အသံဆောင်းပါး နားဆင်ရန်
” ထိုင်းစစ်ဘက်ခေါင်းဆောင် အဆက်ဆက်အနေနဲ့ အာဏာသိမ်းမှုပေါင်း ဒါဇင်နဲ့ချီပြီး လုပ်ခဲ့ကြပေမဲ့
လူသားဆန်ခြင်း ရှိခဲ့သလို၊ နိုင်ငံရေးကိုလည်း အပိတ် မကစားခဲ့ပါဘူး။ အာဏာဘယ်လိုသိမ်းသိမ်း တိုင်းပြည်ရဲ့ စီးပွားရေး၊နိုင်ငံရေး၊ ပညာရေးတွေ ယုတ်လျော့ပျက်စီးသွားတာမျိုး မတွေ့ရပါဘူး။ ၃ကြိမ်သာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်အနေနဲ့ကတော့ ဖြစ်စဉ်တိုင်းမှာ လူသားမဆန်မှုတွေ၊ ဖိနှိပ်ရက်စက်ခြင်းတွေနဲ့အတူ နိုင်ငံရေးကို ထွက်ပေါက်မဲ့ အပိတ်ကစားခဲ့တာချည်းပါပဲ။”
မေ ၁၄ ရက်ဟာ ထိုင်းနိုင်ငံအတွက် ရွေးကောက်ပွဲနေ့ ဖြစ်ပြီး ကျွန်တော်တို့ဆီမှာ အားပြင်းတဲ့ မိုခါမုန်တိုင်း ဝင်တဲ့နေ့ပေါ့။
ပြည်သူတွေ ညီညွတ်စွာ ပြသလိုက်တဲ့ ရွေးကောက်ပွဲရလဒ်ဟာ အံ့အားသင့်စရာကောင်းသလို၊ အားတက်စရာ လည်းကောင်းခဲ့တယ်။ ပြုပြင်ပြောင်းလဲရေး အစီစဥ်တွေနဲ့အတူ လူငယ်တွေဦးဆောင်ကြတဲ့ Move Forward ပါတီနဲ့၊ Pheu Thai ပါတီတို့က မဲအပြတ်အသတ်အသာနဲ့ ပထမ၊ ဒုတိယ ရကြပါတယ်။ စစ်တပ်ဘက်ယိမ်းပြီး စစ်တပ်လိုလားတဲ့ ပါတီ တွေကတော့ မဲအနည်းငယ်သာ ရကြတယ်။ အဆိုးဆုံးကတော့ ဝန်ကြီးချုပ်ရာထူးယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ရဲ့ United Thai Nation ပါတီကတော့ အမတ် ၃၆ နေရာနဲ့ ပဉ္စမသာရခဲ့တယ်။ ရွေးကောက်ပွဲ ရလဒ်ဟာ စစ်တစ်ပိုင်း အစိုးရကို အဆုံးသတ်စေချင်ကြတဲ့ ထိုင်းလူထုရဲ့ သဘောထားအမှန်ပါပဲ။ နှစ်ပေါင်းများစွာ လက်ဝါးချင်းရိုက်ပြီး ကြီးစိုးချယ်လှယ်ခဲ့တဲ့ စစ်တပ်နဲ့ နန်းတော်တို့ကို အချက်ပေးလိုက်ခြင်းလည်း ဖြစ်တယ်။
ထိုင်းကိုရောက်နေကြတဲ့ မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမား ၁.၅ သန်း အတွက် အလှည့်အပြောင်းတွေ ဖြစ်လာနိုင်တယ်။ ဒါတင်မကပါဘူး။ ထိုင်းရွေးကောက်ပွဲရလဒ်ဟာ နေပြည်တော်ကစစ်ကောင်စီ လူကြီးမင်း တို့ကိုပါမျက်ခုံးလှုပ်စေခဲ့ပါတယ်။
ဒုတိယစစ်ခေါင်းဆောင်နှင့် စစ်ကောင်စီအသိအမှတ်ပြု နိုင်ငံရေးသမားပြောစကား
” ရွေးကောက်ပွဲရလဒ်ဟာ စစ်တစ်ပိုင်း အစိုးရကို အဆုံးသတ်စေချင်ကြတဲ့ ထိုင်းလူထုရဲ့ သဘောထားအမှန်ပါပဲ။ နှစ်ပေါင်းများစွာ လက်ဝါးချင်းရိုက်ပြီး ကြီးစိုးချယ်လှယ်ခဲ့တဲ့ စစ်တပ်နဲ့ နန်းတော်တို့ကို အချက်ပေးလိုက်ခြင်းလည်း ဖြစ်တယ်။ ထိုင်းကိုရောက်နေကြတဲ့ မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်သမား ၁.၅ သန်း အတွက် အလှည့်အပြောင်းတွေ ဖြစ်လာနိုင်တယ်။ ဒါတင်မကပါဘူး။ ထိုင်းရွေးကောက်ပွဲရလဒ်ဟာ နေပြည်တော်က စစ်ကောင်စီလူကြီးမင်းတို့ကိုပါ မျက်ခုံးလှုပ်စေခဲ့ပါတယ်။
