု ကိုယ်ပိုင်မှတ်စုများမှ ထုတ်နုတ်ကိုးကား၍ ရေးသားထားခြင်း ဖြစ်ပါ သည်။  }

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)