စစ်တိုက်ပါ။ လူမသတ်ပါနှင့်။

အသံဆောင်းပါး နားဆင်ရန်

“နိုင်ငံရေး၊ စစ်ရေးနှင့် စပ်ဆိုင်ပတ်သက်သမျှသော အဖွဲ့အစည်းတိုင်းသည် ပြည်သူလူထု၏ ထောက်ခံ အားပေးမှုရရန် အလွန်အဓိကကျပါသည်။ လူထု၏ ထောက်ခံမှု မရရှိဘဲ မည်သည့်အဖွဲ့အစည်းမျှ ကြာတောင့်ကြာရှည် ရပ်တည်နိုင်မည် မဟုတ်ပါ။ “

မြန်မာပြည်၏ ကံကြမ္မာဟုပင် ဆိုရပါတော့မည်။  ၂၀၂၀ – အစောပိုင်းမှာပင် ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့သည်။  ထောက်ခံမှု အခြေအနေကောင်းနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် လအတန်ကြာဖုံးဖိထားသော်လည်း ကြာကြာတော့ မဖုံးဖိထားနိုင်ခဲ့ပေ။ ထိုသောအခါ ၂၀၂၀-နိုဝင်္ဘာလမှာ ကျင်းပမည့် ရွေးကောက်ပွဲကို နောက်ဆုတ်ရွေ့ဆိုင်းဖို့ အကြံဉာဏ်များပေးခဲ့သော်လည်း ထောက်ခံမှုအားကောင်းနေ သောကာလမို့  ဖြစ်သည့်နည်းဖြင့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။ မူလတွေးထင်တွက်ချက်ထားသည့်အတိုင်း ပြည်လုံးကျွတ်နီးပါး အနိုင်ရခဲ့သည် ။ သို့သော် အဆိုပါရလဒ်ကို တပ်မတော်က လက်မခံခဲ့ပေ။  လွှတ်တော်ကိုယ်စား လှယ် ၂၀% ကျော်လက်မှတ်ရေးထိုးပြီး လွှတ်တော်ခေါ်ပေးရန် တောင်းဆိုသော်လည်း လက်ရှိလွှတ်တော်ဥက္ကဌက လွှတ်တော်ကို ခေါ်မပေးခဲ့ပါ။ စေ့စပ်ဆွေးနွေးမှုများကလည်း အဆင်မပြေခဲ့ပေ။ နောက်ဆုံးတွင် တပ်မတော်မှ အာဏာထိန်းသည်ဟုဆိုပြီး အာဏာသိမ်းသည့်အဆင့်သို့ ဆိုက်ရောက်ခဲ့ရသည် ။

အာဏာသိမ်းပြီး ခြောက်လကျော်ကာလခန့်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ တတိယလှိုင်းသည် မြန်မာပြည်အား  အကြီး အကျယ် ဒုက္ခပေးကူးစက်ခဲ့သည်။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှု၊ ဆေးဝါးနှင့် ထောက်ကူပြုပစ္စည်း မလုံလောက်မှုများဖြင့် လူထုကြီးတရပ်လုံးမှာ ဒုက္ခသုက္ခပေါင်းစုံကို ခါးစည်းခံစား ခဲ့ကြရသည်။ ကပ်ရောဂါကြောင့် သေဆုံးသူများ၏ စာရင်းကို အတိအကျကောက်ယူရန်ပင် ခက်ခဲခဲ့ပါသည်။ အဆိုပါ ကာလသည် ငြိမ်းချမ်းစွာဆန္ဒပြမှုများအား ပစ်ခတ်နှိမ်နှင်းမှုများ၏ နောက်ဆက်တွဲအဖြစ် လူငယ်များက တုန့်ပြန် တိုက်ခိုက်မှုများ စတင်နေသည့် ကာလလည်း ဖြစ်နေပြန်သည်။ တစ်ဖက်တွင် တိုက်ခိုက်မှုပဋိပက္ခများ ဖြစ်နေပြီး အခြားတစ်ဖက်တွင် ကပ်ရောဂါကူးစက်မှုကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည်။ မြန်မာပြည်သူများအတွက် အခက်အခဲဆုံးကာလ ဖြစ်ခဲ့သည်။

