၁၉၂၃ ခုနှစ် လေကြောင်းတိုက်ပွဲများဆိုင်ရာ ဟိဂ်စည်းမျဥ်းရဲ့ အပိုဒ်၂၄၊ အပိုဒ်ခွဲ ၁ မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်ကို ဦးတည်တိုက်ခိုက်မှသာ တရားဝင်ဖြစ်တယ်လို့ ဆိုထားပါတယ်။
၂၀၁၄ ခုနှစ် ကုလသမဂ္ဂက ထုတ်ဝေတဲ့ “ယုတ်မာရက်စက်သော ရာဇဝတ်ပြစ်မှုများကို သုံးသပ်ခြင်း မူဘောင်” စာအုပ်မှာ ယုတ်မာရက်စက်သော ရာဇဝတ်ပြစ်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အဆိုးဝါးဆုံး ပြစ်မှုများလို့ ဖွင့်ဆိုထားပါတယ်။ ထိုပြစ်မှုများရဲ့ အပြုအမူများဟာ လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာ ဗဟိုချက်မကို ထိခိုက်ပျက်ပြားစေတဲ့ နိုင်ငံတကာအဆင့် ပြစ်မှုများပဲ ဖြစ်ပါတယ်။
ဒီပြစ်မှုတွေကတော့ လူမျိုးတုံးသတ်ဖြတ်ခြင်း၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။
စစ်အုပ်စုအစဥ်အဆက်ဟာ မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများအပေါ် ယုတ်မာရက်စက်သောရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့သလို အခုအချိန်ထိအောင် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။
ကမ္ဘာသိထင်ရှားတဲ့ဖြစ်ရပ်ကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ဂမ်ဘာရီနိုင်ငံက ICJ တရားရုံးမှာ တရားစွဲဆိုခဲ့ခြင်းပဲ ဖြစ်ပါတယ်။ လူမျိုးတစ်မျိုး၊ လူမျိုးတစ်စု၊ မျိုးနွယ်တစ်စု၊ ကိုးကွယ်ဘာသာတစ်ခုအပေါ် ကျူးလွန်တာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်ပါတယ်။
လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်း ဆိုတာကတော့ အရပ်သားလူထုကို ပစ်မှတ်ထားကာ ကျယ်ကျယ်ပြန့်ပြန့်စနစ်တကျ ကျူးလွန်ခြင်းပဲ ဖြစ်ပါတယ်။ စစ်ရာဇဝတ်မှုများကတော့ ဂျီနီဗာကွန်ဗင်းရှင်း ကသဘောတူပြဌာန်းထားတဲ့ အချက်များကို လိုက်နာမှုမရှိဘဲ ကျူးလွန်ခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာ လက်နက်ကိုင် ပဋိပက္ခများမှာ ထိခိုက်သူလေးမျိုးကို ဂျီနီဗာကွန်ဗင်းရှင်းက အထူးအကာအကွယ် ပေးထားပါတယ်။ ထိခိုက်ဒဏ်ရာရဖျားနာသူ ရှေ့တန်းရောက် တပ်ဖွဲ့ဝင်တွေ၊ ပင်လယ်ပြင် သင်္ဘောပျက်တဲ့ ထိခိုက်ဒဏ်ရာရဖျားနာသူ ရှေ့တန်းတပ်ဖွဲ့ဝင်တွေ၊ စစ်သုံ့ပန်းတွေနဲ့ စစ်အတွင်းက အရပ်သားများပဲ ဖြစ်ကြပါတယ်။
“အရပ်သားရာကျော် သေဆုံးခဲ့ရတဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှု”
ဧပြီ ၁၀ ရက်ကစပြီး မြန်မာနှစ်ကူး ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ အတာရေလောင်းရင်း နှစ်ဟောင်းကနေ နှစ်သစ်သို့ ကူးပြောင်းတဲ့ အခါကြီးရက်ကြီး ကာလတွေပဲ ဖြစ်ပါတယ်။ ဧပြီ ၁၁ ရက် နံနက်ခင်းမှာတော့ ပဇီကြီးကျေးရွာဟာငရဲတမျှ အကျည်းတန်ခဲ့ရပါတယ်။