မေ ၂၄ ရက် Thai PBS World မှာ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းကနေ တပ်မှူးတွေကို ညွှန်ကြားချက်ထုတ်တဲ့ ဆိုတဲ့သတင်းပါလာတယ်။ “Move Forward ပါတီဟာ အနောက်လိုလားတဲ့ ပါတီဖြစ်တဲ့အတွက် အကြမ်းဖက်သမားတွေကို ထောက်ပံ့ကူညီလိမ့််မယ်” လို့ အစချီပြီး သူ့တပ်မှူးတွေကို သတိထားစောင့်ကြည့်ဖို့ ညွှန်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ၈၈ ကို ဖြတ်သန်းခဲ့ပြီး လက်ရှိစစ်ကောင်စီ အသိအမှတ်ပြုထားတဲ့ နိုင်ငံရေးသမားဆိုသူကလည်း ထိုင်းမှာ စစ်တပ်က အကြိမ်ကြိမ် အာဏာသိမ်းတယ်။ ဘယ်တော့မှ လက်နက်နဲ့မဖြေရှင်းဘဲ နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းတယ်လို့ ဆိုတယ်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင် အာဏာသိမ်းခံရတယ်။ ညီမဖြစ်သူ ယင်လတ် ရွေးကောက်ပွဲဝင်တယ်။ ထိုင်းရဲ့ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ်လည်း အာဏာအသိမ်းခံရတယ်။ အခု ယင်လတ်ရဲ့တူမ၊ သက်ဆင်ရဲ့သမီး ရွေးကောက်ပွဲထပ်ဝင်ခဲ့တယ်လို့ ဥပမာပေး ပြောတယ်။ ထိုင်းမှာ လက်နက်တွေ ဒီလောက်ပေါတာ။ စစ်တပ်ကို လက်နက်ကိုင်ပြီး ဘယ်သူမှ မတော်လှန်ခဲ့ဘူးလို့ပြောတယ်။ ထိုင်းနိုင်ငံရေးကို အပေါ်ယံ ပြောပြသွားတဲ့ သူ့စကားတွေက ဟုတ်သားပဲ လို့တွေးထင်စရာပါ။ ဒီလိုပြောပြီး ရက်ပိုင်းအတွင်းမှာပဲ “စစ်တပ်နဲ့ အတူ ယှဥ်တွဲ နေထိုင်ရေး”အယူအဆကိုပြောင်ပြောင်တင်းတင်းပဲအင်တာဗျူးလုပ်လာပါတော့တယ်။
ထိုင်းနိုင်ငံရေးအရှုပ်အထွေးနှင့် သက်ဆင်မျိုးဆက်
မြန်မာနိုင်ငံရေး ရှုပ်ထွေးသလို ထိုင်းနိုင်ငံရေးလည်း ရှုပ်ထွေးပါတယ်။ စစ်တပ်က ပါဝင်ပတ်သက်နေတာချင်းလည်း ယေဘူယျ တူပါတယ်။ ထိုင်းစစ်တပ်နှင့် မြန်မာစစ်တပ်တို့က ညီလေး၊အကိုကြီး ဆက်ဆံရေးလည်း ရှိပါတယ်။ ဒါပေမယ့် အတွင်းကျကျ ကွဲလွဲနေတဲ့ အချက်တွေအများကြီး ရှိနေပါတယ်။(“စစ်တပ်ပါဝင်ပတ်သက်နေသော မြန်မာနှင့်ထိုင်းတို့၏နိုင်ငံရေးအခင်းအကျင်း”ခေါင်းစဉ်နဲ့ကျွန်တော်ရေးခဲ့ပြီးပါပြီ။)
ထိုင်းနိုင်ငံရေးမှာ ဘုရင့်နန်းတော်လည်း ပါဝင်ပတ်သက်နေပြန်ပါတယ်။ ဘုရင်ဘူမိဘော လက်ထက်တစ်လျှောက် ပြည်သူအများစုက အစဥ်အလာအရ ယုံကြည်ကိုးစားမှု ရှိခဲ့ပေမဲ့ ဘူမိဘော နတ်ရွာစံပြီး ၂၀၁၆ မှာ နန်းတက်ခဲ့တဲ့ ဘုရင်မဟာဝချီရာလောင်ကွန်းလက်ထက်မှာတော့ အခြေအနေပြောင်းသွားပါတယ်။ ဘုရင်ဟာနိုင်ငံခြားမှာသာ မင်းစည်းစိမ်ကို ခံစားရင်း တထီးတနန်းနဲ့ နေပါတယ်။ ၂၀၂၀ ပြည့်နှစ်ထဲမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြမှုတွေ အင်အားကြီးခဲ့ပြီး နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတဲ့ စစ်တပ်ကို သာမကဘဲ ဘုရင်နဲ့ နန်းတော်ကို ဝေဖန်ခဲ့ရင် ထောင်ဒဏ်၁၅နှစ်ပြစ်ဒဏ် ပြဌာန်းထားတာကို ဂရုမစိုက်တော့ဘဲ ဘုရင်စနစ်ဖျက်သိမ်းပစ်ဖို့အထိ တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံရေးမှာ စစ်တပ်၊ နန်းတော်နဲ့ အရပ်ဘက်တွေကြား အာဏာလွန်ဆွဲပွဲတွေ၊ အားပြိုင်မှုတွေ ဖြစ်ကြတာ အဆန်းတော့မဟုတ်ပါဘူး။
