စစ်တပ်ပါဝင်ပတ်သက်နေသော မြန်မာနှင့် ထိုင်းတို့၏ နိုင်ငံရေး အခင်းအကျင်း (အပိုင်း – ၂)

စစ်တပ်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးပါခဲ့ပေမယ့် နိုင်ငံရေးနဲ့တော့ အတော့်ကို ကင်းရှင်းခဲ့ပါတယ်။

  * ဒီမိုကရေစီအစပျိုးတော်လှန်ရေးနှင့် သက်ဦးဆံပိုင်ပဒေသရာဇ်နိဂုံး*

ထိုင်းနိုင်ငံဟာ ကိုလိုနီမဖြစ်ခဲ့တဲ့အတွက် သူတို့အုပ်ချုပ်ရေးကို သူတို့စိတ်တိုင်းကျ တည်ဆောက်နိုင်ခဲ့ကြတယ်။ မြန်မာကတော့ မလွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့အတွက် တပါးသူစီမံတဲ့အုပ်ချုပ်ရေးနဲ့ နေသားကျခဲ့ရပါတယ်။

၁၉၃၂ ခုနှစ် ထိုင်းနိုင်ငံမှာ တော်လှန်ရေးတစ်ရပ်ပေါ်ပေါက်ခဲ့ပါတယ်။ ဒီတော်လှန်ရေးကတော့ သက်ဦးဆံပိုင်ပဒေသရာဇ်အုပ်စိုးမှုကို ဖျက်သိမ်းပြီး စည်းမျဥ်းခံဘုရင်စနစ်ကို ထူထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီ အစပျိုးတဲ့တော်လှန်ရေးဖြစ်ပါတယ်။ တော်လှန်ရေးနဲ့အတူ ထိုင်းနိုင်ငံရေးမျက်နှာစာမှာ စစ်တပ်ရဲ့ ပါဝင်ပက်သက်မှုစတင်ခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။

၁၉၃၂ မတိုင်မီခေတ်ကာလများ ဆိုင်ယမ်းဘုရင်နိုင်ငံမှာ ဥပဒေပြုလွှတ်တော်မရှိခဲ့ပါဘူး။ အုပ်ချုပ်ရေးပုံသဏ္ဍာန်အတည်တကျမရှိဘဲ ဥပဒေပြုခွင့်ကို ဘုရင်ထံ အပ်နှင်းထားပါတယ်။ ဘုရင်က တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်ပါတယ်။

စီးပွားရေးကျပ်တည်းမှုကြောင့် တိုင်းပြည်ထိခိုက်လာရာက စတင်ခဲ့တယ်လို့ဆိုရမှာပါ။ ဥရောပမှာပညာသင်ကြားနေတဲ့ ပညာတတ်လူငယ်အစုအဖွဲ့က ဘုရင်စနစ်ကို စတင်ဝေဖန်မှု ပြုပါတယ်။ နိုင်ငံရေးစနစ်ပြောင်းလဲဖို့ သူတို့ချည်းမဟုတ်ဘဲ စစ်တပ်အသိုင်းအဝိုင်းပါအောင် စည်းရုံးခဲ့ပါတယ်။

၁၉၃၂ ခုနှစ် ဇွန်လ ၂၄ ရက်မှာတော့ ပညာတတ်လူငယ်များနဲ့ စစ်တပ်အရာရှိငယ်များ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ က ဦးဆောင်ပြီး သွေးထွက်သံယိုမှုကင်းစွာ တော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ်။
ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုပြီး စည်းမျဥ်းခံဘုရင်စနစ်ကို စတင်ကျင့်သုံးပါတယ်။ ရွေးကောက်ပွဲဖြစ်ပေါ်လာခဲ့သလို လွှတ်တော်လည်း ပေါ်ပေါက်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တိုင်းပြည်ကိုအုပ်ချုပ်နိုင်ပြီး ဒီမိုကရေစီစတင်အသက်ဝင်ခဲ့ပါတယ်။
  ၁၉၃၃ ခုနှစ်အရောက်မှာတော့ စစ်တပ်ကအာဏာသိမ်းတာကြောင့် တည်တံ့ဆဲဖွဲ့စည်းပုံကို ဖျက်ပြီးအစားထိုးပြဌာန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးမျက်နှာစာမှာ စစ်တပ်က ရေးပါသူအဖြစ် စတင်ခဲ့ပါတော့တယ်။
 