ပဇီကြီးကျေးရွာဟာ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာ ရှိပါတယ်။ စစ်ကိုင်း မကွေး အညာတကြောဟာ တော်လှန်ခုခံစစ်အားကောင်းတဲ့ ဒေသတွေဖြစ်သလို နေ့စဥ်ရက်ဆက် စစ်ကောင်စီ စစ်ကြောင်းထိုးတာ ခံနေရပြီး ရွာတွေကို မီးတိုက်သလို လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်တာတွေ မုဒိမ်းကျင့်တာတွေလည်း ရှိနေပါတယ်။
ဧပြီ ၁၁ နံနက်ခင်းမှာ အခမ်းအနားတစ်ခု ကျင်းပပါတယ်။ သတင်းတွေအရတော့ မြို့နယ်အုပ်ချုပ်ရေးရုံးဖွင့်ပွဲလို့ ဆိုပါတယ်။ အနီးအပါးရွာတွေက လူကြီးတွေ ကလေးတွေ တော်တော်များများ လာကြပါတယ်။ အကျွေးအမွေးတွေလည်းပါတော့ လူစည်ကားပါတယ်။ ထမင်းကျွေးမဏ္ဍပ်ထဲမှာ ထမင်းဝိုင်း ၁၇ဝိုင်းပြင်ထားသလို ဝိုင်းတိုင်းမှာ လူပြည့်ပါတယ်။ ဒေသခံတွေပြောစကားအရ ထမင်းကျွေး မဏ္ဍပ်ထဲမှာတင် လူ ၉၀ ခန့်လောက် ရှိနေပါတယ်တဲ့။ နံနက် ၇:၄၅ မိနစ် အရောက်မှာပဲ စစ်ကောင်စီရဲ့ လေတပ်က ဂျက်ဖိုက်တာနဲ့ တစ်ကြိမ်၊ MI35 ရဟတ်ယာဥ်နဲ့ လေးကြိမ် ဗုံးကြဲပစ်ခတ်တာတွေ လုပ်ပါတယ်။ အစဦးသတင်းတွေအရ သေဆုံးသူ ၆၀ ခန့်ရှိတယ်လို့ ဆိုပါတယ်။ ညနေပိုင်းအရောက်မှာတော့ သေဆုံးသူ ရာဂဏန်းဖြစ်သွားခဲ့ပါတယ်။ အခုနောက်ဆုံးရသတင်းကတော့ ရာဂဏန်းကျော် သွားပါပြီ။ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ကြဲချတဲ့ ဗုံးဟာ ထမင်းစားမဏ္ဍပ်ပေါ် တည့်တည့်ကျတယ်။ မဏ္ဍပ်ရော ထမင်းဝိုင်း ၁၇ ဝိုင်းကလူတွေပါ ရုတ်ချည်းပျောက်ကွယ်သွားတယ်။ ကျောင်းသားအရွယ် ကလေးတွေပါသလို သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေပါတယ်။ ပေါင် ၂၀၀ ဗုံးကြဲချသလို စက်သေနတ်နဲ့ပါပစ်တော့ အားလုံးဟာ အပိုင်းပိုင်း အပြတ်ပြတ်တွေ ဖြစ်ကုန်ပါတယ်။
ကလေးသူငယ် ၃၀ ကျော်အပါအဝင် သေဆုံးသူဟာ ၁၂၀ ဦးထိ မြင့်တက်လာခဲ့ပါတယ်။ ၅နှစ်အောက်ကလေး ၅ယောက်နဲ့ ၁၈နှစ်အောက်ကလေး ၁၇ ယောက်တို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ထားပြီလို့ တချို့သတင်းတွေမှာ ရေးသားပါတယ်။ ရှာဖွေကယ်ဆယ်ခြင်းတွေ မပြီးသေးတဲ့အတွက် ဒဏ်ရာရသူနဲ့သေဆုံးသူများ ထပ်တိုးလာဖို့ ရှိနေပါတယ်။ အခုဖြစ်စဥ်ဟာ မှားယွင်းပစ်ခတ်တာမျိုး မဟုတ်ပါဘူး။ အစီအစဥ်တကျ ဗုံးကြဲပစ်ခတ်ခဲ့တာမျိုး ဖြစ်ပါတယ်။ နေ့ခင်းပိုင်းမှာ ဂျက်လေယာဥ် ၂ စင်းနဲ့ ဒုတိယအကြိမ် လာရောက်ပစ်ခတ်ပြန်ပါတယ်။ အဲ့ဒီအချိန်မှာ အလောင်းကောက်သူနဲ့ ကယ်ဆယ်ရေး လုပ်နေသူတွေ ရှိနေပါတယ်။ ပစ်ခတ်မှုကြောင့်ပဲ ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေထဲက ပြည်သူ ၃ဦးထပ်မံသေဆုံးခဲ့ပါတယ်။ ညနေ ၅ နာရီကျော် ၆ နာရီအရောက်မှာလည်း လေယာဥ်နဲ့ တတိယအကြိမ် လာရောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။