စစ်တပ်အနေနဲ့ နိုင်ငံရေးမကြာခဏ စွက်ဖက်လွှမ်းမိုးတာတွေ ရှိခဲ့တယ် ဆိုပေမဲ့၊ ဒီမိုကရေစီအင်အားကောင်းခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။ ချွမ်လီပိုင်နဲ့ ချာဗာလစ်ယောင်ချာယုံစတဲ့ ရွေးကောက်ခံဝန်ကြီးချုပ်တွေ အာဏာရခဲ့ပြီး နောက်ပိုင်း၊ ၂၀၀၁ ခုနှစ်မှာ သက်ဆင်ရှင်နာဝပ် ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ ဝန်ကြီးချုပ်သက်တမ်း ပြီးဆုံးအောင် ပထမဆုံးထမ်းဆောင်နိုင်ခဲ့သလို၊ ၂၀၀၆ ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဝန်ကြီးချုပ်ထပ်ဖြစ်ပါတယ်။ သက်ဆင်ဟာ ထိုင်းအရှေ့မြောက်က ကျေးလက်လူထု ထောက်ခံမှုအားနဲ့ အာဏာရခဲ့တဲ့ အရပ်သားဝန်ကြီးချုပ် ဖြစ်လင့်ကစား ဒုတိယသက်တမ်းမှာပဲ ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းခြင်းကို ခံရပါတယ်။ နိုင်ငံရပ်ခြားကို ထွက်သွားခဲ့ရသလို မျက်ကွယ်ပြစ်ဒဏ်စီရင်ခြင်းလည်း ခံခဲ့ရပါတယ်။ ပါတီနာမည်ပြောင်းပြီး ညီမ ဖြစ်သူ ယင်လတ်ရွေးကောက်ပွဲ ဝင်ခဲ့ကာ ၂၀၁၁ ခုနှစ်မှာ ယင်လတ်ရှင်နာဝပ် ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာတယ်။ ၂၀၁၄ ခုနှစ်မှာတော့ စစ်တပ်ရဲ့အာဏာသိမ်းခြင်းကို ခံရပြန်ပါတယ်။ ဒီနောက် ၉ နှစ်တာ ကာလ ကိုတော့ အာဏာသိမ်းဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်က ကြိုးကိုင်ပြီး ထိုင်းနိုင်ငံရေးကို မောင်းနှင်နေတာ ဖြစ်ပါတယ်။
သက်ဆင်ရဲ့ နိုင်ငံရေးသြဇာက ကြီးပါတယ်။ နိုင်ငံရေးမှာ သူမပါဝင်တော့ပေမဲ့ နှစ်၂၀ကျော်ကြာတဲ့အထိ ပြည်သူကထောက်ခံနေဆဲပါပဲ။ သက်ဆင်ရဲ့ သမီးဖြစ်သူ ပေတုန်တန်ရှင်နာဝပ်ရဲ့ Pheu Thai ပါတီဟာ ရွေးကောက်ပွဲ အကြိုကာလမှာပဲ နံပါတ်တစ် ဖြစ်မယ်လို့ နာမည်ကြီးခဲ့ပါတယ်။ Pheu Thai ပါတီအနေနဲ့ နိုင်ငံရေးမှာ စစ်တပ်ကြီး စိုးပတ်သက်နေတာကို ကန့်ကွက်မှုတွေ ရှိခဲ့ပေမဲ့၊ ဘုရင်စနစ်ကိုတော့ ထိပါးပုတ်ခတ်တာမျိုး မလုပ်ခဲ့ပါဘူး။ သူ့ပါတီအနိုင်ရလို့ အစိုးရဖွဲ့နိုင်ရင် အနိမ့်ဆုံးလစာကို ဘတ် ၂၅၀၀၀ အထိ တိုးပေးမယ်။ ၁၆နှစ်ပြည့်ပြီး သူတွေကိုလည်း ဒီဂျစ်တယ်ပိုက်ဆံအိတ်ကနေ ဘတ် ၁၀၀၀၀ အထက် ထည့်ပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးပါတယ်။