“စာရေးသူအနေဖြင့် မကြာမီက ရန်ကုန်မှ မန္တလေးသို့သွားရာတွင် အမြန်လမ်းတလျောက်၌ တွေ့ရှိရသော ရဲကင်း စခန်း တိုင်းလိုလိုသည်ဝါးချွန်များဖြင့်ထိုးထိုးထောင်ထောင်ကာရံထားသောခြံစည်းရိုးများနှင့်ဖြစ်နေပါသည်။  သဲအိတ်များကာရံ၍ ပြုလုပ်ထားသော ကတုတ်ကျင်းများဖြင့် ဖြစ်နေကြသည်။ စိတ်ထဲတွင် ပြည်သူလူထုကို ကာကွယ်ဖို့ မပြောပါနှင့်၊ သူတို့ကိုယ် သူတို့ တောင် မလုံခြုံတော့ပါလား -ဟုတွေးမိခဲ့ပါသည်။”

ကူးစက်ရောဂါ၏ အခက်အခဲဆုံး အထွဋ်အထိပ်ကာလကို လွန်မြောက်ခဲ့သော်လည်း  လက်နက်ကိုင်တိုက်ခိုက်မှု ပဋိပက္ခ မှာမူ တဖြည်းဖြည်းကြီးထွားလာခဲ့သည်ကို  သတိပြုမိကြမည် ထင်ပါသည်။ ၂၀၂၂ ၊ ၂၀၂၃ ကာလတိုင်အောင် တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်မှုများမှာ ပိုမိုတိုးပွါးလာသောကြောင့်   မြို့ကြီးပြကြီးများပါမကျန်အောင်  ပြည်သူလူထု၏ ဘဝလုံခြုံ ရေးမှာ မရေမရာဖြစ်ရသည်။  ဆက်သွယ်ရေးအင်တာနက်လိုင်းများ ဖြတ်တောက်လိုက်သောကြောင့် ဘဏ်များ၏ အွန် လိုင်းလုပ်ငန်းများ ထိခိုက်ကုန်သည်မှစ၍  ဘဏ်များမှ ငွေထုတ်မရတော့ဘဲ မြန်မာငွေကြေးတန်ဘိုးမှာ များစွာကျဆင်း သွားခဲ့ရသည်။ နှစ်ဖက်ပဋိပက္ခများကြောင့် အများသိကြသည့်အတိုင်းပင် ကုန်စျေးနှုန်းများတက်ခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက်ခြင်း၊ တရားဥပဒေ စိုးမိုးရေးများလည်း အလွန်ကိုအားနည်းသွားခဲ့ရသည်။ အဆိုးဝါးဆုံးမှာ ငယ်ရွယ်သူများ၏ ပညာသင်ယူမှုကိစ္စအား အကြီးအကျယ်ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ လူငယ်လူရွယ် အတော်များများသည် ပညာသင်ကြားရေးများကို လက်လွှတ်ဆုံးရှုံးခံခဲ့ကြရပြီး ရရာအလုပ်များကို ရှာဖွေလုပ်ကိုင်ကြရသည်။ အချို့သော သုတေသနပြု ခန့်မှန်းချက်များက လူငယ်ပေါင်း ရှစ်သန်းမှ တစ်ဆယ်သန်းအထိ ပညာသင်ကြားခွင့် ဆုံးရှုံးနေသည်ဟု ဆိုပါသည်။ ပြည်တွင်းတွင် အဆင်မပြေမှုများကြောင့် ပြည်ပနိုင်ငံများသို့ စွန့်စားထွက်ခွါနေကြရ ခြင်းသည် ပြည်တွင်းလုပ်အားများ ဆုံးရှုံးနေခြင်းအဖြစ် ရှုမြင်ရမည်ဖြစ်ပါသည်။  အားလုံးလည်း သိထားကြပြီး ဖြစ်သဖြင့် အကျယ်မဖေါ်ပြလိုတော့ပေ။

ယခု ဤဆောင်းပါးကို တရားဥပဒေနှင့် ပတ်သက်သောအဖွဲ့အစည်းဖြစ်သည့်  ( LAMP ) သို့ပေးပို့ရသည့် ရည်ရွယ်ချက် မှာ မြန်မာနိုင်ငံတွင် တရားဥပဒေ ပြန်လည်စိုးမိုးစေလိုသော ဆန္ဒဖြင့် ပေးပို့ခြင်းဖြစ်ပါသည်။  စာရေးသူအနေဖြင့် မကြာ မီက ရန်ကုန်မှ မန္တလေးသို့သွားရာတွင် အမြန်လမ်းတလျောက်၌တွေ့ရှိရသော ရဲကင်းစခန်းတိုင်းလိုလိုသည် ဝါးချွန်များ ဖြင့် ထိုးထိုးထောင်ထောင် ကာရံထားသော ခြံစည်းရိုးများနှင့် ဖြစ်နေပါသည်။ သဲအိတ်များကာရံ၍ ပြုလုပ်ထားသော ကတုတ်ကျင်းများဖြင့် ဖြစ်နေကြသည်။ စိတ်ထဲတွင် ပြည်သူလူထုကို ကာကွယ်ဖို့ မပြောပါနှင့်၊ သူတို့ကိုယ် သူတို့ တောင် မလုံခြုံတော့ပါလား -ဟုတွေးမိခဲ့ပါသည်။  လက်တွေ့အားဖြင့်လည်း မြို့ကြီးများတွင် သာမန်အမှုများဖြစ်သော ခိုးမှု၊ ခါးပိုက်နှိုက်မှု၊ ခိုက်ရန်ဖြစ်မှုများကို သွားရောက်တိုင်ကြားသော်လည်း အရေးယူဆောင်ရွက်ခြင်းတွင်မူ အလွန့်အလွန်အားနည်းသွားသည်ကို လူထုအတော်များများ သိလာကြခြင်းသည်  တရားဥပဒေစိုးမိုးမှုကို များစွာထိခိုက်မှု ဖြစ်စေပါသည်။ ရာဇဝတ်မှု ကျူးလွန်သူများအဖို့  အခွင့်အခါကောင်းရနေသလို ဖြစ်နေပါတော့သည်။

လက်ရှိကာလတွင် စစ်တပ်ဖက်သို့ ထောက်ခံနေသူများအတွက် လုံခြုံမှု မရှိသလို  အတိုက်အခံ ပြည်သူ့ကာကွယ်ရေး တပ်များကို ထောက်ခံသူများအတွက်လည်း လုံခြုံမှု မရှိပေ။  သတင်းစာများတွင် နေ့စဉ်လိုလို သေနတ်ဖြင့် ပစ်သတ်ခံ ရသူများ၏ သတင်းမှာ နေ့စဉ်မပြတ်တွေ့နေရသလို  လူမှုကွန်ရက်သတင်းများတွင်လည်း ဖမ်းဆီးခြင်းများ၊ သတ်ဖြတ် ခြင်းများ၊ လူနေအိမ်များကို မီးတင်ရှို့ခြင်းသတင်းများ စဉ်ဆက်မပြတ်တွေ့မြင်နေရသည်။  “ ဥပဒေနှင့်အညီ “ ဆိုသော စကားရပ်သည် မရှိတော့သလို ဖြစ်လာနေပါသည်။  ယင်းအခြေအနေမျိုးသည် တိုင်းပြည်တစ်ပြည်အတွက် များစွာတုန် လှုပ်စရာကောင်းသော အခြေအနေဟု ဆိုချင်ပါသည်။  နိုင်ငံရေးအရ အမြင်မတူ၍ ငြင်းခုံခြင်း။ နိုင်ငံရေးအရ ဖြေရှင်းမရသောအခါ ထိုထက်ကျော်လွန်၍ လက်နက်ကိုင် တိုက်ခိုက်ကြခြင်းမျိုးသည် ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုနိုင်ပါသည်။  သို့သော်လည်း စစ်ပွဲအတွင်းမဟုတ်ဘဲ စစ်ကြောရေးတွင်ဖြစ်ဖြစ်၊ လက်ဖက်ရည်ဆိုင်တွင်ဖြစ်ဖြစ် သတ်ဖြတ်ခြင်းသည်  သင့်တော်သည့်လုပ်ရပ် မဟုတ်ဟု ဆိုရပါမည်။ တရားရုံးတစ်ခုခု (သို့) ခုံရုံးတစ်ခုခု မှနေ၍ ဆုံးဖြတ်ပြီး ပြစ်ဒဏ်ချမှတ် ထားမှုမျိုး မရှိဘဲ၊ ခိုင်လုံသည့်အထောက်အထား မရှိဘဲ၊ ခုခံ ချေပခွင့်မရှိဘဲ သတ်ဖြတ်ခံရမှုများတွင် အသတ်ခံရသူများအတွက် လွန်စွာနစ်နာသည်ဟု ဆိုချင်ပါသည်။