*မြန်မာနိုင်ငံရေးမျက်နှာစာမှာ စစ်တပ်ရဲ့ပါဝင်ပက်သက်မှု*


ထိုင်းနိုင်ငံက ကိုယ်မင်းကိုယ်ချင်း နဲ့ ဖွဲ့စည်းပုံရေးဆွဲပြီး အုပ်ချုပ်နေစဥ်မှာ မြန်မာကတော့ ဗြိတိသျှတို့ရဲ့ အုပ်ချုပ်ရေးပုံစံအောက်မှာ ရုန်းကန်ခဲ့ကြရပါတယ်။ ၁၈၈၅ ခုနှစ်မှ ၁၉၂၃ ခုနှစ်ထိ ဗျူရိုကရေစီ အုပ်ချုပ်ရေးဖြစ်ပါတယ်။ ဒီ့နောက်ပိုင်းနှစ်တွေမှာ အင်္ဂလိပ်အစိုးရနဲ့ မြန်မာပြည်သူ့ကိုယ်စားလှယ်တို့ ပူးတွဲအုပ်ချုပ်ကြတဲ့ ဒိုင်အာခီ အုပ်ချုပ်ရေးစခဲ့သလို ရွေးကောက်ပွဲလည်းလေးကြိမ်ပြုလုပ်ပါတယ်။ ဒိုင်အာခီခေတ်ဟာ ၁၄ နှစ်ကြာခဲ့ပါတယ်။

၁၉၃၅ ခုနှစ်မှာတော့ ကိုလိုနီခေတ်ဖွဲ့စည်းပုံအခြေခံဥပဒေလို့ခေါ်နိုင်တဲ့ မြန်မာပြည်အက်ဥပဒေကို ဗြိတိသျှပါလီမန်က ပြဌာန်းပေးပါတယ်။ ၁၉၃၇ ခုနှစ်မှာ စတင်ကျင့်သုံးပြီး ၉၁ဌာနအုပ်ချုပ်ရေးလို့ ထင်ရှားပါတယ်။ ရွေးကောက်ပွဲတွေ ကျင်းပပါတယ်။

၁၉၄၂ခုနှစ်မှာ ဒုတိယကမ္ဘာစစ်နဲ့အတူ ဂျပန်တို့ဝင်လာကြပါတယ်။ ရွှေရည်စိမ်လွတ်လပ်ရေးပေးဖို့အတွက် ဂျပန်တို့ကလည်း ဖွဲ့စည်းပုံရေးဆွဲပြဌာန်းပါတယ်။ ၁၉၄၃ ခုနှစ် သြဂုတ်လ ၁၇ ရက်မှာ အတည်ပြုပြဌာန်းတဲ့ မြန်မာပြည်ဖွဲ့စည်းပုံ စည်းမျဥ်းပဲဖြစ်ပါတယ်။ အဓိပတိက ဒေါက်တာဘမော် ပါ။

အင်္ဂလိပ်ခေတ် ဂျပန်ခေတ်တွေမှာ သူများရေးတဲ့ဖွဲ့စည်းပုံနဲ့ နေခဲ့ရပါတယ်။ ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်မှုအောက်မှာတော့ ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ် ၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေပေါ်ပေါက်လာခဲ့ပါတယ်။

လွတ်လပ်ရေးကြိုးပမ်းမှုနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ စစ်တပ်ရဲ့သမိုင်းအစ ဖြစ်ပါတယ်။ စစ်တပ်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အရေးပါခဲ့ပေမယ့် နိုင်ငံရေးနဲ့တော့ အတော့်ကို ကင်းရှင်းခဲ့ပါတယ်။

လွတ်လပ်ရေးရပြီးနောက် ဖဆပလအစိုးရအနေနဲ့ ရန်ကုန်အစိုးရလို့ အခေါ်ခံရအောင် ဖြစ်ခဲ့တဲ့အချိန်တွေကပဲ စစ်တပ်ကို နိုင်ငံရေးမှာ လူရာဝင်စေဖို့ လမ်းဖွင့်ပေးသလို ဖြစ်ခဲ့ဟန်တူပါတယ်။