ရွေးကောက်ပွဲရလဒ် မည်သို့ပင်ရှိစေ။ ဘဝရဲ့လက်ကျန်အချိန်တွေမှာ မိသားစုနဲ့ နေထိုင်ခွင့်ပေးပါက ထိုင်းနိုင်ငံမှာ ပြန်နေရင်း၊ ကျခံစရာရှိနေတဲ့ ထောင်ဒဏ်ကို ကျခံသွားမယ်လို့ သက်ဆင်ပြောထားပါတယ်။ သက်ဆင်အပေါ် ထိုင်းဗဟို တရားရုံးကနေ မျက်ကွယ်ပြစ်ဒဏ် ၂နှစ်ချမှတ်ထားပါတယ်။တကယ်တမ်းရွေးကောက်ပွဲ ရလဒ် ထွက်တော့ ပီတ Pita ရဲ့ Move Forward ပါတီကအမတ် ၁၅၂ နေရာနဲ့ ပထမရပြီး၊ သက်ဆင်သမီး Phue Thai ပါတီကတော့အမတ်၁၄၁နေရာနဲ့ဒုတိယရခဲ့ပါတယ်။
ပီတ(Pita)နဲ့ကရင်သင်တိုင်းနိုင်ငံရေး
ပီတပြောတဲ့စကားတွေထဲမှာတော့ ကရင်သင်တိုင်းနိုင်ငံရေးက ထိုင်းမှာနာမည်ကြီးခဲ့သလို၊ ကျွန်တော်တို့ ဆီမှာလည်း လူကြိုက်များခဲ့ပါတယ်။ သက်ဆင်သမီးပါတီကို ကျော်ပြီး နံပါတ်တစ်ဖြစ်ခဲ့တာကလည်း သူရဲ့ နိုင်ငံရေးအမြင် ပြတ်သားမှုကြောင့်လို့ဆိုရမှာပါ။ ရွေးကောက်ပွဲမတိုင်ခင်ကာလတွေမှာ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေတာ အဆုံးသတ်ဖို့နဲ့အတူ ဘုရင်စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ လုပ်ခဲ့သူပါ။ မဲဆွယ်စဥ်ကာလမှာလည်း ကလေးသူငယ်ထောက်ပံ့ကြေးကို လစဥ် ဘတ် ၁၂၀၀ ပေးဖို့နဲ့ ကလေးတစ်ဦး မွေးဖွားတိုင်း ထောက်ပံ့ကြေးဘတ် ၃၀၀၀ ပေးဖို့ စီစဥ်ဆောင်ရွက်မယ်လို့ ကတိပြုပါတယ်။
ကရင်သင်တိုင်းဟာ ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ ဝတ်တောင် ဝတ်ဖူးပါတယ်။ ဖီတပြောမှပဲ ကရင်သင်တိုင်းကို သတိထားဖြစ်မိပါတယ်။ ကရင်သင်တိုင်းကို ဖီတကိုယ်တိုင် ဝတ်ဆင်ရင်းက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။ “ကျွန်တော်ဘာကြောင့်ဒီအင်္ကျီကို ဝတ်ရသလဲဆိုတော့ ဒီအင်္ကျီက တခြားအင်္ကျီတွေထက် ပိုတန်ဖိုးရှိလို့ပါ။ ကရင်အင်္ကျီက အရှေ့ဘက်ရော အနောက်ဘက်ရော နှစ်ဖက်စလုံး အတူတူပဲ။ ကရင်အင်္ကျီမှာ အိတ်ကပ်မပါဘူး။ ကော်လာမပါဘူး။ အနားကွပ်မပါဘူး။ ကျွန်တော်လည်း ကရင်အင်္ကျီလိုပဲ ဘယ်တော့မှ မထိန်ချန်ဘူး။ ဘယ်တော့မှ မဖုံးကွယ်ဘူး။ ရှေ့မှာတစ်မျိုး နောက်ကွယ်တစ်မျိုးမလုပ်ဘူး”
ကရင်သင်တိုင်းကို ဥပမာပေးပြီး အာဏာသိမ်းစစ်ကောင်စီတွေနဲ့ လက်တွဲသွားမှာ မဟုတ်သလို စစ်တပ်နောက်ခံ ပါတီတွေနဲ့လည်းအပေးအယူ ညှိနှိုင်းတာတွေ မလုပ်ဘူးလို့ ပြောပါတယ်။ ပီတကို ၁၉၈၀ ဒီဇင်ဘာ ၅ ရက်မှာ မွေးတယ်။ အဖေကလယ်ယာနဲ့ သမဝါယမဝန်ကြီး ရဲ့ အကြံပေးဟောင်း စီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်။ ဦးလေးဖြစ်သူက သက်ဆင်ရဲ့အနီးကပ်အကြံပေးနဲ့ ပြည်ထဲရေးဝန်ကြီး အတွင်းဝန်လုပ်ခဲ့တယ်။ ပီတ ၁၁ နှစ်မှာ နယူးဇီလန်ကို သွားပြီး အလယ်တန်းပြီးတဲ့အထိ ကျောင်းတက်ခဲ့တယ်။ သမ်မာဆတ် တက္ကသိုလ်ကနေ စာရင်းကိုင်ဘာသာရပ်နဲ့ ၂၀၀၂ မှာ ဘွဲ့ရတယ်။ ဟားဗတ်ကနေ နိုင်ငံတကာ ကျောင်းသားတွေကို ပေးတဲ့ စကောလားရှစ် ရခဲ့ပြီး ဂျွန်အက်ဖ်ကနေဒီကျောင်းနဲ့ မက်ဆာချူးဆက်နည်းပညာ တက္ကသိုလ်တွေကနေဒီဂရီထပ်ခဲ့တယ်။