“လက်ရှိကာလတွင် စစ်တပ်ဖက်သို့ ထောက်ခံနေသူများအတွက် လုံခြုံမှု မရှိသလို  အတိုက်အခံ ပြည်သူ့ကာကွယ်ရေး တပ်များကို ထောက်ခံသူများအတွက်လည်း လုံခြုံမှုမရှိပေ။  သတင်းစာများတွင် နေ့စဉ်လိုလိုသေနတ်ဖြင့် ပစ်သတ်ခံရသူများ ၏ သတင်းမှာ နေ့စဉ်မပြတ်တွေ့နေရသလို  လူမှုကွန်ရက် သတင်းများတွင်လည်း ဖမ်းဆီးခြင်းများ ၊ သတ်ဖြတ်ခြင်းများ၊ လူနေအိမ်များကိုမီးတင်ရှို့ခြင်းသတင်းများစဉ်ဆက်မပြတ်တွေ့မြင်နေရသည်။”
 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏  လူ့အခွင့်အရေး ချိုးဖေါက်မှု မှတ်တမ်းယူရေးဌာန အနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလ-၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်နှင့် ကြံခိုင်ရေး ကျောထောက်နောက်ခံပြုထားသော သွေးသောက်အဖွဲ့၏ သတ်ဖြတ် မှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၅၈) ဦးသေဆုံးခဲ့ကြောင်း RFA  သတင်းကဆိုပါသည်။  AAPP ၏ စာရင်းများအရ အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန်တွင်  စစ်တပ်၏ ပစ်ခတ်မှု / ဖမ်းဆီးထားစဉ် သေဆုံးသူပေါင်း (၂၉၄၇)ဦး ရှိကြောင်းကို ၂၀၂၃-ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ထို့အတူ ကာ/လုံ အစည်းအဝေး ( ၁/၂၀၂၃ ) တွင် ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း၌  PDF  တပ်ပေါင်းစုံ၏ သတ်ဖြတ်မှုကြောင့်  ဝန်ထမ်း / အုပ်ချုပ်ရေးမှူး / ရဟန်းသံဃာ / ကလေးသူငယ်နှင့် အရပ်သားပေါင်း (၅၄၄၃) ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။  အဆိုပါ အရေ အတွက်များမှာ သတင်းများတွင်ဖေါ်ပြထားသော သတင်းများသာဖြစ်ပြီး စာရေးသူအနေဖြင့် သီးခြားအတည်ပြု နိုင်ခြင်းတော့ မရှိပါ။

ထို့အပြင် ကြံခိုင်ရေးပါတီဝင် နှင့် ထောက်ခံသူပေါင်း ( ၁၃၂၇ ) ဦး သတ်ဖြတ်ခံရကြောင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဌဖြစ်သူ ဦးသန်းဌေးမှ ၂၀၂၂ -ခုနှစ် မတ်လ (၂၆) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားခဲ့သည်။ နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့ ခေါင်းဆောင်၏ အဆိုအရ  ၂၀၂၁ မတ်လမှစ၍ ခြောက်လအတွင်း  စစ်တပ်နှင့်နှီးနွယ်သူ၊ ထောက်ခံသူ၊ ကူညီသူ၊ သတင်းပေးသူပေါင်း ( ၂၅၀ ) ကျော်ကို သတ်ဖြတ်သုတ်သင်ခဲ့ကြောင်း အဖွဲ့ခေါင်းဆောင်က ဆိုခဲ့ပါသည်။  ပဇီကြီး / နမ့် နိမ့် / အနမ်းပါ / လက်ယက်ကုန်း စသော စစ်လေယာဉ်ဖြင့် ဗုံးကြဲခံခဲ့ရသော နာမည်ကြီးဒေသများတွင်မူ သေဆုံးမှု များပြားသလောက် သတင်းများတွင်လည်း ကျော်ကြားခဲ့ပါသည်။

မြန်မာပြည်တွင် အထက်ဖေါ်ပြထားသကဲ့သို့  ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော ဖမ်းဆီးသတ်ဖြတ်နေမှုများကို နိုင်ငံတကာ အဖွဲ့အစည်းများ၊ တိုင်းပြည်များက သာမန်မျှသာ ပြောဆိုအပြစ်တင်နေကြပြီး ထိရောက်သည့် အရေးယူ ဆောက်ရွက်ခြင်းများ မရှိသည်မှာလည်း အံ့အားသင့်ဖွယ်ကိစ္စ တစ်ရပ်ဖြစ်ပါသည်။

