2022 November (2)
** ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့်အတူ မငြိမ်းချမ်းနိုင်သေးသော ပြည်သူ့ဘဝများ **
ဒီဇင်ဘာသည် နှစ်ဟောင်း၊အဖြစ်ဟောင်းတို့ ကုန်ဆုံးတော့မည့် လက္ခဏာဖြစ်ပေသည်။
လွန်ခဲ့သော ၁၉၉၁ ဒီဇင်ဘာ ၁၀ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရခဲ့သော်လည်း နေအိမ်အကျယ်ချုပ်နေခဲ့ရရှာသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ၏ နိုဘယ်ဆုရှင်အပေါ်ထောက်ခံဂုဏ်ပြုခြင်းက ထိုအခါကအာဏာသိမ်းပြီးစစ်အုပ်စုအရှိုက်ကို ထိုးနှက်နိုင်ခဲ့သည်။ထိုလှုပ်ရှားမှုကြောင့်ပင် နိုင်ငံအနှံ့က ကျောင်းသားထောင်ချီပြီးအဖမ်းခံရသလို ရာချီသောလူငယ်များကိုလည်း စစ်ခုံရုံးဖွဲ့ကာ ထောင်၁၀နှစ်မှစပြီး နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားများ
စစ်အာဏာသိမ်းမှုများကြောင့်ပင် တိုင်ပြည်ရှေ့မရောက်သည်မှာ ထင်ရှားလွန်းနေသလို လူငယ်များသည်လည်း အစတေးခံရသူများ အမြဲဖြစ်ခဲ့ရသည်။
၁၉၈၈လူထုအရေးတော်ပုံကြီးကိုလူငယ်များက ဦးဆောင်ခဲ့သလို အဓိကကျသောအင်အားစုလည်းဖြစ်ခဲ့သည်။ ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်တွင်လည်း လူငယ်ထု၏အားမှာ အဓိကမောင်းနှင်အား ဖြစ်နေဆဲဖြစ်သည်။ သူတို့လိုအင်ကို မလိုက်လျောသည့် အင်အားစုမှန်သမျှကို အပြတ်ချေမှုန်းသည်။သူတို့ကြိုးဆွဲရာနောက် မလိုက်သော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို စစ်ကောင်စီ ခြိမ်းခြောက်ရန်ရှာသည်။ ထို့ကြောင့်ပင် CRPH နှင့် NUG ပေါ်လာသည်။ PDFနှင့်ဒေသခံကာကွယ်ရေးအဖွဲ့များပေါ်လာသည်။ ထိုအစုအဖွဲ့အားလုံးတို့သည် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်ပေါင်းစည်းမိကြပြီး တပ်ပေါင်းစုသဖွယ်ဖြစ်လာသည်နှင့် စစ်ကောင်စီမှာ အလိုလို ဘုံရန်သူ ဖြစ်လာလေတော့သည်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၁ရက်နောက်ပိုင်း တော်လှန်ရေး အခင်းအကျင်းများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ခြင်း မရှိသည်မှာ ထင်ရှားနေ၏။ ဒီမိုကရေစီနည်းအရဖြစ်သော ရွေးကောက်ပွဲရလဒ်ကို ရိုက်ချိုးခဲ့ပြီး ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်စေရန် လုပ်ကြံဖန်တီးခဲ့သည့် စစ်ကောင်စီကသာ အရာရာအတွက် တာဝန်ခံရမည် ဖြစ်သည်။
၂၀၀၈အခြေခံဥပဒေကို ပြည်သူ့အားဖြင့်နိဂုံးချုပ်ခဲ့ပြီးပြီ။
တိုင်းပြည်အနှံ့ပြာကျစေပြီးမှ ဖော်ဆောင်တော့မည့် အယောင်ပြ ရွေးကောက်ပွဲကိုလည်း ပြည်သူ့အားဖြင့် ပင်အဆုံးသတ်ပေးရတော့မည် ဖြစ်သည်။
ပြည်သူအများထောက်ခံပံ့ပိုးမှုဖြင့် တော်လှန်ရေးတပ်ပေါင်းစုအင်အား ပိုမိုကျယ်ဝန်းလာသည်နှင့်အမျှ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နှင့်တကွ ဒုက္ခမျိုးစုံ ခံနေရရှာသော ပြည်သူတစ်ရပ်လုံး၏ လွတ်မြောက်ရာလမ်းမှာလည်း ပိုမိုထင်ရှားလာနေပြီဖြစ်သည်။
အယ်ဒီတာ
နိုဝင်ဘာ