သူ ၂၅နှစ်အရွယ်မှာ ဖခင်ဆုံးလို့ထိုင်းကို ပြန်လာပြီး ဖခင်စီးပွားရေးကို လုပ်တယ်။ ထိုင်းရုပ်ရှင်မင်းသမီး တစ်ယောက်နဲ့ လက်ထပ်ခဲ့ပြီး သမီးမိန်းကလေးထွန်းကားတယ်။ သူတို့ချင်းကွာရှင်းပြတ်စဲထားကြပြီး သမီးလေးကို ဖီတကစောင့်ရှောက်ထားတယ်။ Future Forward ပါတီရဲ့ ဖိတ်ခေါ်မှုကြောင့် ၂၀၁၉ မှာ ရွေးကောက်ပွဲ ဝင်ပြီး အမတ်ဖြစ်ခဲ့တယ်။ Future Forward ပါတီ ဖျက်သိမ်းခံရပြီး နှစ်ပတ်အကြာမှာ ပြန်လည်ဖွဲ့စည်းတဲ့ Move Forward ပါတီရဲ့ ခေါင်းဆောင် အဖြစ်တင်မြှောက်ခြင်းခံရတယ်။
လူသိများသလို ပြည်သူတွေထောက်ခံတဲ့ သူ့ပါတီရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဥ်တွေကတော့ ထိုင်းစစ်ဘက်ကို ပြုပြင်ပြောင်းလဲပြီး စစ်အသုံးစရိတ်ကို လျော့ချမယ်၊ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်မယ်၊ စစ်ဘက်နဲ့ ထိုင်းဘုရင်စနစ်ကိုဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာပဲ ထားရှိစေမယ်တို့ပဲ ဖြစ်ပါတယ်။
Move Forward ပါတီရဲ့ မြန်မာနိုင်ငံအပေါ်သဘောထား
“မြန်မာနိုင်ငံရေး ပြဿနာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဟာ နှုတ်ဆိတ်နေတဲ့ အချိန်များစွာ ရှိခဲ့တယ်။ လာမဲ့အစိုးရသစ် လက်ထက်မှာတော့ နှုတ်ဆိတ်တဲ့ သံတမန်ရေးနည်းလမ်းကို အသုံးမပြုသင့်တော့ဘူး။ ကျွန်တော်တို့ဟာ ဒီမိုကရေစီ တန်ဖိုးတွေကို အခြေခံပြီး ပြောဆိုရမယ်”
ပါတီအကြံပေး Fuadi Pitsuwan ရဲ့ သဘောထားကို အရင်ပြောချင်ပါတယ်။ Fudi Pitsuwan ဟာ အခြားသူ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်ခဲ့သလို၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း အဖြစ်တာဝန်ယူခဲ့ဖူးတဲ့ဆူရင်ပစ်ဆူဝမ်ရဲ့သားဖြစ်ပါတယ်။ သူပြောခဲ့တဲ့စကားကို ကောက်နုတ်ဖော်ပြရရင်တော့ “မြန်မာနိုင်ငံရေးပြဿနာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဟာ နှုတ်ဆိတ်နေတဲ့အချိန်များစွာ ရှိခဲ့တယ်။ လာမဲ့အစိုးရသစ် လက်ထက်မှာတော့ နှုတ်ဆိတ်တဲ့သံတမန်ရေးနည်းလမ်းကို အသုံးမပြုသင့်တော့ဘူး။ ကျွန်တော်တို့ဟာ ဒီမိုကရေစီ တန်ဖိုးတွေကို အခြေခံပြီးပြောဆိုရမယ်” ဆိုတာပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံဟာ စစ်တပ်ကြီးစိုးမှုတွေရှိနေပေမဲ့ စီးပွားရေး၊နိုင်ငံရေး၊ ယဥ်ကျေးမှု အဆောက်အဦတွေမှာ မျိုးဆက်ပြတ်သွားခြင်းမရှိတာကို နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားအောင်မြင်နေတဲ့ လူငယ်မျိုးဆက်တွေရဲ့ အောင်မြင်မှုကို မြင်တွေ့နေရတာကိုက မြန်မာပြည် အခြေအနေနဲ့ အများကြီးကွာခြားတာကိုတွေ့မြင်နိုင်ပါတယ်။ မြန်မာပြည်ရဲ့စစ်ခေါင်းဆောင် အဆက်ဆက် ကတော့ မျိုးဆက်အလိုက်ကို ခေါင်းမထောင်နိုင်အောင်ရက်စက်စွာနဲ့ ဖိနှိပ် နှိပ်ကွက်ခဲ့၊ ဖိနှိပ်နေဆဲ ဖြစ်ပါတယ်။
