အသံဆောင်းပါးနားဆင်ရန်
မိုခါဟာ အာဆီယံအတွက် မဖြစ်မနေကြားဝင်လို့ ကောင်းတဲ့ အကြောင်းပြချက် ဖြစ်နေပါတယ်။ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့စည်းတွေ မြေပြင်မှာ ထိရောက်စွာ အကူအညီပေးနိုင်ဖို့ အာဆီယံ
စွမ်းဆောင်ပြရမှာပါ။ ချမှတ်ထားတဲ့ မူဝါဒ(၅)ချက်ထဲမှာလည်း ပါဝင်ပြီးသား ဖြစ်နေပါတယ်။
အားပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက်မှာ စစ်တွေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ မိုခါသက်ရောက်ရာ ဒေသတွေဖြစ်တဲ့ ရခိုင်၊ ချင်း၊ မကွေး၊ စစ်ကိုင်းဒေသတွေမှာ လူဦးရေ ၂သန်း ကျော်လောက် မုန်တိုင်းဒဏ်ခံရမှာ ဖြစ်တယ်လို့ နိုင်ငံတကာကလည်း ကြိုတင်သတိပေးထားပါတယ်။
မိုခါလို့ သိလိုက်တာနဲ့ နာဂစ်မုန်တိုင်းကို ပြေးမြင်ပြီး လူတွေထိတ်လန့်ခဲ့ပါတယ်။ မုန်တိုင်းသတင်းစီးဆင်းမှု အဆက်မပြတ်ခြင်းကြောင့်ပဲ ရှောင်တိမ်းပြင်ဆင်ချိန်တော့ ရခဲ့ကြပါတယ်။ မုန်တိုင်းဝင်ပြီး သိပ်မကြာခင် အချိန်မှာပဲ မြေပြင်အခြေအနေအားလုံးနဲ့ အဆက်အသွယ် ပြတ်တောက်သွားပါတယ်။
*စစ်ကောင်စီနှင့် မိုခါမုန်တိုင်း*
“လူ့အသက်အန္တရာယ်ထိခိုက်မှု အနည်းဆုံးနဲ့ ကျော်လွှားနိုင်ခဲ့တယ်”လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဂုဏ်ယူစွာပြောပြီး မေ ၁၅ ရက်မှာပဲ စစ်တွေမြို့ကို ရောက်ရှိခဲ့ပါတယ်။ မုန်တိုင်းအတွက် ကူညီထောက်ပံ့ဖို့ အလှူငွေ ၁၀ ဘီလီယံကျော် သူ့လက်ထဲ ရှိနေပြီလို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီ ထုတ်တဲ့ သတင်းစာတွေမှာလည်း မိုခါကြောင့် ရခိုင်မှာ ၂ဦး၊ ဧရာဝတီမှာ ၁ဦး သာသေဆုံးပြီး ဒဏ်ရာရသူ ၁၃ဦးသာရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ နာဂစ်လောက် အသေအပျောက် များမှာမဟုတ်ဘူး ဆိုတာကို သိနေပေမဲ့ စစ်ကောင်စီ ကြေညာတာကိုတော့ လူတွေက အကြွင်းမဲ့မယုံကြပါဘူး။
မြေပြင်နဲ့ အဆက်အသွယ်တွေ ပြန်ရလာတာနဲ့ သတင်းတွေ တက်လာပါတော့တယ်။ စစ်တွေအပါအဝင် ရခိုင်ကမြို့နယ်တော်တော်များများဟာ ၈၀%၊ ၉၀% အထိပျက်စီးသွားခဲ့ပါတယ်။ လူအသေအပျောက် လည်း ရာဂဏာန်းအထိ တက်လာခဲ့ပါတယ်။ မြေပြင်သတင်းတွေအရ လူသေဆုံးမှုဟာ ၄၀၀ကျော် သွားပြီဖြစ်သလို တိကျခိုင်မာတဲ့ အချက်အလက်ရဖို့ မြေပြင်မှာ အခက်အခဲများစွာ ဖြစ်နေပါတယ်။ လူတွေကလည်း အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေကြဆဲပဲ ဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့သတင်းထုတ်ပြန်ချက်အရတော့ မုန်တိုင်းကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၅၀ကျော် နေပြီလို့ ဆိုပါတယ်။ ဒါကို စစ်ကောင်စီက လက်မခံပါဘူး။ မေ၂၁ရက်ညနေအထိ သူတို့ကောက်ယူရရှိတဲ့ စာရင်းတွေအရ သေဆုံးသူဟာ ၁၄၈ဦးသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာ ၄၀၀ကျော်သေဆုံးတယ်လို့ သတင်းရေးသားနေသူတွေကို တရားစွဲဆိုမယ်လို့ ဆိုလာကြပါတယ်။ စစ်တွေမြို့အနီး ပင်လယ်ကမ်းစပ် ဘေးရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများ ရေလွှမ်းမှုဖြစ်ကာ အသေအပျောက်များရခြင်း ဖြစ်ပါတယ်။ ဗေဒါဒုက္ခသည်စခန်းကတော့ နေအိမ် ၃၈၀ကျော်ရှိပြီး အားလုံးနီးပါး အစရှာမရအောင် ပျက်စီးသွားခဲ့ပါတယ်။ အသေအပျောက်လည်း ပိုများခဲ့ပါတယ်။ သေဆုံးမှုဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီကတော့ ရိုဟင်ဂျာတွေအပေါ် အပြစ်ဖို့စကားဆိုပါတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေရဲ့ ပြောင်းရွှေ့ပေးမှုအပေါ် လိုက်နာခြင်းမရှိဘဲ သူတို့နေအိမ်များမှာသာ ကျန်ရစ်နေခဲ့တဲ့ အတွက်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ ပြောတာကတော့ စစ်ကောင်စီက စီစဥ်ပေးတဲ့ မုန်တိုင်းရှောင်နေရာတွေမှာ အခြားလူတွေနဲ့ ပြည့်နှက်နေလို့ သူတို့အတွက် နေစရာမရှိဘူးလို့ ဆိုပါတယ်။ သူတို့တွေဟာ အသွားအလာ ကန့်သတ်ခံထားရသူတွေ ဖြစ်တာကြောင့် အခြားသွားစရာ၊ နေစရာမရှိတဲ့ အတွက်ကြောင့် သူတို့နေထိုင်ရာနေရာမှာပဲ ကျန်နေရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
*မိုခါကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့ချင်း၊မကွေး၊စစ်ကိုင်း*
မိုခါကြောင့် ချင်းပြည်နယ်အတွင်းက အဆောက်အဦး ၃၃၃၈ လုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC) က ကြေညာပါတယ်။ တိရစ္ဆာန် ၉၆ ကောင်သေဆုံးပြီး လူသေဆုံးသူ မရှိဘူးလို့ဆိုပါတယ်။ မေ ၁၈၊ ၁၉၊ ၂၀ရက် သတင်းတွေအရ ယင်းမာပင်မြို့နယ်မှာ ယမားချောင်း ရေလျှံတက်ခဲ့ပြီး ကျေးရွာအများအပြားရေနစ်မြုပ်သလို၊ စိုက်ခင်းနဲ့တိရစ္ဆာန်များလည်း ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ပခုက္ကူခရိုင်အတွင်းမှာလည်း ရေကြီးမှုကြောင့် စိုက်ခင်းနှင့်အတူ နွားတွေ ဆုံးရှုံးရပါတယ်။ ပေါက်မြို့နယ်တစ်ဝိုက်၊ စလင်းနဲ့ ဂန့်ဂေါခရိုင်တွေမှာလည်း ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ယောဒေသ ထီးလင်းနယ်မှာတော့ ချောင်းရေလျှံပြီး တံတား ၇ စင်း ထက်မနည်း ပျက်စီးသလို တောင်သူတွေရဲ့ စိုက်ခင်းနဲ့ မျိုးစေ့တွေလည်း ဆုံးရှုံးခဲ့ပါတယ်။ ဒီပဲရင်းမှာလည်း ပဲနဲ့ နှမ်းစိုက်ခင်း ၉၅ ရာခိုင်နှုန်းပျက်စီးပါတယ်။ စလင်းနဲ့ ဆင်ဖြူကျွန်းမှာ တောင်ကျချောင်းရေကြောင့် ရေကြီးမှုဖြစ်ပြီး သေဆုံးသူ (၄)ယောက်အထိ ရှိခဲ့ပါတယ်။
