၂၀၁၄ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းတယ်။ ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းပုံကို အတည်ပြုပြဌာန်းတယ်။ ၂၀၁၇ ဖွဲ့စည်းပုံကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်တစ်ခုလုံး စစ်တပ်အောက်ဆီ ရောက်သွားခဲ့ရတယ်လို့ လူထုတွေမှာ ခံစားနေကြရတယ်။
*ထိုင်းတပ်မတော်နဲ့ မြန်မာ့တပ်မတော်*
ထိုင်းတပ်မတော်မှာ တော်ဝင်ထိုင်းကြည်းတပ်၊ ရေတပ် နဲ့ လေတပ် တို့ ပါဝင်ပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း ရှိနေပါတယ်။ စစ်သည်အင်အားကတော့ အမြဲတမ်းတပ်ဖွဲ့ဝင် ၃သိန်းကျော်ရှိနေပြီး အရန်အင်အားကလည်း ၂သိန်းကျော်ရှိပါတယ်။ ထိုင်းတပ်မတော်ရဲ့ အကြီးအကဲမှာ ဘုရင်လို့ ဆိုသော်လည်း အမည်ခံမျှသာဖြစ်ပါတယ်။ စစ်တပ်တွေကို ကာကွယ်ရေးဝန်ကြီးဦးဆောင်တဲ့ ထိုင်းကာကွယ်ရေးဦးစီးဌာနက ကွပ်ကဲပြီး ကာကွယ်ရေးဦးစီးချုပ်က စီမံဆောင်ရွက်ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ စာရင်းဇယားအရ ထိုင်းစစ်တပ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ ၅.၁ ဘီလီယံ ရှိတာကို တွေ့ရပါတယ်။
ထိုင်းစစ်တပ်အနေနဲ့ ၁၉၃၂ ခုနှစ်က စတင်ပြီး အာဏာသိမ်းခြင်းဖြင့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ကာ ၁၉ကြိမ်နီးပါး အာဏာသိမ်းခဲ့တယ်။ မြန်မာမှာတော့ အာဏာသိမ်းတာ ၃ ကြိမ်သာရှိပေမဲ့ အာဏာတစ်ခါသိမ်းလိုက်တိုင်း နိုင်ငံရဲ့ ရှိရင်းစွဲထက် ယုတ်လျှော့ပျက်စီးခြင်းကို ဖြစ်စေခဲ့ပါတယ်။
ထိုင်းစစ်တပ်အာဏာသိမ်းတာတွေ နိုင်ငံရေးအကျပ်အတည်း ဖြစ်မှုတွေ ကြိမ်ဖန်များစွာဖြစ်ခဲ့ပေမဲ့ ထိုင်းနိုင်ငံအပေါ် အကျိုးသက်ရောက်မှု မရှိတာကို တွေ့ ပါတယ်။
မှတ်တမ်းတွေအရတော့ ထိုင်းနိုင်ငံမှာ ၁၉၄၇ ခုနှစ်နောက်ပိုင်းက စပြီး စစ်တပ်အုပ်ချုပ်ခဲ့တဲ့ အချိန်တွေသာများခဲ့တယ်။ တချို့နှစ်အနည်းငယ်မှာသာ ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်တဲ့ အစိုးရအဖွဲ့က အုပ်ချုပ်နိုင်တာကို တွေ့ရတယ်။ ထူးခြားမှု ဖြစ်စဥ်မှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ သက်တမ်းပြည့်အုပ်ချုပ်ခွင့်ရတဲ့ ဝန်ကြီးချုပ်ကတော့ သက်ဆင်ရှင်နာဝပ် ပဲဖြစ်ပါတယ်။ သက်ဆင် လက်ထက်နဲ့ နောက်ပိုင်းနှစ်တွေမှာ ထောက်ခံသူနဲ့ ဆန့်ကျင်သူ အုပ်စုနှစ်စု ပေါ်ခဲ့ပါတယ်။ သက်ဆင်ကိုထောက်ခံသူများက ရှပ်နီ ဖြစ်ပြီး ကန့်ကွက်သူများက ရှပ်ဝါ ဖြစ်ပါတယ်။ ရှပ်နီ ရှပ်ဝါ အားပြိုင်မှုဟာ ထိုင်းနိုင်ငံရေးမှာ ထူးခြားပြီး ဂယက်ထခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ အာဏာသိမ်းလိုက်ပြီး သက်ဆင်ပြုတ်ကျပါတယ်။ ၂၀၁၁ ခုနှစ်ရွေးကောက်ပွဲမှာတော့ သက်ဆင်ရဲ့ ညီမ ဖြစ်သူ ယင်လက်ရှင်နာဝပ် အနိုင်ရပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကြားဖြတ်ရွေးကောက်ပွဲကို ဖျက်သိမ်းပြီး စစ်တပ်က အာဏာသိမ်းပါတယ်။
မြန်မာနိုင်ငံမှာတော့ ၁၉၈၈ ခုနှစ်မှာ အာဏာသိမ်းတဲ့ စစ်အစိုးရကို ဗိုလ်ချုပ်မှူးကြီးစောမောင် နောက် ဆက်ခံတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးဆောင်ခဲ့ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို လူမှုရေးအသင်း အနေနဲ့ စဖွဲ့ပါတယ်။ စစ်တပ်ကတရားဝင်အာဏာသိမ်းခွင့်ရှိပြီး ကာကွယ်ရေးဦးစီးချုပ်ထံ အခွင့်အာဏာတွေ ပုံအောပြီးပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနားယူခဲ့ပြီး ကာကွယ်ရေးဦးစီးချုပ်နေရာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ခံပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းကို ပါတီအဖြစ်ပြောင်းလဲပြီး စစ်ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်က သမ္မတအဖြစ်တာဝန်ယူကာ လွှတ်တော်သစ်၊ အစိုးရသစ်ကို စတင်ခဲ့ပါတယ်။
ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေနဲ့အတူ ထင်ရှားလာပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက ရွေးကောက်ပွဲဝင်ပါတယ်။ စစ်တပ်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံပုံစံအတိုင်း နိုင်ငံရေးကနေ တဖြည်းဖြည်းချင်း ဆုတ်ခွာလိမ့်မယ်လို့ တွက်ဆခဲ့ကြပါတယ်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီက သောင်ပြိုကမ်းပြိုနိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ အဲ့ဒီ နောက်ပိုင်းကာလတွေမှာတော့ စစ်ဘက် အရပ်ဘက် ပွတ်တိုက်မှုတွေဖြစ်လာခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲပြီးနောက် အာဏာသိမ်းတဲ့အဆင့်ထိ ရောက်လာခဲ့ခြင်းဖြစ်ပါတယ်။
*ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲဖို့ကြိုးစားခဲ့တဲ့ ၂၀၂၀ ထိုင်းကျောင်းသားလှုပ်ရှားမှုကြီး*