စစ်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ရေးပစ်မှတ်ကို တိုက်ခိုက်တယ်ဆိုစေဦးတော့ ဗုံးကျရောက် ပေါက်ကွဲမယ့် နေရာနဲ့ အရပ်သားလူထုများ ရှိနေမယ့်နေရာကို သေချာစွာ တွက်ချက်ချိန်ဆ ရပါမယ်။ စစ်ရေးပစ်မှတ်ကိုတိုက်ခိုက်တဲ့ ဗုံးပြင်းအားကြောင့် ပြန့်ထွက်သွားမယ့် အကွာအဝေးမှာ အရပ်သား လူထုရှိနေပါကအဆိုပါစစ်ရေးပစ်မှတ်ကိုတိုက်ခိုက်ခွင့်မရှိလို့ဆိုထားပါတယ်။
“ပြည်တွင်းစစ်မှာ လေယာဥ်သုံးပြီး ဗုံးကြဲပစ်ခတ်ခွင့် ရှိပါသလား“
ကျွန်တော်တို့နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပြည်တွင်းစစ်အရှည်ကြာဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ၇၅ နှစ် သတ်တမ်းရှိနေပါပြီ။ နွေဦးတော်လှန်ရေး စတင်ပြီးနောက်ပြည်သူက ခုခံကာကွယ်စစ် လုပ်ကြတဲ့အခါ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ပြုလုပ်လာပါတယ်။ သာမန်လူများက ပြည်တွင်းစစ်မှာ လေယာဥ်သုံးခွင့်မရှိဘူးလို့ သူတို့သိတဲ့ အသိလေးနဲ့ ကျယ်ကျယ်လောင်လောင် ကန့်ကွက်ပြောဆိုခဲ့ ကြပါတယ်။
အခုတော့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ထဲ ဝင်ရောက်လို့လာခဲ့ပါပြီ။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက စတင်ပြီး စစ်ကောင်စီအနေနဲ့ မြေပြင်ထိုးစစ်တွေ အလုပ်မဖြစ်တဲ့အခါ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကိုင်း၊ မကွေး၊ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်နဲ့ ကရင်နီဒေသတွေမှာ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့အကြိမ်တိုင်းဟာလည်း အပြန်အလှန် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ မဟုတ်ဘဲ အရပ်သားအများစု နေထိုင်ရာ နေရာများဆီသို့သာ ဦးတည်ကာ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
ဧပြီ ၁၀ ရက်မှာ ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက ဝေဘူလမြို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့အတွက် အရပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။ ဧပြီ ၁၁ ရက် ပဇီကြီးမှာတော့ ရာချီသေခဲ့ပါတယ်။ ဒါဆိုရင် ဗုံးကြဲတိုက်ခိုက်မှုဟာ စိတ်ထင်ရင် ထင်သလို တိုက်ခိုက်လို့ရပါသလားလို့ မေးစရာရှိပါတယ်။ ဒီလိုမျိုးတော့ မဟုတ်ပါဘူး။
၁၉၂၃ ခုနှစ် လေကြောင်းတိုက်ပွဲများဆိုင်ရာ ဟိဂ်စည်းမျဥ်းရဲ့ အပိုဒ် ၂၄၊ အပိုဒ်ခွဲ ၁ မှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် စစ်ရေးပစ်မှတ်ကို ဦးတည်တိုက်ခိုက်မှသာ တရားဝင်ဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ရေးပစ်မှတ်ကို တိုက်ခိုက်တယ်ဆိုစေဦးတော့ ဗုံးကျရောက် ပေါက်ကွဲမဲ့ နေရာနဲ့ အရပ်သားလူထုများ ရှိနေမယ့်နေရာကို သေချာစွာ တွက်ချက်ချိန်ဆရပါမယ်။ စစ်ရေးပစ်မှတ်ကို တိုက်ခိုက်တဲ့ ဗုံးပြင်းအားကြောင့် ပြန့်ထွက်သွားမယ့် အကွာအဝေးမှာ အရပ်သား လူထုရှိနေပါက အဆိုပါစစ်ရေးပစ်မှတ်ကို တိုက်ခိုက်ခွင့် မရှိလို့ ဆိုထားပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ အပြန်အလှန် ပစ်ခတ်နေချိန်မျိုးမှာ မဟုတ်ဘဲ သာမန်ပြည်သူတွေရဲ့ နေရာများဆီကိုပဲ လေကြောင်းတိုက်ခိုက်မှုတွေကို အမြဲပဲလက်နိုင်ကျင့် ပြုလုပ်ခဲ့ပါတယ်။ ဒီလောက်ဆိုရင်တော့ အခုဖြစ်နေတဲ့ ပြည်တွင်းစစ်မှာ အခုလိုပုံစံမျိုး လေယာဥ်နဲ့ ချေမှုန်းခွင့်မရှိဘူးဆိုတာကိုတော့ အထူးပြောစရာ မလိုတော့ပါဘူး။