၁၉၅၈ ခုနှစ်မှာတော့ ဝန်ကြီးချုပ်ဦးနုအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ပါလီမန်ကတစ်ဆင့် တရားဝင် အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲ ၁၉၆၂ ခုနှစ်အရောက်မှာတော့ စစ်တပ်က တရားဝင်အာဏာသိမ်းပါတော့တယ်။ စစ်တပ်ကအာဏာသိမ်းပြီး သူ့ကိုဖမ်းခေါ်သွားချိန်မှာတောင် ဗိုလ်ချုပ်နေဝင်းသာသိရင် သူ့ဆီရောက်လာမှာ လာကယ်မှာပဲလို့ တွေးထင်မိသေးကြောင်း တာတေစနေသားစာအုပ်မှာ ဦးနုကိုယ်တိုင် ရေးသားခဲ့ပါတယ်။
  စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းဟာ ပါလီမန်ဒီမိုကရေစီခေတ် နိုင်ငံရေးအကွဲအပြဲကို အခွင့်ကောင်းယူအကွက်ချောင်းပြီး ကြိုတင်ကြံစည်အကွက်ချခဲ့ပါတယ်။ ဒေါက်တာမောင်မောင် ရေးတဲ့ ဒို့ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံ စာအုပ်ရဲ့အမှာမှာ အောက်ပါအတိုင်းရေးသားထားကိုကြည့်ရင် သိနိုင်ပါတယ်။

“၁၉၅၇ ခုနှစ် အကုန်ပိုင်းလောက်တွင် တပ်မတော်ပညာရေးနှင့် စိတ်ဓာတ်ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးဘသန်းက အခြေခံဥပဒေကို စကားပြေဖြင့်ရေး၍ ပန်းချီရုပ်ပုံများနှင့် တန်ဆာဆင်ကာ တပ်မတော်သားတိုင်းသို့ ထုတ်ဝေလိုသည်ဟု ကျွန်တော့်အား ရေးသားရန်တာဝန်ပေးခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် မည်သူကမျှ နောင်တစ်နှစ်ခန့်ကြာလျှင် ဗိုလ်ချုပ်ကြီးနေဝင်းအား ဝန်ကြီးချုပ်၏တာဝန်ဝတ္တရားများကို ပါလီမန်က အပ်နှင်းလိမ့်မည်။ တပ်မတော်သည်လည်း တိုက်ခိုက်ရေးအပြင် နိုင်ငံကို ထူထောင်ထိန်းသိမ်းရေးတွင် ပိုမို၍ တာဝန်တွေယူရဦးတော့မည်ဟု မသိခဲ့နိုင့်ကြ။ သို့ရာတွင် ထိုအခါနှင့် ထို့ထက်စောသောအခါကပင် တပ်မတော်သည် အခြေခံဥပဒေကို လေ့လာ၍နေခဲ့လေပြီ။”

စစ်တပ်အာဏာသိမ်းတာကို မထောက်ခံတဲ့ ကျောင်းသားလူငယ်တွေကို ကွန်မြူနစ်တွေလို့ စွပ်စွဲခဲ့ရုံမက သမဂ္ဂအဆောက်အအုံကြီးကလည်း ကွန်မြူနစ်ဌာနချုပ်ကြီး ဖြစ်နေတယ်လို့ အကြောင်းပြကာ ဖြိုဖျက်ခဲ့ကြပါတယ်။

*ရက်စက်စွာဖြိုခွင်းခံရသော နှစ်နိုင်ငံကျောင်းသားလှုပ်ရှားမှု*

၁၉၆၂ မတ်လ ၂ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့စစ်တပ်ဟာ ဇူလိုင် ၇ ရက်နေ့ ရောက်တဲ့အချိန် မလုပ်သင့်မလုပ်ထိုက်တာကို ကျူးလွန်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာတော့ 7 July အရေးတော်ပုံလို့ အမည်တွင်ပါတယ်။ ကျောင်းသားလူငယ်တွေကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို သမိုင်းဝင် သမဂ္ဂ အဆောက်အဦကြီးကိုလည်း ဖြိုလိုက်ကြပါတယ်။ စစ်တပ်အာဏာသိမ်းတာကို မထောက်ခံတဲ့ ကျောင်းသားလူငယ်တွေကို ကွန်မြူနစ်တွေလို့ စွပ်စွဲခဲ့ရုံမက သမဂ္ဂအဆောက်အအုံကြီးကလည်း ကွန်မြူနစ်ဌာနချုပ်ကြီး ဖြစ်နေတယ်လို့ အကြောင်းပြကာ ဖြိုဖျက်ခဲ့ကြပါတယ်။