ပါတီခေါင်းဆောင် ပီတအနေနဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကိုမတရား စွပ်စွဲပြီး ပြစ်ဒဏ်ချတဲ့အပေါ် အံ့သြထိတ်လန့်မိကြောင်းနဲ့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ မြန်မာပြည်သူ တွေရဲ့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီကို ပြန်လည်တည်ဆောက်ပေးဖို့ တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီး မေ၁၅ရက်မှာတော့ မိုခါမုန်တိုင်းကြောင့် အသက်အိုးအိမ်ဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် မျှဝေခံစားစိတ်နဲ့ မေတ္တာပို့ ဆုတောင်းသလို၊ လူသားချင်းစာနာတဲ့ အကူအညီ ပေးအပ်မှုတွေကို အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံကြားကာလအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီ တောင်းဆိုပေးပါတယ်။ မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းခြင်းကို ဖြေရှင်းဆောင်ရွက်ရာမှာလည်း အမေရိကန်က ပြဋ္ဌာန်းထားတဲ့ Burma Act အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။ အာဆီယံ ဘုံသဘောတူချက်ကို အကောင် အထည်ဖော်ဖို့ အရေးကြီးသလို ထိုင်းနိုင်ငံ အနေနဲ့ တွန်းအားပေးဆောင်ရွက်သွားမယ်လို့ ပါတီခေါင်းဆောင် ပီတက ပြောကြားထားပါတယ်။
“မြန်မာနိုင်ငံမှ စစ်အာဏာသိမ်းခြင်းကို ဖြေရှင်းဆောင်ရွက်ရာမှာလည်း အမေရိကန်က ပြဋ္ဌာန်းထားတဲ့ Burma Act အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။ အာဆီယံ ဘုံသဘောတူချက်ကို အကောင်အထည်ဖော်ဖို့ အရေးကြီးသလို ထိုင်းနိုင်ငံအနေနဲ့ တွန်းအားပေးဆောင်ရွက်သွားမယ်လို့ ပါတီခေါင်းဆောင်ပီတက ပြောကြားထားပါတယ်။”
ထိုင်းစစ်တပ်အနေနဲ့အာဏာထပ်သိမ်းဦးမှာလား
ထိုင်းအစိုးရဖွဲ့ဖို့ အကျပ်အတည်းဖြစ်နေတာ အမှန်ပါပဲ။ အသံပေါင်းစုံ၊ သတင်းပေါင်းစုံ ထွက်နေခြင်းကလည်း ၂၀၂၁ မြန်မာပြည် အာဏာသိမ်းခါနီး အခြေအနေအတိုင်း ဖြစ်နေပြန်ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် စစ်တပ်က အာဏာသိမ်းနိုင်သလားဆိုတဲ့ မေးခွန်းကို မီဒီယာတွေမှာ စစ်အာဏာသိမ်း (Coup)ဆိုတဲ့ စကားကို ဖဟ်ရှားလိုက်သင့်ပြီလို့ ကာကွယ်ရေး ဦးစီးချုပ်က ပြောခဲ့ပေမဲ့ ရွေးကောက်ပွဲအပြီး အာဏာသိမ်းမလားဆိုလို့ ထပ်ပြီးမေးရာမှာတော့ ရေရေရာရာပြန်ဖြေတာမျိုး မရှိတော့ပါဘူး။ ပရာယွတ်ကတော့ ဝန်ကြီးချုပ်အနေနဲ့ရော၊ ကာကွယ်ရေးဝန်ကြီး အနေနဲ့ပါ မေ ၃၁မှာ ထိပ်တန်းဗိုလ်ချုပ်များကို ဆင့်ခေါပြီး ထိုင်းအမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဇူလိုင်လမကုန်ခင် ပြောင်းလဲဖွဲ့စည်းဖို့ အတွက် အရေးပေါ် အစည်းအဝေးထိုင်ခဲ့ပါတယ်။