မုန်တိုင်းကြားမှာပဲ မင်းမရွာနဲ့ အနီးပတ်ဝန်းကျင်က ရွာတွေကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲပါတယ်။
မုံရွာ- ကျောက်ဆစ်ပုံ အမြောက်တပ်ကလည်း ကနီနယ်ထဲကို ရမ်းသမ်း ပစ်ခတ်ပါတယ်။
*မိုခါနဲ့ စစ်ဘေးရှောင်များဒုက္ခ*
မိုခါဝင်ရောက်ခဲ့တဲ့ ချင်း၊မကွေး၊စစ်ကိုင်း ဟာ တော်လှန်ရေးအားကောင်းတဲ့ နယ်မြေတွေပဲဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ နယ်မြေစိုးမိုးမှု မရတဲ့ ဒေသတွေဖြစ်ပါတယ်။ မုန်တိုင်းကြောင့် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပြီး၊ မြေမြုပ်မိုင်း အန္တရာယ်ကလည်း ရှိနေပါတယ်။ တော်လှန်ရေးအဖွဲ့တွေ ထောင်ထားတာတွေ ရှိနိုင်သလို၊ စစ်ကောင်စီကလည်း သူတို့စခန်းနေရာတစ်ဝိုက်မှာလည်း မြေမြုပ်မိုင်းတွေ ထောင်ထားတတ်ပါတယ်။ ဒါကြောင့်ပဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက စစ်ဘေးရှောင်များကို သတိပေးသလို၊ သူတို့ ကိုယ်တိုင်ကလည်း မြေမြုပ်မိုင်းအန္တရာယ် ရှင်းလင်းမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေ တွေ့ရပါတယ်။
မုန်တိုင်းကာလတွေထဲမှာတောင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ကြောင်းထိုးပြီး ရွာများ မီးရှို့ရှင်းလင်းတာတွေကို ရပ်တန့်ထားခဲ့တာမျိုး မရှိခဲ့ဘူးလို့ သတင်းတွေအရ သိရပါတယ်။ မုန်တိုင်းကာလ မေ ၁၅ ရက်မှာပဲ ကနီနယ် မင်းမရွာကို အင်အား ၁၀၀နဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်မွှေပါတယ်။ ဒေသခံတော်လှန်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး အရာရှိအဆင့်အပါအဝင် စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပါတယ်။ အထိနာသွားတဲ့အတွက် မုန်တိုင်းကြားမှာပဲ မင်းမရွာနဲ့ အနီးပတ်ဝန်းကျင်က ရွာတွေကို ဂျက်လေယာဥ်နဲ့ ဗုံးကြဲပါတယ်။ မုံရွာ- ကျောက်ဆစ်ပုံ အမြောက်တပ်ကလည်း ကနီနယ်ထဲကို ရမ်းသမ်း ပစ်ခတ်ပါတယ်။ မကွေးတိုင်း မြိုင်မြို့နယ် ၊ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တွေထဲက ရွာတွေကိုလည်း စစ်ကောင်စီတပ်များက ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ကြတဲ့အတွက် ထောင်နဲ့ချီတဲ့ ရွာသားတွေမှာ မိုးထဲရေထဲမှာပဲထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
*NUGနှင့် တော်လှန်ရေးအင်အားစုများ၏ ကူညီပြင်ဆင်မှုများ*