Thammasat University  ဟာ ထိုင်းနိုင်ငံရဲ့ ​ကျောင်းသားလှုပ်ရှားမှုနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု သမိုင်းမှာ အစဥ်အလာ ကြီးပါတယ်။ ထမ်မားဆတ် တက္ကသိုလ်ဟာ ချောင်ဖရားမြစ်ကမ်းနံဘေးမှာ ရှိသလို ဘန်ကောက်က ရှေးဟောင်းဘုရင့်နန်းတော်နဲ့လည်း မနီးမဝေးမှာ ရှိနေပါတယ်။ ၁၉၇၆ ခုနှစ် အောက်တိုဘာ​ ၆ ရက်နေ့မှာတော့ ထမ်မားဆတ် တက္ကသိုလ်ကျောင်းသားတွေ အစုလိုက် အပြုံလိုက် ရက်စက်စွာသတ်ဖြတ်ခြင်း ခံရပါတယ်။ အာဏာပိုင်တွေ ၊ရဲတွေ၊ ထောက်ခံသူတွေက ရက်ရက်စက်စက် ဝိုင်းပြီးနှိမ်နင်းခဲ့ပါတယ်။ ၁၉၇၃ ခုနှစ် အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ကျောင်းသားဆန္ဒပြမှုတွေကြောင့်ပဲ စစ်အာဏာရှင် သနွမ်ဟာ ပြည်ပကို ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ၁၉၇၆ ခုနှစ်မှာတော့ သနွမ်ဟာ ထိုင်းနိုင်ငံဆီ ပြန်ရောက်လာပါတယ်။ ဒီအတွက်ကြောင့်ပဲ ကျောင်းသားတွေက ဆန္ဒပြကန့်ကွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒကိုသက်ဝင်ယုံကြည်သူ ကျောင်းသားဆိုးများရဲ့ နှောင့်ယှက်ရမ်းကားမှုလို့ စွပ်စွဲပြီးဖြိုခွင်းခဲ့ပါတယ်။ ကျောင်းသား ရာချီ အသတ်ခံရတဲ့ အဖြစ်အပျက်ဟာ ကမ္ဘာကျော်သွားခဲ့သလို ထိုင်းနိုင်ငံအတွကါ အမည်းစက်ကြီး ဖြစ်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်နှစ်ခုကို နှိုင်းယှဥ်ကြည့်ရာမှာတော့ ရန်ကုန်တက္ကသိုလ် အဖြစ်က ပိုပြီး ကြေကွဲစရာကောင်းနေပါတော့တယ်။ ထမ်မားဆတ် တက္ကသိုလ်ရဲ့​ကျောင်းသားလှုပ်ရှားမှု သမိုင်းဝင်နေရာများကို ခုနှစ် လ ရက် စာတန်းရေးထိုး ကမ္ဗည်းတင်ထားသလို လမ်းနာမည်တွေကိုလည်း အမှတ်တရ ဂုဏ်ပြုပြီးပေးထားခဲ့တာကို ယနေ့တိုင် မြင်တွေ့နိုင်ပါတယ်။ နောက်တစ်ခုကတော့ ဒီမိုကရေစီကိုတန်ဖိုး ထား စောင့်ရှောက်မှုရဲ့ အထိမ်းအမှတ်ပြယုဂ်တစ်ခုပါ။ ၁၉၃၂ ခုနှစ် မှာ ပထမဆုံး ရွေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို အထိမ်းအမှတ်ပြုကာ တည်ဆောက်ထားပါတယ်။ ဘန်ကောက်မြို့ရဲ့လူမြင်ကွင်းမှာ တည်ရှိနေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြအိုးပေါ်ရှိ ဆွမ်းခွက်နှစ်ခုပေါ်တွင် တင်ထားတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအာဏာရလာတဲ့အခါ သမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ဖို့ လွှတ်တော်က ဘတ်ဂျက် ချပေးပါတယ်။ ကျောင်းသားမျိုးဆက် အစုအဖွဲ့အသီးသီးနဲ့ NLD ကတာဝန်ရှိသူများ အကြိတ်အနယ်ဆွေးနွေးငြင်းခုံကြရင်းကပဲ သမဂ္ဂ ပြန်ဆောက်မယ့် အစီအစဥ်ဟာ လုံးဝ ရပ်တန့်သွားပါတယ်။ NLD အစိုးရ လက်ထက်မှာပဲ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ပြတိုက်ဆောက်ဖို့ ကြိုးစားသံ ကြားမိလိုက်ပါတယ်။ ပြတိုက်ဖြစ်မြောက်ရေးကော်မတီဖွဲ့ပြီး ကိုယ်ထူကိုယ်ထ ပြတိုက်ငယ်တစ်ခု လုပ်ခဲ့ကြပါတယ်။ ရှစ်လေးလုံးပြတိုက်ကို ယူနက်စကို က အသိအမှတ်ပြုနိုင်ဖို့ အစိုးရတာဝန်ရှိသူများနဲ့ ပူးပေါင်းကြိုးစားကြပါတယ်။ ပြတိုက်ကြီး ဆောက်ဖို့ အာဏာပိုင်များက မြေနေရာပဲ ပေးတော့မလိုလို သတင်းတွေသာထွက်လာခဲ့ပြီး နောက်ဆုံးမှာတော့ ကိုယ်ထူကိုယ်ထ ပြတိုက်လေးဟာ နှစ်နှစ်​ပြည့်အောင်မရပ်တည်နိုင်တော့ဘဲ ပိတ်ပစ်လိုက်ရပါတယ်။ သမဂ္ဂ ပြန်မဆောက်ဖြစ်တာရော ရှစ်လေးလုံးပြတိုက် မဆောက်ဖြစ်တာရော ဘယ်သူ့ကို အပြစ်တင်လို့ တင်ရမှန်းမသိတော့ပါဘူး။