ထိုင်းစစ်တပ်အတွင်းမှာ ဗိုလ်ချုပ်တွေ များနေတဲ့အတွက် ဗိုလ်ချုပ်ရာထူး ၆၀၀ကို ထပ်မံလျော့ချဖို့ ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုလုပ်ဆောင်တာဟာ တပ်အရွယ်အစားချိန်ညှိရေးအတွက် လုပ်ဆောင်တဲ့ စီမံကိန်းဖြစ်ပြီး လာမဲ့အရပ်သားအစိုးရအဖွဲ့ရဲ့ ရည်ရွယ်ချက်တွေနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဆိုပါတယ်။ ထိုင်းစစ်ဘက်ခေါင်းဆောင် အဆက်ဆက်အနေနဲ့ အာဏာသိမ်းမှုပေါင်း ဒါဇင်နဲ့ချီပြီး လုပ်ခဲ့ကြပေမဲ့ လူသားဆန်ခြင်းရှိခဲ့သလို၊ နိုင်ငံရေးကိုလည်း အပိတ်မကစားခဲ့ပါဘူး။အာဏာဘယ်လိုသိမ်းသိမ်း တိုင်းပြည်ရဲ့ စီးပွားရေး၊နိုင်ငံရေး၊ ပညာရေးတွေ ယုတ်လျော့ပျက်စီး သွားတာမျိုး မတွေ့ရပါဘူး။၃ကြိမ်သာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်အနေနဲ့ကတော့ ဖြစ်စဥ်တိုင်းမှာ လူသားမဆန်မှုတွေ၊ ဖိနှိပ်ရက်စက်ခြင်းတွေနဲ့အတူ နိုင်ငံရေးကို ထွက်ပေါက်မဲ့ အပိတ်ကစားခဲ့တာချည်းပါပဲ။
လက်ဝါးကြီးအုပ်ချင်တဲ့ စိတ်ရှိပုံချင်းတူပေမဲ့ လူသားဆန်မှုနဲ့ လုပ်နည်းလုပ်ဟန်တွေ ကွဲပါတယ်။ ၂၀၁၄ အာဏာသိမ်းပြီး ဖွဲ့စည်းပုံကိုစိတ်ကြိုက်ပြင်ပါတယ်။အောက်လွှတ်တော် အမတ်၅၀၀အတွက်သာ ရွေးချယ် တင်မြောက်မှု ပြုလုပ်ပြီး အထက်လွှတ်တော် အမတ် ၂၅၀ကိုတော့ ရွေးချယ်ခြင်းမပြုဘဲ စစ်တပ်က စိတ်ကြိုက်တိုက်ရိုက်ခန့်ပါတယ်။ ကျွန်တော်တို့လွှတ်တော်များက စစ်တပ်ရဲ့ပါဝင်မှု ရာခိုင်နှုန်းထက် ပိုများနေပါတယ်။ ထူးခြားချက်ကတော့ စစ်ဝတ်စုံဝတ် စစ်သားအမတ်တွေ မဟုတ်ဘဲ အလွှာစုံက ထင်ရှားသူတွေကို စိတ်ကြိုက်ခန့်ထားခြင်းပဲ ဖြစ်နေပါတယ်။
Move Forward နဲ့ Phue Thai ပါတီတို့ ဦးဆောင်တဲ့ မဟာမိတ် ၈ပါတီအချင်းချင်းကြား နားလည်မှု သဘောတူစာချုပ် (MOU ) ထိုးတဲ့နေ့ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၉နှစ်တိတိပြည့်တဲ့ မေလ၂၂ရက် ဖြစ်နေပါတယ်။ ဒီရက်ကို တမင်ရွေးလုပ်ကြပုံရပါတယ်။ MOU ထိုးတဲ့အချက်တွေ ထဲမှာ ပီတတို့ ကြွေးကြော်ခဲ့တဲ့ တော်ဝင်ဥပဒေ ပြင်ဆင်မယ်ဆိုတဲ့အချက် ပါဝင်လာခြင်း မရှိတော့ပါဘူး။ အထက်လွှတ်တော်အမတ်တွေထဲက နန်းတော်သြဇာ မကင်းတဲ့ ရှေးရိုးစွဲအမတ်တွေရဲ့ ထောက်ခံမှုကို လိုချင်လို့ဖြစ်ကြောင်း သုံးသပ်ကြပါတယ်။ ပီတတို့ရဲ့ ၈ပါတီညွှန့်ပေါင်း အမတ်ဦးရေဟာ ၃၁၃ ပဲရှိပါတယ်။ ထိုင်းဖွဲ့စည်းပုံအရ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ၂ရပ်ပေါင်း ၃၆၇ မဲရမှ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ပီတတို့အနေနဲ့ ညွှန့်ပေါင်း အစိုးရဖွဲ့နိုင် ဖို့ ၅၄မဲလိုနေပါသေးတယ်။