မုန်တိုင်းသတင်းတွေကို အခြေခံပြီး တော်လှန်ရေးအင်အားစုတွေက ဒေသအလိုက် ကူညီပြောင်းရွှေ့မှု တွေလုပ်ပေးကြပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ရဲ့လူသားချင်းစာနာ ကူညီရေးနဲ့ ဘေးအန္တရာယ် တုံ့ပြန်ရေးကော်မရှင်ဒုတိယအကြိမ်အစည်းအဝေးကို မေ ၁၆ရက် မှာ ကျင်းပပြီး ကူညီ ထောက်ပံ့ရေးအတွက် ဒေါ်လာ ၁သန်း သုံးစွဲဖို့ ဘတ်ဂျက်သတ်မှတ်ခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် (AA) ကလည်း ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ ဆိုင်ကလုန်းဒဏ်သင့် အာရက္ခ အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေးကော်မတီ (MOCHA) ကို ဖွဲ့စည်းပါတယ်။
AA တပ်ဖွဲ့ဝင်တွေအနေနဲ့ မုန်တိုင်းမတိုင်ခင် ကြိုတင်ရွှေ့ပြောင်းနေရာချထားပေးမှုတွေကို ကူညီ လုပ်ဆောင်ပေးခဲ့ပါတယ်။
မုန်တိုင်း ထောက်ပံ့ကယ်ဆယ်ရေးအတွက် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) က ကျပ်သိန်းတစ်ထောင်၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က ကျပ်သိန်းငါးရာနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ကငွေကျပ်သိန်းနှစ်ထောင့်ငါးရာကို (AA)ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်။
*နိုင်ငံတကာအထောက်အပံ့နှင့် စစ်ကောင်စီသဘောထား*
ကုလသမဂ္ဂကတော့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်က သန်းနဲ့ချီပြီးရှိနေကြတဲ့ မုန်တိုင်းဒဏ်ခံရသူတွေ အတွက် ရိက္ခာ၊ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၃၇၅သန်းလိုအပ်နေတယ်လို့မေ(၂၃)ရက်သတင်းတွေမှာဖော်ပြထားပါတယ်။
ကုလသမဂ္ဂကတော့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်က သန်းနဲ့ချီပြီးရှိနေကြတဲ့ မုန်တိုင်းဒဏ် ခံရသူတွေအတွက် ရိက္ခာ၊ ဆေးဝါးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးဖို့အတွက် အမေရိကန်ဒေါ်လာ ၃၇၅သန်း လိုအပ်နေတယ်လို့ မေ(၂၃)ရက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ရော ထိုင်းဘုရင်က ပေးပို့တဲ့ လူသားချင်းစာနာမှု အကူညီပေးရေး ပစ္စည်းတွေ ရန်ကုန်လေဆိပ်ကို ရောက်လာနေပါပြီ။
အာဆီယံနိုင်ငံများအပါအဝင် တရုတ်၊ အိန္ဒိယ၊ ဂျပန် နိုင်ငံတို့ကလည်း ငွေကြေးနဲ့ ဆေးဝါးပစ္စည်းတွေ ရောက်နေပြီဖြစ်တယ်လို့ သိရပါတယ်။ မေ၁၉ရက်မှာ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေရဲ့ အလွတ်သဘော တံခါးပိတ်အစည်းအဝေးမှာ မြန်မာနိုင်ငံအတွက် အရေးပေါ်တုံ့ပြန်မှု ရန်ပုံငွေ ၂.၅ သန်း ထည့်မယ်လို့ ဗြိတိန်နိုင်ငံက ကြေညာသလို၊ အခြားနိုင်ငံတွေကိုလည်း ထည့်ဝင်ကြဖို့ တိုက်တွန်းပါတယ်။