ထိုမျှလောက်အထိ သောကဗျာပါဒ ဒုက္ခများလှသော အခြေအနေမျိုးတွင် ဗူးလေးရာ ဖရုံဆင့်ဆိုသလို ၂၀၂၃ – မေလ၌ “မိုခါ” နာမည်ရ ဆိုင်ကလုန်းမုန်တိုင်းက မြန်မာပြည်ကို ဝင်ရောက်လာပြန်သည်။ အလွန်ကြီးမားသော လေတိုက်နှုန်းဖြင့် ဝင်ရောက်မည့်အကြောင်း မိုးလေဝသ သတင်းများက ကြိုတင်အသိပေးပြီး ပြင်ဆင်ထားဖို့ အကြံပြုခဲ့ပါသည်။ ဖျက်အားပြင်းဆိုင်ကလုန်းမို့  ကံဆိုး မိုးမှောင်ကျသည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း ကြိုတင်သိရှိထားခြင်းများကြောင့်  အသက်ဆုံးရှုံးမှု နည်းပါးသွားသည်ဟု ဆိုနိုင်ပါလိမ့်မည်။

စစ်အစိုးရ ထုတ်ပြန်ချက်အရဆိုလျှင် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့ရသော အိမ်ခြေပေါင်း (၁၈၃,၀၂၄) ကျော်သည်ဟုသိ ရပါသည် ။ သာသနာ့အဆောက်အအုံ – ၁,၇၁၁။  ဘုန်းကြီးကျောင်း ၅၉ – ကျောင်း။ သေဆုံးသူ ၁၄၅-ဦး ရှိခဲ့ကြောင်း ထုတ်ပြန်ပါသည်။ မုန်တိုင်းဒဏ်သင့်ခံရသော ပြည်သူပေါင်း ၁၆-သိန်းကျော်ရှိသည်ဟု သိရပါသည်။ ကုလသမဂ္ဂ အနေဖြင့် အကူအညီအတွက် အမေရိကန်ဒေါ်လာ ၃၃၃-သန်း လိုအပ်သည်ဟု ဆိုထားပါသည်။ အာစီယံ၏ သဘာဝ ဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်မှု အာဏာပိုင်အဖွဲ့၏ ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၃၅ ဘီလျံဒေါ်လာ လောက် ဆုံးရှုံးခဲ့ကြောင်းဖတ်ရှုရပါသည်။ ယင်းတန်ဘိုးသည် မြန်မာ့ ဂျီဒီပီတန်ဘိုး၏ ထက်ဝက်ခန့် ဖြစ်သည်ဟု သိရပါသည်။  ဆိုချင်သည်မှာ ဆုံးရှုံးမှု ကြီးမားကြောင်းဖြစ်ပါသည်။

ထို့အပြင် ကမ္ဘာ့သတင်းများအရ မကြာမီ  အယ်လ်နီညို ဖြစ်ပေါ်လာမည်ဟု ဆိုထားပြန်ရာ ကြီးမားသော အပူရှိန်စံချိန် တင် ဆက်လက်ဖြစ်ပေါ်လာပါအုန်းတော့မည်။ ပြင်းထန်သည့်၊ မျှော်လင့်မထားသည့် ရာသီဥတုဖေါက်ပြန်မှုများ ဖြစ်သည့် အပူလှိုင်းကြီးခြင်း၊ ရေခန်းခြောက်ခြင်း၊ တောမီးလောင်ခြင်း၊ မုန်တိုင်းတိုက်ခြင်း စသော ဘေးဒုက္ခများကို ရင်ဆိုင်ရလိမ့်မည်ဟု ပညာရှင်များကထောက်ပြ သတိပေးထားကြပါသည်။ မြန်မာပြည်သူတို့သည် စစ်ဘေးစစ်ဒဏ် များကြားမှ  ရာသီဥတု ဘေးဒဏ်၊ လူမှုဒုက္ခဘေးဒဏ်၊ ပစ်ခတ်တိုက်ခိုက်မှုဘေးဒဏ်၊ လုံခြုံရေး ကင်းမဲ့မှုဒဏ်၊ အလုပ်အကိုင်ခက်ခဲသည့်ဒဏ်၊ စားဝတ်နေရေးခက်ခဲလာသည့်ဒဏ်  စသဖြင့် မြောက်မြားလှသော ဘေးအန္တရာယ်များကြားတွင်  ခါးစည်းခံနေကြရသည်မှာ မည်သူတစ်ဦးတစ်ယောက်မျှ ငြင်းဆန်နိုင်လိမ့်မည် မဟုတ်ပေ။

“စစ်ပွဲများတွင် လိုက်နာရမည့် ဥပဒေများအတိုင်း လိုက်နာကြပြီး စစ်ကိုဆက်တိုက်ကြမည်ဆိုလျှင်လည်း မည်သို့မျှ မပြောသာပါ။ သို့သော်လည်း ဥပဒေမဲ့ လူသတ်သည့် အလုပ်မျိုးကိုတော့ ရှောင်ရှားကြ စေချင်ပါသည်။  မြန်မာပြည်၏ အနာဂတ်ကာလများအတွက်  ထည့်သွင်းစဉ်းစား စေချင်ပါသည် ။”
 

ချုပ်၍ ဆိုရပါလျှင် –

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဒဏ်ကို ကောင်းကောင်းခံစားနေဆဲတွင် အာဏာသိမ်းခြင်း ပဋိပက္ခကြောင့် နောက်ဆက်တွဲ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများ ဆက်လက်ကြုံခဲ့ရသည်။ ယင်းပဋိပက္ခများကြောင့် ငွေတန်ဘိုးကျဆင်း ခြင်း၊ အလုပ်အကိုင်များ ထိခိုက်ခြင်း စသော လူမှုဒုက္ခများ၊ နိုင်ငံရေး ဒုက္ခများ၊ ပညာရေး / ကျန်းမာရေး ဒုက္ခများ ဆက် လက်ခံစားနေရသည်မှာ နှစ်နှစ်ကျော်နေစဉ်မှာပင်  မကြုံစဖူး အကြုံထူးသည့်  မိုခါဆိုင်ကလုန်းမုန်တိုင်းက ထပ်ဆင့်ဒုက္ခ ပေးခဲ့ပြန်ပါသည်။  မကြာမီ အယ်လ်နီညိုက ထပ်လာပါအုန်းမည်။  မြန်မာပြည်သည် ကံဆိုးမိုးမှောင် ကျရောက်နေဆဲ တိုင်းပြည်ဖြစ်နေပြီဟု ဆိုကြလျှင် မှားလိမ့်မယ် မထင်ပေ။

မြန်မာပြည်၏ ရှေ့ခရီးလမ်းသည်  ရင်လေးဖွယ်အတိဖြင့် စောင့်ကြိုနေပေသည်။

နိုင်ငံရေး၊ စစ်ရေးနှင့် စပ်ဆိုင်ပတ်သက်သမျှသော အဖွဲ့အစည်းတိုင်းသည် ပြည်သူလူထု၏ ထောက်ခံအားပေးမှုရရန် အလွန် အဓိကကျပါသည်။ လူထု၏ ထောက်ခံမှု မရရှိဘဲ မည်သည့်အဖွဲ့အစည်းမျှ ကြာတောင့်ကြာရှည် ရပ်တည်နိုင် မည်မဟုတ်ပါ။  အာဏာသိမ်းစစ်တပ်အနေဖြင့် ပြိုင်ဖက်များအပေါ် နှိမ်နှင်ရင်း  ပြည်သူလူထုအပေါ် အလွန်မှားယွင်းသော ဖိနှိပ်မှုများကို ကျူးလွန်ခဲ့သည့်အတွက် ပြည်သူလူထု၏ ထောက်ခံမှုများ ဆုံးရှုံးခဲ့ရသည်။ လူထုသည် တော်လှန်သူများကို အားပေးထောက်ခံခဲ့ကြသည်။ ယခုတစ်ဖန် တော်လှန်ရေးအဖွဲ့အစည်းများက အကြောင်းပြချက်မခိုင်လုံဘဲ သတ်ဖြတ်မှုများ တဖြည်းဖြည်းများပြားလာနေရာ သူတို့အပေါ် လူထု၏ထောက်ခံမှုများသည် အမှန်တကယ်လျော့ကျ လာတော့မည်မှာ မငြင်းဆိုနိုင်သည့် အချက်ဖြစ်လာနေပါသည်။ ဆိုရမည်ဆိုပါလျှင် နိုင်ငံရေးအဖွဲ့အစည်းမှန်သမျှသည် ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို အလွန်အလေးထားရမည်ဖြစ်သလို  ထောက်ခံမှုလျော့ကျစေသော ကိစ္စမှန်သမျှ လုံးဝ ရှောင်ကြဉ်ကြရန် လိုအပ်ပါသည်။  မြန်မာပြည်သည် အစဉ်အမြဲ စစ်ဖြစ်နေမည့် နိုင်ငံတစ်ခုတော့ မဟုတ်ပါ။ တစ် နေ့နေ့ တစ်ချိန်ချိန်တွင် စစ်ပြေငြိမ်းသည့်အချိန်သို့  ဆိုက်ရောက်လာရမည်မှာ လောကဓမ္မာ ဝတ္တရားတစ်ခု ဖြစ်ပါသည်။ ယနေ့ခေတ်ကာလသည် ဆက်သွယ်ရေးစနစ်များ တိုးတက်လာကြသလို မှတ်တမ်းတင်နိုင်စွမ်းသည်လည်း အလွန် အစွမ်းထက်လှသည့်ခေတ် ဖြစ်သည့်အတွက်  မှတ်တမ်းမှတ်ရာများသည် အလွယ်တကူပျောက်ပျက်သွားကြမည် မဟုတ်သည်ကိုလည်း အဖွဲ့အစည်းတိုင်းက သတိပြုထားကြရန်  လိုအပ်ပါသည်။