“ထိုင်းနိုင်ငံဟာ စစ်တပ်ကြီးစိုးမှုတွေ ရှိနေပေမဲ့ စီးပွားရေး၊ နိုင်ငံရေး၊ ယဥ်ကျေးမှု အဆောက်အဦတွေမှာ မျိုးဆက် ပြတ်သွားခြင်းမရှိတာကို နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားအောင်မြင်နေတဲ့ လူငယ်မျိုးဆက်တွေရဲ့အောင်မြင်မှုကို မြင်တွေ့ နေရတာကိုက မြန်မာပြည်အခြေအနေနဲ့ အများကြီး ကွာခြားတာကို တွေ့မြင်နိုင်ပါတယ်။ မြန်မာပြည်ရဲ့ စစ်ခေါင်းဆောင် အဆက်ဆက်ကတော့ မျိုးဆက်အလိုက်ကို ခေါင်းမထောင်နိုင်အောင်ရက်စက်စွာနဲ့ ဖိနှိပ် နှိပ်ကွက်ခဲ့၊ ဖိနှိပ်နေဆဲ ဖြစ်ပါတယ်။”
နိဂုံးချုပ်
အစိုးသစ်ဖွဲ့ခါနီး သတင်းမျိုးစုံထွက်လာနေပါတယ်။ ပီတနဲ့ သက်ဆင်သမီးတို့ကြား လွှတ်တော်ဥက္ကဌ ရလိုမှုကနေ အက်သံထွက်လာပါတယ်။ ပီတအနေနဲ့ iTV မီဒီယာမှာ ရှယ်ယာများစွာ ပိုင်ဆိုင်ထားတဲ့အချက်နဲ့ အမတ်မဖြစ်ထိုက်ဘူးလို့ အသံကျယ်ကျယ် ထွက်လာနေပါတယ်။ ပီတကို ထောက်ခံသူများကလည်း အစိုးရအမြန်ဖွဲ့ပေးဖို့ လူထုအားနဲ့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ပီတကို ဝန်ကြီးချုပ်မဖြစ်စေဖို့နဲ့ အစိုးရမဖွဲ့နိုင်ဖို့ ဖိအားတွေ ဆက်တိုက်ဖြစ်ပေါ်နေသလို ပီတကိုလည်း အမေရိကန်လူလို့ စွပ်စွဲနေကြပါသေးတယ်။
စစ်တပ်နောက်ခံ ရှေးရိုးစွဲပါတီတွေနဲ့ အထက်လွှတ်တော်အမတ်တွေပေါင်းပြီး အစိုးရဖွဲ့လိမ့်မယ်လို့လည်း သတင်းထွက်နေပါတယ်။ နောက်ထပ်သတင်းကတော့ တရုတ်ပြည်ကို ဘယ်တုန်းကမှ သွားမလည်ဘူးတဲ့ ထိုင်းဘုရင်ဟာ သမ္မတရှီကျင့်ဖျင်နဲ့ သွားတွေ့ခဲ့ပါသတဲ့။ ပြည်သူများရဲ့ ဆန္ဒအမှန်ကို ထိုင်းစစ်ခေါင်းဆောင် အဟောင်းအသစ်တွေရော ဘုရင်ကပါ သိသင့်သလောက် သိနေကြပါပြီ။ ပြည်သူ့ဆန္ဒကို လစ်လျူရှုပြီး စစ်အာဏာသိမ်းလိုက်မှုကြောင့် မြန်မာပြည် ကသောင်းကနင်းဖြစ်နေတာကို မျက်စိရှေ့မှာ သူတို့မြင်တွေ့နေပါပြီ။
ကမ္ဘာစစ်ကာလမှာတောင် အင်္ဂလိပ်ကိုလိုနီ၊ ဂျပန်ကိုလိုနီ မဖြစ်အောင် ရှောင်ခဲ့တိမ်းခဲ့တဲ့ ထိုင်းနိုင်ငံရေး သဘာနဲ့ ဝါကိုမေ့ထားလို့မရပါဘူး။ ရှိရင်းစွဲ၊ တိုးတက်နေဆဲ နိုင်ငံ့အခြေခံအဆောက်အဦတွေ ထိခိုက်ပျက်စီးနိုင်တဲ့အထိ စဥ်းစားလုပ်ကိုင်မှာမဟုတ်ဘဲ ဥာဏ်ပညာကြီးစွာနဲ့ အကောင်းဆုံးထွက်ပေါက်ကို ရှာတွေ့နိုင်လိမ့်မည် ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ဘုန်းသွေးနီ
{ Thai PBS , Bangkok Post , The Nation , BBC , VOA , PVTV တို့၏ သတင်း များနှင့် မိမိကိုယ်ပိုင် မှတ်စုများမှ ထုတ်နုတ်ကိုးကားကာ ရေးသားထားခြင်း ဖြစ်ပါသည်။ }