ကချင်ပြည်နယ် နန့်ပါဗုံးကြဲတိုက်ခိုက်ခံရမှုမှာလည်း အထိမ်းအမှတ်ပွဲကို လာရောက်ကြတဲ့ လူအုပ်ကြီးကို တိုက်ခိုက်ခဲ့လို့ ၆၂ ဦး သေဆုံးခဲ့ပါတယ်။
ဒီပဲယင်း လက်ယက်ကုန်းစာသင်ကျောင်း တိုက်ခိုက်ခံရမှုမှာလည်း စာသင်ကြားနေတဲ့ ကလေးငယ် ၆ဦးသေဆုံးပြီးအများအပြား ဒဏ်ရာရခဲ့ကြပါတယ်။ ဒီလိုမျိုး ယုတ်မာရက်စက်စွာနဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီ အနေနဲ့ စစ်ပွဲဆိုင်ရာ ဥပဒေ (1907 Hague Convention) အပိုဒ် ၂၅ ၊ ၂၆၊ ၂၇ နဲ့ ဂျီနီဗာကွန်ဗင်းရှင်း ပရိုတိုကော အပိုဒ် ၁ ကို လုံးဝဂရုမစိုက်တဲ့သဘောနဲ့ ချိုးဖောက်ကျူးလွန်နေခြင်းလည်း ဖြစ်ပါတယ်။
“ပဇီကြီးနဲ့ပတ်သက်ပြီး စစ်ကောင်စီ ဝန်ခံခဲ့တယ်”
စစ်ကောင်စီ အနေနဲ့ အလွန်အကျွံ အင်အားသုံးတာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ၊ ရွာမီးရှို့၊ ပစ္စည်းလုယက်တာတွေ၊ ရက်ရက်စက်စက် သတ်ဖြတ်တာတွေနဲ့ မုဒိမ်းကျင့်တာတွေကို ဘယ်တော့မှ ဝန်ခံရိုး ထုံးစံမရှိပါဘူး။ NUG လက်အောက်ခံ PDF တွေက လုပ်ကိုင်တာလို့ပဲ စွပ်စွဲပြောဆိုလေ့ရှိပါတယ်။
ပင်လောင်းမြို့နယ် နန်းနိမ့်ရွာ ဘုန်းကြီးကျောင်းမှာ ဘုန်းတော်ကြီး အပါအဝင် အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပါတယ်။ ဒီဖြစ်ရပ်အတွက် စစ်ကောင်စီတပ်သားတွေ ကျူးလွန်တာကို ငြင်းဆိုခဲ့ပြီး လူမျိုးရေးပဋိပက္ခ ဖြစ်အောင် KNPF, KNPP, နဲ့ PDF တွေ ကျူးလွန်တာလို့ တန်ပြန်စွပ်စွဲပါတယ်။ ဒီလိုရက်ရက်စက်စက် ပြုမူခြင်းဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာ ဖြစ်တယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။
မတ်လ ၁၆ ရက် ကုလသမဂ္ဂထံ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အစီရင်ခံချက်မှာတော့ စစ်ကောင်စီအနေနဲ့ အာဏာသိမ်းချိန်ကစလို့ လူပေါင်း ၃၁၃၀ ဦးကို ရက်စက်စွာသတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ ထိုအရေအတွက်ထဲမှာ ဆန္ဒပြရာမှာ ခေါင်းကို ချိန်ပြီးပစ်ခဲ့တာတွေ ပါသလို၊ အကျဥ်းထောင်များနဲ့ စစ်ကြောရေးမှာ အသတ်ခံခဲ့ရသူတွေလည်း ပါဝင်နေတယ်လို့ဆိုပါတယ်။ လူနေအိမ်ခြေပေါင်း (၆၂၀၀၀) ကျော်ကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဧပြီ ၆ရက်ထုတ်ပြန်ချက်မှာတော့ ပြည်တွင်းပဋိပက္ခတွေကြောင့် နိုင်ငံတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ အရေအတွက်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ မတိုင်ခင်က ၃သိန်းကျော်သာ ရှိနေခဲ့ရာမှ ၂၀၂၃ခုနှစ် မတ်လအကုန် စာရင်းတွေအရ (၁.၈) သန်းအထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူတိုနဲ့ သက်ဆိုင်ခြင်း မရှိပါလို့ စစ်အုပ်စု ငြင်းဆိုလို့ မရနိုင်ပါဘူး။ အားလုံးရဲ့ တရားခံဟာ စစ်အုပ်စုသာ ဖြစ်ပါတယ်။
လူရာချီသေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုမှာတော့ သူတို့ပြုလုပ်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဝန်ခံတယ်လို့ ဆိုပေမယ့် သူတို့အပြစ်မဖြစ်အောင် ပြောဆိုခဲ့ပါတယ်။ ပဇီကြီးကျေးရွာမှာ PDF ထောင်ထားတဲ့ မိုင်းတွေရှိနေသလို၊ မိုင်းတွေသိုလှောင် ထားတဲ့နေရာတည့်တည့်ကို ထိမှန်ခဲ့လို့ လူအသေအပျောက်များသယောင် ပြောဆိုခဲ့ပါတယ်။
**လူတွေ ဘယ်လောက်များများ သေပေးရဦးမှာလဲ**
နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်ကို မေးခွန်းထုတ်စရာ ရှိပါတယ်။ အရာရှိအရာခံ အကြပ်စစ်သည်တွေ လက်ကိုင်ကျင့်သုံးတဲ့ စစ်သည်တော်ကျင့်ဝတ် ၆၀ ဆိုတာ အသက်ဝင်ပါသေးရဲ့လား။
ပြည်သူအပေါ်ပြုကျင့်ရမဲ့ ကျင့်ဝတ် (၁၀) ပါးနဲ့အတူ ရန်သူအပေါ်ပြုကျင့်ရမဲ့ ကျင့်ဝတ် ၅ပါးတို့မှာ စက္ကူစုတ်သာသာပဲ ဖြစ်နေပါသလား။ ကြည်း၊ ရေ၊လေ တပ်မတော်ဆိုတဲ့ အင်အားစုထဲမှာ လေတပ်ကို ပညာရှင်၊ ပညာတတ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီပညာရှင်၊ ပညာတတ်တွေကပဲ အရပ်သား ပြည်သူတွေအပေါ်ဗုံးတွေ ကြဲချနေတာပါ။
How many dead body
Need for UN to take action?
ဒီစာသားလေးကို မှတ်မိကြဦးမယ် ထင်ပါတယ်။ နွေဦးတော်လှန်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ ပစ်ခတ်ခံနေရခြင်းအတွက် အကာကွယ်ရလိုရငြား လူငယ်လေးတစ်ယောက် ကြိုးစားအားထုတ်ခဲ့မှုပါ။ အထက်ပါ စာသားလေးကို ကိုင်ရင်း ညကြီးမင်းကြီးအထိ ဆန္ဒထုတ်ဖော်ခဲ့တာကို ပြန်အမှတ်ရလိမ့်မယ် ထင်ပါတယ်။
ကမ္ဘာကြီးက ဝမ်းနည်းပါတယ်။
စာနာပါတယ်။
ကန့်ကွက်ရှုတ်ချပါတယ်
ဆိုတာကလွဲပြီး ကာကွယ် မဟန့်တားနိုင်ခဲ့လို့သာ အများပြည်သူတွေကို လေကြောင်းတိုက်ခိုက်ခံနေရတဲ့အထိဖြစ်လာခဲ့ရတာပါ။ အခုလည်းပဇီကြီး တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးက မေးခွန်းထုတ်လိုက်ပြန်ပါပြီ။
“ကလေးတွေ ဘယ်လောက်များများသေမှ ကမ္ဘာ့ခေါင်းဆောင်တွေအနေနဲ့ အာဏာသိမ်း စစ်ကောင်စီ အပေါ်အရေးယူတုံ့ပြန်မှာလဲ”တဲ့။
( လက်ျာဧ )
ကိုးကားရည်ညွှန်းချက်များ –
- ယုတ်မာရက်စက်သော ပြစ်မှုများကို ပိုင်းခြားသုံးသပ်ခြင်း မူဘောင်၊ ကမ္ဘာ့ကုလသမဂ္ဂ (၂၀၁၄)။
- UNOCHA ၏ ထုတ်ပြန်ကြေညာချက်။
- VOA, BBC, PVTV, Myanmar Now သတင်းဌာနများ၏ သတင်းများ၊ တွေ့ဆုံမေးမြန်းမှုများနှင် အတူ မိမိကိုယ်ပိုင် မှတ်စုများမှ ထုတ်နှုတ်ကိုးကားပြီး ရေးသားထားခြင်း ဖြစ်ပါသည်။