နိုင်ငံရေးအရ  ပါဝင်ပတ်သက်နေသူများ အားလုံးက နိုင်ငံရေးသဘောတူညီမှုများရအောင် ညှိနှိုင်းနိုင်ခဲ့သည် ဆိုစေအုန်း တော့။  ပါဝင်ပတ်သက်နေသူများ stakeholder များက တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းနိုင်ပါမည်လား- ဟု သံသယများ ပွါးမိပါသည်။  စာရေးသူ ငယ်စဉ်တုန်းက ဘတ်စ်ကားစီးလျှင် ဘတ်စ်ကား၏ နေရာအတော်များများတွင် “ရပ်ရွာအေး ချမ်းသာယာရေး နှင့် တရားဥပဒေ စိုးမိုးရေးသည် မူလပထမ “ ဟူသော စာတမ်းများ ရေးသားထားသည်ကို အမှတ်ရမိပါသည်။ လွတ်လပ်ရေးရပြီး မကြာမီ ပြည်တွင်းစစ်မီးတောက်လောင်ခဲ့သည်။  ပြည်တွင်းစစ်မီး ငြိမ်းသတ်ပြီး ကာလ၊ ဒေသအတော်များများတွင် နှစ်အတော်ကြာသည်အထိ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ခဲ့ရဖူး  ပါသည်။ လက်နက်များ ပြန်လည်အပ်နှံရန် အကြီးအကျယ် တိုက်တွန်းဖိအားပေးခဲ့ရဖူးပါသည်။  လက်နက်များ လက်ဝယ် ကျန်ရှိနေသေးလျှင် လူ့အသက်အန္တရာယ်များက ဆက်လက်ရှိနေပေအုန်းမည်။  နိုင်ငံရေးအရ အမြင်မတူ၍  (စေ့စပ်ညှိနှိုင်း မရ၍) မရသေးဟု ဆိုခဲ့လျှင်လည်း လက်နက်စွဲကိုင် တိုက်ခိုက်နေကြအုန်းမည် ဖြစ်ပါသည်။  စစ်ပွဲများအတွက် လိုက်နာရမည့် ဥပဒေများက ရှိထားပြီး ဖြစ်ပါသည်။ စစ်ပွဲများတွင် လိုက်နာရမည့် ဥပဒေများအတိုင်း လိုက်နာကြပြီး စစ်ကိုဆက်တိုက်ကြမည်ဆိုလျှင်လည်း မည်သို့မျှ မပြောသာပါ။ သို့သော်လည်း ဥပဒေမဲ့ လူသတ်သည့် အလုပ်မျိုးကိုတော့ ရှောင်ရှားကြစေချင်ပါသည်။  မြန်မာပြည်၏ အနာဂတ်ကာလများအတွက်  ထည့်သွင်းစဉ်းစား စေချင်ပါသည်။

ဉာဏ်လင်း

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)