အယ်ဒီတာ့အာဘော်

2022 December (1)

မြန်မာပြည်တွင် စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းယူထားခဲ့သည်မှာ မကြာခင်လပိုင်းအတွင်း ၂ နှစ်ပြည့်တော့မည်ဖြစ်ပါသည်။ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း၏ မတ်လ ၈ ရက်နေ့တွင်ပင် ပြန်ကြားရေးဝန်ကြီးဌာန၏ အမိန့်အမှတ် (၁/၂၀၂၁)ဖြင့် သတင်းဌာန (၅)ခု၏ ထုတ်ဝေခွင့်ကို ပိတ်သိမ်းခဲ့ သည်။ ဒီမိုကရေစီတိုင်းပြည်များတွင် တိုင်းပြည်ကို တည်ဆောက်ကြရာ၌ နိုင်ငံတော် (State)၊ ဈေးကွက် (Market)၊ အရပ်ဘက် အဖွဲ့အစည်း (Civil Society)နှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် လွတ်လပ်သည့် သတင်း မီဒီယာဌာန (Media)များဖြင့် အပြန်အလှန်ထိန်းကျောင်းမောင်းနှင်းရင်း ချီတက်ကြရခြင်းဖြစ်၏။ အာဏာ သိမ်းပြီး (၂)နှစ်အတွင်းတွင် နိုင်ငံတော်၊ ဈေးကွက်နှင့် မီဒီယာဟူသည့်အဆောက်အုံများကို တတိတိ ဖြိုချခဲ့ပြီးဖြစ်သည်။ နောက်ဆုံးကြွင်းကျန်သည့် အရပ်ဘက်အဖွဲ့အစည်းဆိုသည်များမှလည်း အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဥပဒေ (၂၀၁၄)အရ သက်တမ်းကုန်သွားသည်ဖြစ်စေ၊ မကုန်သေးသည်ဖြစ်စေ လွတ်လွတ် လပ်လပ် လှုပ်ရှားဆောင်ရွက်ခွင့်မရခဲ့ကြသည်မှာ ကြပြီဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့တွင်မူ စစ်ကောင်စီက အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၁၄)ကို ဖျက်သိမ်းကာ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင််ရာဥပဒေ (၂၀၂၂)ဖြင့် အစားထိုးပြီး အရပ်ဘက်အဖွဲ့အစည်းများကို တရားဝင်ထိန်းချုပ် ကန့်သတ်လိုက်ပြီဖြစ်ပါသည်။ ယင်းဥပဒေအရဆိုလျှင် အရပ်ဘက်အဖွဲ့အစည်းများ၏ အဓိကတာဝန်ကြီးများဖြစ်သည့် စောင့်ကြည့်စစ်ဆေးခြင်း၊ တိုက်တွန်းစေ့စော်ခြင်း၊ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုသည့် လုပ်ငန်းစဉ်များကို အဟန့်အတား၊ အကန့်အသတ်ပြုရုံသာမက အသင်းအပင်းဖွဲ့စည်းဖို့အတွက်ပင်လျှင် လွန်စွာခက်ခဲ သွားပြီဖြစ်ပါသည်။

မြန်မာ့နိုင်ငံရေးသမိုင်းတွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးသည့်အကြိမ်တိုင်းပင် အရပ်ဘက် အဖွဲ့အစည်းများ၏ ဖြစ်တည်မှုကိုကန့်သတ်သည့် အသင်းအဖွဲ့ဥပဒေကို ပြဌာန်းလေ့ရှိပြီး၊ ယင်းသို့ ပြဌာန်းရသည့်အကြောင်းရင်းကလည်း ဒီမိုကရေစီလမ်းကြောင်းမှ သွေဖည်၍ ဗဟိုဦးစီးမှုလွန်ကဲသည့်စနစ်တစ်ရပ်၊ သို့တည်းမဟုတ် အာဏာရှင်စနစ်တစ်ခုကို တည်ဆောက်လိုခြင်းကြောင့်သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်လို့ရနိုင်ပါသည်။ အရပ်ဘက်အဖွဲ့အစည်းများတည်ရှိနေရသည့်အကြောင်းရင်းမှာ အစိုးရလက်လှမ်း မမီနိုင်သည့် ကွက်လပ်များကို ဖြည့်စွက်ရန်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားအလို့ငှာ အစိုးရကို တိုက်တွန်းစော်ပေးရန်တို့ကြောင့်ဖြစ်ပါသည်။ ယခုအခါ အလုပ်သမားများအပေါ်ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံနေရမှုများနှင့် အထွေထွေနစ်နာချက်များအတွက်ရပ်တည်ပေးမည့်အဖွဲ့အစည်းများ မရှိတော့သည့်အတွက် ခါးစည်းခံ ရုန်းကန်နေရသည့် အလုပ်သမားထုကို မြင်တွေ့ရမည်ဖြစ်သည်။ ထို့အပြင် စစ်ပွဲ/ပဋိပက္ခအတွင်း တရားမဲ့ အကျိုးစီးပွားရှာဖွေမှုများကြောင့် သဘာဝသယံဇာပြုန်းတီးမှုများဖြစ်ပေါ်နေပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်နေမှုများအပေါ် ယခင်လို စောင့်ကြည့်အရေးဆိုပေးမည့် အရပ်ဘက်အဖွဲ့အစည်းများ မရှိတော့ပါက စိုးရိမ်စရာအနေအထားတစ်ရပ်ဖြစ်ပါသည်။ ထို့အပြင် စစ်ကောင်စီက ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု တစ်ဘက်မှာ ဟစ်ကြွေးနေသော်ငြားလည်း၊ အခြားတစ်ဘက်တွင်မူ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရာတွင် မဖြစ်မနေပါဝင်ရမည့် လွတ်လပ်သည့် အရပ်ဘက်အဖွဲ့အစည်း များနှင့် မီဒီယာများအား တရားဝင်ရပ်တည်ခွင့်မရအောင် နှိပ်ကွပ်နေပြန်သည်။ ယင်းအချက်ကပင် စစ်ကောင်စီသည် ၎င်းတို့သွားလိုသည့် စစ်တပ်က နိုင်ငံရေးကို အလုံးစုံထိန်းချုပ်ထားသော ဗဟိုဦးစီးချုပ်ကိုင်သည့် အာဏာရှင်စနစ်တစ်ရပ်ကို တည်ဆောက်ရန်အတွက် ဒီမိုကရေစီစနစ်တွင် ပါဝင်သည့်အင်္ဂါရပ်များအား တစ်စစီ ဖြိုချနေပြီဖြစ်ပါကြောင်း။

အယ်ဒီတာ

December