ပြင်သစ်သံရုံးကလည်း မေ ၂၄ မှာ မြန်မာပြည်သူတွေအတွက် ယူရို ၁သန်းဖိုးရှိတဲ့ အရေးပေါ် အကူအညီပေးမယ်လို့ဆုံးဖြတ်ကြောင်းကို ကြေညာပါတယ်။ အမေရိကန်နိုင်ငံကလည်း လူသားချင်းဆိုင်ရာ အကူအညီ ဒေါ်လာ ၁၇ သန်းနီးပါးကို ထပ်တိုးကူညီသွားဖို့ ရှိနေတယ်လို့ ပြောပါတယ်။
ဗြိတိန်၊ ပြင်သစ်နဲ့ အမေရိကန်တွေကတော့ ရခိုင်နဲ့အတူ ချင်း၊ စစ်ကိုင်း၊ မကွေးက ပြည်သူတွေဆီကို မိတ်ဘက်အဖွဲ့စည်းတွေကနေ ရောက်အောင်ပို့ပေးဖို့ စီစဥ်နေတယ်လို့ ပြောထားပါတယ်။
ဒီနေရာမှာ နိုင်ငံတကာအကူအညီပေးနေကြတာတွေနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း စကားတချို့ကို ကောက်နှုတ်ကိုးကားချင်ပါတယ်။
“…..ကျွန်တော်ပြောချင်တာကတော့ လေသံနဲ့ပဲ အသံကောင်းဟစ်မနေဘဲနဲ့ သက်ဆိုင်ရာအစိုးရနဲ့ ဆက်သွယ်ပြီး သက်ဆိုင်ရာ အစိုးရ စည်းမျဥ်းစည်းကမ်းတွေအတိုင်း၊ SOP အတိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မည်သည့်အချုပ်အခြာ အာဏာပိုင် နိုင်ငံမဆို ဒီအတိုင်းပဲ ခွင့်ပြုတာဖြစ်ပါတယ်။ ဒီအတိုင်း လုပ်ဆောင်မယ်ဆိုရင် မြန်မာနိုင်ငံကောင်းရာ ကောင်းကျိုးအတွက် ဒီအတိုင်းပဲ ဆောင်ရွက်မယ်ဆိုလို့ ရှိရင်မည်သည့်အဖွဲ့အစည်းမဆို ကျွန်တော်တို့ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါတယ်”
ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့စကားဟာ စစ်ကောင်စီရဲ့ သဘောထားပါပဲ။ နိုင်ငံတကာအနေနဲ့ သူတို့ကို တရားဝင်အစိုးရအနေနဲ့ဆက်ဆံစေချင်တယ်။ ကူညီထောက်ပံ့မှုတိုင်းဟာ သူတို့လက်ထဲအရောက် ထည့်ပေးပြီး သူတို့ကပဲ စီမံဆောင်ရွက်မယ်။ စစ်ကောင်စီရဲ့ သဘောထားတွေကြောင့်ပဲ မုန်တိုင်းသင့် ဒေသခံတွေကလည်း စိုးရိမ်နေကြပါတယ်။ ထောက်ပံ့မှုတွေ အားလုံးကို လက်ဝါးကြီးအုပ်ပြီး သူတို့ စိတ်တိုင်းကျ နိုင်ငံရေးအတွက် ဖိအားပေးပြီး အသုံးချသွားမှာကို အားလုံးက စိုးရိမ်နေကြပါတယ်။
ဗေဒါဒုက္ခသည်စခန်းကတော့ နေအိမ်၃၈၀ကျော် ရှိပြီး အားလုံးနီးပါး အစရှာမရအောင်
ပျက်စီးသွား ခဲ့ပါတယ်။ အသေအပျောက်လည်း ပိုများခဲ့ပါတယ်။
*ကူညီထောက်ပံ့တုံ့ပြန်မှုတွေ ဘာကြောင့်နှေးကွေးနေရသလဲ*
မိုခါဟာ မြန်မာနိုင်ငံတင်မကဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ်လည်း သက်ရောက်မှုရှိခဲ့ပါတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလည်း ကြုံရပါတယ်။ ဒုက္ခသည်တွေရဲ့ အဆောက်အဦ: တချို့ဟာ ပျက်စီးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ အနည်းငယ်သာရှိခဲ့ပြီး လူအသေအပျောက် မရှိခဲ့ပါဘူး။ ဒီအနေအထားကိုကြည့်ရင် စီမံခန်ခွဲနိုင်မှုကို အားလုံးအနေနဲ့ တွက်ဆကြည့်လို့ရပါတယ်။ မေ(၂၁)ရက် သတင်းတွေအရတော့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့ရေး လုပ်ငန်းစဥ်တွေကို အင်တိုက်အားတိုက်နဲ့ စတင်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