အာဏာသိမ်းမှုအကြိမ်တိုင်းမှာ ထိုင်းစစ်တပ်ကသူ့သဘောနဲ့သူ လုပ်ခဲ့တာမျိုးမဟုတ်ပါဘူး။ ထိုင်းဘုရင်သဘောတူမှသာ အာဏာသိမ်းခြင်း အထမြောက်ပါတယ်။ ဒီမိုကရေစီနည်းအရ တက်လာတဲ့ အစိုးရဖြစ်လင့်ကစား ထိုင်းဘုရင်သဘောမကျတော့ဘူးဆိုရင် နှုတ်ထွက်ပေးရပါတယ်။ တင်းခံနေရင်တော့ စစ်တပ်က အာဏာသိမ်းပါတယ်။ ထိုင်းနိုင်ငံရေးဟာ စစ်တပ်နဲ့သာမကဘဲ ဘုရင်နဲ့ပါ ပက်သက်နေတာကို တွေ့ရပါတယ်။
ဘုရင်မောင်းကွတ်၊ ချူလာလောင်ကွန်း တို့လိုပဲ ဘုရင် ဘူမိဘောအဒူလျာဒက် ဟာ ထင်ရှားတဲ့ဘုရင်တစ်ပါးပါ။ ပြည်သူလူထုရဲ့ ချစ်ခင်အားကိုးမှုကို ရရှိသလို သူကိုယ်တိုင်ကလည်း ကျေးလက် လယ်သမားတွေဘဝတိုးတက်စေဖို့ အထူးကြိုးစား ပေးခဲ့ပါတယ်။ ဘူမိဘော လက်ထက်မှာပဲ ၁၉၃၂ ခုနှစ်ကစပြီး ဆုံးရှုံးလက်လွှတ်ခဲ့ရတဲ့ အာဏာပိုင်ဆိုင်မှုတော်ဝင်အခွင့်အရေးတွေကို ၁၉၄၉ ဖွဲ့စည်းပုံအရ တော်ဝင်မိသားစုတွေ ပြန်လည်ရရှိခဲ့ပါတယ်။ ဘူမိဘော နတ်ရွာစံပြီး ၂၀၁၆ ခုနှစ်မှာ နန်းတက်လာတဲ့ မဟာဝိဇယလောင်ကွန်း ကိုတော့ ပြည်သူတွေက ကြည်ညိုလေးစားမှုနည်းခဲ့ပါတယ်။ မင်းသားဘဝကတည်းက အဆင်ခြင်မဲ့ နေထိုင်တဲ့စရိုက်တွေကြောင့် ဟိုးလေးတကြော်ဖြစ်ခဲ့ရသူပါ။ သူဟာ ထိုင်းနိုင်ငံမှာနေတာနည်းပြီး ဂျာမနီနိုင်ငံမှာ နေထိုင်တာများပါတယ်။
ထိုင်းနိုင်ငံမှာတော့ ဘုရင်နဲ့တော်ဝင်မိသားစုကို ဘယ်သူမှ မထိရဲ မတို့ရဲ ကြပါဘူး။ ဥပဒေပြဌာန်းပြီးတားမြစ်ထားပါတယ်။ ဝန်ကြီးချုပ်ကိုသာ ပြစ်တင်ပြောဆို ဝေဖန်လို့ ရရင်ရမယ်။ ဘုရင်နဲ့တော်ဝင်မိသားစုကိုတော့ ဝေဖန်လို့မရပါဘူး။ ဒီအခြေနေမျိုးအောက်မှာပဲ ထိုင်းကျောင်းသားတွေက ဘုရင်စနစ်ကို စိန်ခေါ်ခဲ့ကြပါတယ်။ နိုင်ငံရေးအစဥ်အလာကြီးမားတဲ့ ထမ်မားဆတ်တက္ကသိုလ် (Thammasat University) ရဲ့ ကျောင်းသူ ပန်းနုဆာယာ ဟာလူသိများလာပါတယ်။ ဘုရင်စနစ်ကို ကိုင်လှုပ်လိုက်တဲ့ ပန်းနုဆာယာရဲ့ ရဲရဲတောက် ဟောပြောချက်တွေကို ကျောင်းသားထုရော ပြည်သူတွေကပါ နှစ်သက်ထောက်ခံကြတယ်။
-ဘုရင့်ဘဏ္ဍာအတွက် အစိုးရရဲ့ ဘတ်ဂျက်ခွဲဝေမှုကိုလျော့ချဖို့
-ဘုရင့်ကိုယ်ပိုင် ဘဏ္ဍာနှင့် နန်းစဥ် ဘဏ္ဍာကို သပ်သပ်စီ ခွဲထားဖို့
-တိုင်းပြည်အာဏာသိမ်းတာကို ဘုရင်ကနေ သဘောတူ ခွင့်ပြုပေးတာမျိုး နောက်မလုပ်ဆောင်ဖို့ ဆိုတဲ့အချက်တွေပါတဲ့ အချက် ၁၀ ချက်ကို တောင်းဆိုခဲ့တယ်။ ဘုရင်နဲ့တော်ဝင်မိသားစုအပေါ် ဝေဖန်တာကိုလည်း ဥပဒေနဲ့ မတားဆီးဖို့ တောင်းဆိုခဲ့တယ်။
၂၀၂၀ ကျောင်းသားလှုပ်ရှားမှုကနေ မြို့နယ် အနှံ့ တိုင်းပြည် အနှံ့ အားလုံးပြန့်နှံ့ သွားတယ်။ ကိုဗစ်ကပ်ရောဂါကိုတောင် ဂရုမထားကြတော့ဘူး။ ၂၀၁၄ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်ကစလို့ ရေငုံနှုတ်ပိတ်နေခဲ့ရတဲ့ ပြည်သူတွေကလည်း ပွင့်အန် ထွက်လာပြီးပူးပေါင်းပါဝင်ကြတယ်။
ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့သာမကဘဲ နိုင်ငံရေးနဲ့ပက်သက်တာတွေကိုလည်း တောင်းဆိုခဲ့ကြတယ်။
-ဒီမိုကရေစီအရေးလှုပ်ရှားနေသူများကို ခြိမ်းခြောက်နေမှုများအား အဆုံးသတ်ပေးဖို့
-ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲပေးဖို့နဲ့ အစိုးရကနေ ခန့်အပ်ထားတဲ့ ဆီးနိတ် လွှတ်တော်အပါအဝင် ပါလီမန်ကို ဖျက်သိမ်းပေးဖို့
-ဝန်ကြီးချုပ်ပရာယွတ် နှုတ်ထွက်ပေးဖို့ တွေကို တညီတညွတ်တည်း တောင်းဆိုခဲ့ကြတယ်။
၂၀၁၄ ခုနှစ်မှာ စစ်တပ်ကအာဏာသိမ်းတယ်။ ၂၀၁၇ ခုနှစ်မှာ ဖွဲ့စည်းပုံကို အတည်ပြုပြဌာန်းတယ်။ ၂၀၁၇ ဖွဲ့စည်းပုံကြောင့် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်တစ်ခုလုံး စစ်တပ်အောက်ဆီ ရောက်သွားခဲ့ရတယ်လို့ လူထုတွေမှာ ခံစားနေကြရတယ်။ အာဏာသိမ်းပွဲတွေနဲ့ တိုင်းပြည်ကိုဦးဆောင်ခဲ့တဲ့ စစ်တပ်ခေါင်းဆောင်တွေကို မနှစ်မြို့ချင်ကြတော့ဘူး။ ဒီမိုကရေစီအရေး၊ ပြည်သူ့အရေး များကို လစ်လျူရှုပြီး တစ်တိုင်းပြည်လုံးအပေါ် စစ်ဝါဒရိုက်သွင်းနေတာကို အမြန်ဆုံးရပ်တန့်ဖို့ ပြည်သူတွေက လိုလားနေကြတယ်။
*အဆုံးသတ်နိဂုံးချုပ်*
၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းပြီး ၂၀၁၇ ဖွဲ့စည်းပုံကို ပရာယွတ်တို့ လူစုက စိတ်ကြိုက်ရေးဆွဲခဲ့တယ်။ ပုဒ်မ ၁၅၈ မှာတော့ ဝန်ကြီးချုပ်သက်တမ်းကို ၈ နှစ်ထက်ပိုပြီး မယူရဘူးလို့ ပြဌာန်းထားတယ်။ ဒီအချက်ကိုကိုင်ပြီး အတိုက်အခံပါတီတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးထံ ဦးတိုက်လျှောက်ထားခဲ့ကြလို့ ခုံရုံးကနေ ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ်မှ ယာယီရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်။
ပရာယွတ် ကိုထောက်ခံသူတွေကတော့ ၂၀၁၇ သို့မဟုတ် ၂၀၁၉ ရောက်မှ ဝန်ကြီးချုပ်ဖြစ်ခဲ့တာလို့ စောဒက တက်ကြတယ်။
ပရာယွတ်ဟာ ဝန်ကြီးချုပ်အဖြစ်ကနေ နှုတ်ထွက်လိုက်ပေမယ့် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်ရှိနေပါသေးတယ်။
ဝန်ကြီးချုပ်အပြောင်းအလဲ ဖြစ်ပေမယ့် အစိုးရအဖွဲ့ကတော့ ပုံမှန်အတိုင်း လည်ပတ်နေမြဲပါပဲ။ အာဏာမကြာခဏသိမ်းသလိုပဲ ဝန်ကြီးချုပ်တွေကလည်း မကြာခဏပြောင်းတတ်ပါတယ်။ မှတ်တမ်းတွေအရတော့ ၁၉၉၂ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဝန်ကြီးချုပ် ၁၆ယောက် ပြောင်းခဲ့ပြီးဖြစ်ပါတယ်။ တချို့မှာ တစ်နှစ်ပဲ တာဝန်ယူပြီးနှုတ်ထွက်ရတယ်။ တစ်နှစ်တည်းမှာ ဝန်ကြီးချုပ်နှစ်ယောက် ပြောင်းခဲ့တာမျိုးတောင် ရှိခဲ့ပါတယ်။