ထိုင်းနိုင်ငံမှာတော့ စစ်တပ်က အာဏာသိမ်းမှု ကြိမ်ဖန်များစွာ ဖြစ်ပျက်ခဲ့တဲ့ကြားကပဲ ​ကျောင်းသားလှုပ်ရှားမှု ပုံရိပ်နဲ့ ဒီမိုကရေစီ အထိမ်းအမှတ်တွေကို မပျောက်ပျက်၊ မထိပါးအောင် တန်ဖိုးထားတတ်တဲ့ ထိုင်းလူ့အဖွဲ့အစည်းက ဘက်နှစ်ဖက်လုံးရဲ့စိတ်ဓာတ်ကို ချီးကျူး သာဓုခေါ်ရလိမ့်မယ်ထင်ပါတယ်။

ဘုန်းသွေးနီ

(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)

  – ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မ သင်္ဂဟကျမ်း ( မောင်ထင် )
  – တို့ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ
             ( ဒေါက်တာမောင်မောင်)
   – တပ်ပြုပြင်ပြောင်းလဲရေး       
               ( လှကျော်ဇော)
   -သွေးမော်ကွန်း 
       ( ရှစ်လေးလုံးပြတိုက်ဖြစ်မြောက်ရေးကော်မတီ)
   – ကျွန်တော်သိသော တစ်ရံရောအခါများ
         ( ကိုကိုမောင်ကြီး)
   – ကိုလိုနီခေတ် မြန်မာသမိုင်းအဘိဓါန်
           (မြဟန် )
    – မြန်မာ့ ရက်စဥ်သမိုင်း
            ( ဒုတိယတွဲ )
    -Bangkok Post ပါ ဆောင်းပါး
    -Channel News Asia အင်တာဗျူး
    -Nikkei Asia Review ပါ ဆောင်းပါး
    – CNN, VOA, BBC တို့၏
              သတင်းထုတ်လွှင့်ချက်များ
   – မိမိကိုယ်ပိုင်မှတ်စုများတို့မှ ကိုးကားထုတ်နှုတ်၍
        ရေးသားထားခြင်း ဖြစ်ပါသည်။ }