မြန်မာဘက်ခြမ်းမှာတော့ UNOCHA၊ WFPတို့လို နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့ ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေရသေးတဲ့ အခြေအနေမှာပဲ ရှိပါသေးတယ်။ မေ၂၄ရက် သတင်းတွေအရတော့၊ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီဖက်ကနေ ကူညီထောက်ပံ့ပေးတာတွေ မရှိသေးသလို၊ နိုင်ငံခြားတိုင်းပြည်တွေနဲ့ UN လိုအဖွဲ့စည်းတွေထံကလည်းကူညီထောက်ပံ့တာတွေ မရသေးဘူးလို့ AA က ပြောဆိုထားပါတယ်။ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ ဒေသခံစာရေးဆရာ ဝေဟင်အောင် အပါအဝင် လူ(၅)ဦးကို မေ၂၃ရက်ညနေမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ စစ်ကောင်စီရဲ့ အကြောင်းပြချက်ကတော့ ရန်ကုန်ကလာတဲ့ ပရဟိတအဖွဲ့ထဲမှာ တရားမဝင်မီဒီယာကလူတွေ ပါဝင်နေလို့ ဖြစ်ပါတယ်တဲ့။ စာရေးဆရာ ဝေဟင်အောင်၊ သူ့သမီးနဲ့ တပည့်ဖြစ်သူတို့ကိုတော့ မေးမြန်းပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။ ဒါကတော့ နိုင်ငံတကာ အာရုံစိုက်ခြင်း ခံနေရတဲ့ ရခိုင်ဒေသမှာ ဖြစ်ပျက်နေတာတွေပါ။ ချင်း၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာတော့ လုံးဝအသံတိတ်လို့ နေပါတယ်။ ဒေသခံပြည်သူချင်း ကူညီမှုတချို့သာ ရှိနေပါတယ်။
မုတ်သုန်ရာသီကလည်း စတင်ပါတော့မယ်။ အမိုးအကာမလုံခြုံမှု၊ သောက်သုံးရေ ရိက္ခာအခက်အခဲ၊ ကျန်းမာရေးနောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်ပဲ လူသေဆုံးမှုတွေ ထပ်ဖြစ်လာစရာ ရှိနေပါတယ်။ စစ်ဘေးသင့်ဒေသတွေဖြစ်တဲ့ ချင်း၊မကွေး၊ စစ်ကိုင်းမှာလည်း အခြေအနေဆိုးလာဖို့ပဲ ရှိနေပါတယ်။
** အာဆီယံကြားဝင်သင့်ချိန်တန်ပြီ**
မိုခါကြောင့် ရခိုင်မှာ အသေအပျောက်စာရင်းက တိတိကျကျကောက်ယူလို့ မရသေးပါဘူး။ မုန်တိုင်းပြန်ထွက်သွားလို့ ၁၀ရက်ကျော်ကြာတဲ့အထိ ကူညီထောက်ပံ့ရေး လုပ်ငန်းစဥ်တွေ အသက် မဝင်သေးပါဘူး။ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကတော့ အဝေးကြီးပါပဲ။ မုတ်သုန်ရာသီကလည်း စတင်ပါတော့မယ်။ အမိုးအကာမလုံခြုံမှု၊ သောက်သုံးရေ ရိက္ခာအခက်အခဲ၊ ကျန်းမာရေးနောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်ပဲ လူသေဆုံးမှုတွေ ထပ်ဖြစ်လာစရာ ရှိနေပါတယ်။ စစ်ဘေးသင့်ဒေသတွေဖြစ်တဲ့ ချင်း၊ မကွေး၊ စစ်ကိုင်းမှာလည်း အခြေအနေဆိုးလာဖို့ပဲရှိနေပါတယ်။ လူသားချင်းစာနာထောက်ပံ့ရေး၊ ပြန်လည်ထူထောင်နိုင်ရေးတို့အတွက် အာဆီယံအတွက် အထူးအခွင့် အရေး ဖြစ်နေပါတယ်။ မိုခါဟာ အာဆီယံအတွက် မဖြစ်မနေကြားဝင်လို့ ကောင်းတဲ့ အကြောင်းပြချက် ဖြစ်နေပါတယ်။ နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့စည်းတွေ မြေပြင်မှာ ထိရောက်စွာ အကူအညီပေးနိုင်ဖို့ အာဆီယံ စွမ်းဆောင်ပြရမှာပါ။ ချမှတ်ထားတဲ့ မူဝါဒ (၅)ချက်ထဲမှာလည်း ပါဝင်ပြီးသား ဖြစ်နေပါတယ်။
အာဆီယံကိုလည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း ဝင်ရောက်ဖြေရှင်းပေးနိုင်သူအဖြစ် နေရာပေးထားပြီးဖြစ်ပါတယ်။ စစ်ကောင်စီတစ်ဦးတည်းအနေနဲ့ ကူညီထောက်ပံ့ရေးနဲ့ ပြန်လည် ထူထောင်ရေးကို ဘယ်လိုမျှ အလုပ်ဖြစ်အောင် မစွမ်းဆောင်နိုင်ပါဘူး။ စစ်ကောင်စီအနေနဲ့ နဟ်မြေအားလုံးကို စိုးမိုးထားနိုင်ခြင်း မရှိသလို၊ ဒေသခံ လူထုထောက်ခံမှု၊ ယုံကြည်မှုကလည်း လုံးဝကင်းမဲ့နေတဲ့ အနေအထားပါ။ အာဆီယံရော၊ ကုလသမဂ္ဂတို့ကပါ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်းလည်း မရှိသေးပါ။ အာဆီယံ အနေနဲ့ စစ်ကောင်စီ၊ NUG၊ ဒေသခံတော်လှန်ရေးအင်အားစုတွေကြားမှာ ကြားဝင်ညှိနှိုင်း ဆောက်ရွက်ပေးမှသာ ကူညီထောက်ပံ့ရေးရော ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်တွေပါ အဆင်ချော ခရီးရောက်မှာပါ။ အသီးသီးရဲ့ သဘောတူချက်ကို ရယူပြီးမှသာ ကယ်ဆယ်ထောက်ပံ့ရေ းလုပ်ငန်းဆောင်ရွက်သူတွေအဖို့ အန္တရာယ် ကင်းကင်းလုံခြုံစွာ ဆောင်ရွက်နိုင်မှာပါ။
ပြည်တွင်းမှာရှိနေကြတဲ့ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အင်အားစုတွေကလည်း လူသားချင်းစာနာထောက်ပံ့ရေး လုပ်ငန်းစဥ်တွေ အလုပ်ဖြစ်စေဖို့ စစ်ကောင်စီကို တိုက်တွန်းနားချသင့်ပါတယ်။
အာဆီယံအနေနဲ့ မိုခါနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ရေးအတွက် ဘက်အသီးသီးနဲ့ ညှိနှိုင်းဆောင်ရွက် ပေးရင်းကနေနိုင်ငံရေးထွက်ပေါက် ရနိုင်တဲ့အထိ မျှော်လင့်နိုင်ပါတယ်။
အာဆီယံအနေနဲ့ အချိန်အခါကပေးတဲ့ ဖြစ်နိုင်ခြေရှိတာကို အာရုံစိုက်ပြီး အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးဖို့ သုံးသပ်တင်ပြလိုက်ရပါတယ်။
(လက်ရုံးညီ)
{ မဇ္ဇျိမ၊ ဧရာဝတီ၊ သံလွင်တိုင်း၊ BBC ၊ VOA ၊ RFA ၊ DVB ၊ PPTV သတင်းဋ္ဌာနများက ဖော်ပြသော သတင်းများကို အခြေခံပြီး ရေးသားထားခြင်း ဖြစ်ပါသည်။ }