ယာယီဆိုင်းငံ့ထားတဲ့ ပရာယွတ်ကိစ္စကို အခြေခံပြီး ရာထူးကနေ အပြီးတိုင် ထုတ်ပယ်ရန် သင့်မသင့်ကိုတော့ စက်တင်ဘာ ၃၀ ရက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကနေ တရားဝင်ဆုံးဖြတ်ပေးရတော့မှာပါ။ ၂၀၂၃ ခုနှစ် မတ်လထဲမှာလည်း အထွေထွေ ရွေးကောက်ပွဲ ရှိနေပါတယ်။ ခုံရုံးကနေ ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ ထိုင်းနိုင်ငံရဲ့နိုင်ငံရေးအကျပ်အတည်းဟာ ထွက်ပေါက်တစ်ခုခုနဲ့ ပြေလည်သွားဖို့ရှိနေပါတယ်။
ထွက်ပေါက်မဲ့ပြီး မပြေလည်နိုင်တာကတော့ မြန်မာနိုင်ငံရေးပဲ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို အကာအကွယ်ယူပြီး မဲစာရင်းမှားတာကို အကြောင်းပြကာ ရွေးကောက်ခံအစိုးရ ဖြစ်ခွင့်မပြုဘဲ စစ်တပ်ကအာဏာကောက်သိမ်းခဲ့တာပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တာနဲ့ အရေးပေါ်ကာလ သက်တမ်းတိုးခွင့်မရှိတော့သလို ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးရတော့မှာပါ။
လက်ရှိရင်ဆိုင်တွေ့ကြုံနေရတဲ့ မြေပြင်အနေအထားများကို အားလုံးလည်း မြင်နေ၊ကြားနေ၊ တွေ့နေရပြီး ခန့်မှန်တွက်ချက်နိုင်လိမ့်မယ် ထင်ပါတယ်။ စစ်တပ်ကြီးစိုးထားတဲ့ မြန်မာနိုင်ငံရေးဟာ မရေရာ မသေချာမှုများစွာနဲ့ ထွက်ပေါက်ပိတ်နေပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ဘုန်းသွေးနီ
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
– ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မ သင်္ဂဟကျမ်း ( မောင်ထင် )
– တို့ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ
( ဒေါက်တာမောင်မောင်)
– တပ်ပြုပြင်ပြောင်းလဲရေး
( လှကျော်ဇော)
-သွေးမော်ကွန်း
( ရှစ်လေးလုံးပြတိုက်ဖြစ်မြောက်ရေးကော်မတီ)
– ကျွန်တော်သိသော တစ်ရံရောအခါများ
( ကိုကိုမောင်ကြီး)
– ကိုလိုနီခေတ် မြန်မာသမိုင်းအဘိဓါန်
(မြဟန် )
– မြန်မာ့ ရက်စဥ်သမိုင်း
( ဒုတိယတွဲ )
-Bangkok Post ပါ ဆောင်းပါး
-Channel News Asia အင်တာဗျူး
-Nikkei Asia Review ပါ ဆောင်းပါး
– CNN, VOA, BBC တို့၏
သတင်းထုတ်လွှင့်ချက်များ
– မိမိကိုယ်ပိုင်မှတ်စုများတို့မှ ကိုးကားထုတ်နှုတ်၍
ရေးသားထားခြင်း ဖြစ်ပါသည်။ }