ကနောင်မင်းသားနဲ့အတူ ပြုပြင်ပြောင်းလဲရေးတွေကိုအတူတူလက်တွဲလုပ်ခဲ့တဲ့ ယောအတွင်းဝန်ဦးဘိုးလှိုင်ကလည်း မြန်မာမင်းအုပ်ချုပ်ပုံစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ဟာ မြန်မာ့သမိုင်းမှာ ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ မြန်မာပြည်သူလူထုကြီးရဲ့ ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ပန်းဝင်ခါနီးအချိန်ကျမှ စစ်တပ်ကနေ အာဏာကောက်သိမ်းပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကနေ ပြန်ပြောင်းရေတွက်ကြည့်ရင် စစ်တပ်အနေနဲ့ ဒုတိယအကြိမ်အာဏာသိမ်းတာ ၃၄ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။
လက်ရှိအနေအထားမှာလည်း စစ်ကောင်စီအနေနဲ့ လူထုရွေးချယ်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းယူထားတဲ့ အချိန်အခါနဲ့လည်း သွားပြီးတိုက်ဆိုင်နေပါတယ်။
၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်၊ ၂၀၂၁ ခုနှစ်တွေမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။ စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ လူရာအတင်းဝင်ချင်ဇောနဲ့ အာဏာတစ်ခါသိမ်းလိုက်တိုင်း နိုင်ငံဟာ ရှိရင်းစွဲထက် ပိုမိုစုတ်ချာ နိမ့်ကျသွားတာကို တွေ့ရမှာဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်းတာခြင်းတူပေမယ့် ထိုင်းနိုင်ငံကတော့ တစ်ဘာသာ ထူးခြားနေပါတယ်။ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး လက်ရှိဝန်ကြီးချုပ်ရာထူးရယူထားတဲ့ ပရာယွတ်ချန်အိုချာ တစ်ယောက် ပြဿနာဖြစ်နေပါတယ်။ စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးကနေ ဝန်ကြီးချုပ်အဖြစ်မှ ယာယီရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။
ထိုင်းစစ်တပ်ဟာ မြန်မာစစ်တပ်လိုပဲ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ပါတယ်။ ထိုင်းစစ်တပ်အာဏာသိမ်းခဲ့တဲ့ အကြိမ်ပေါင်း ၁၉ ကြိမ်နီပါးရှိခဲ့ပါတယ်။ မြန်မာနိုင်ငံထက် အာဏာသိမ်းတဲ့အကြိမ်အရေအတွက် ပိုများပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံရဲ့အခြေအနေဟာ စုတ်ချာနိမ့်ကျသွားတာမျိုး မရှိခဲ့ပါဘူး။ စစ်တပ်က အာဏာသိမ်းလည်း ခဏပါပဲ။ ထိုင်းနိုင်ငံမှာ လည်ပတ်နေတဲ့ ယန္တရားအားလုံးနဲ့ အခြေခံအဆောက်အအုံတွေကို ထိခိုက်ရပ်တန့်သွားခြင်းမရှိခဲ့ပါဘူး။ အာဏာခွဲဝေမှုဆိုင်ရာ အကျပ်အတည်း မကြာခဏတွေ့ကြုံရသည့်တိုင် စီးပွားရေးယန္တရား၊ ပညာရေးယန္တရား တို့မှာ အထိုင်မပျက် လည်ပတ်တိုးတက်နေတာကို တွေ့ရပါတယ်။
အပေါ်ယံ တွေးကြည့်လိုက်ရင်တော့ အဖြစ်အပျက်တွေဟာ တူသယောင်ယောင် ရှိပေမယ့်၊ အခြေခံအဆောက်အအုံတွေကို ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့တဲ့ သမိုင်းနောက်ခံ ကွဲပြားမှုရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ နှစ်နိုင်ငံရဲ့ အတိတ်နဲ့ ပစ္စုပ္ပန် သမိုင်းအချက်အလက်များ ရှာဖွေတွေ့ရှိမှုကို ချိန်ထိုးသုံးသပ်နိုင်ဖို့ဝေမျှ ပေးချင်ပါတယ်။ စာဖတ်သူတွေ အနေနဲ့လည်း ရှုထောင့်သစ် အတွေးသစ်တွေ ရနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
*အတိတ်မှာ ကျင့်သုံးခဲ့တဲ့ ဘုရင်စနစ်ကွာခြားချက်များ*
ထိုင်းနဲ့မြန်မာတို့ဟာ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖြတ်သန်းခဲ့ကြရသလို ရာဇဝင်အကြွေးတွေနဲ့လည်း မကင်းကြပါဘူး။ ၁၇၆၇ ခုနှစ်မှာ အယုဒ္ဓယ ကို မြန်မာတပ်တွေကဖျက်ဆီးပြီး ထိုင်းဘုရင်နဲ့မိသားစုကို
အင်းဝဆီသို့ ခေါ်ဆောင်လာခဲ့ပါတယ်။ မြန်မာအုပ်စိုးမှုကို တွန်းလှန်ခဲ့တဲ့ တက်ပြည်နယ်ဘုရင်ခံ ဖယားတက်ဆင် ကို ကွပ်မျက်ပြီး တက်ဆင်ရဲ့ ညာလက်ရုံးဖြစ်တဲ့ ကျောက်ဖယားချက္ကရီ ကို နန်းတင်ပါတယ်။ ချက္ကရီမင်းဆက်ကိုစတင်ပြီး ဘန်ကောက်မြို့ကိုတည်ထောင်ပါတယ်။
ထိုင်းနဲ့မြန်မာကြားစစ်ပွဲတွေဟာ ၁၈၅၅ ခုနှစ် မင်းတုန်းမင်း နဲ့ မောင်းကွတ်ဘုရင်တွေလက်ထက်အထိ ဖြစ်ပွားခဲ့တာကိုတွေ့ရပါတယ်။
ထိုင်းဘုရင်များစွာထဲက ပြုပြင်ပြောင်းလဲရေးမှာ ဉာဏ်အမြော်အမြင်ကြီးခဲ့ကြတဲ့ ဘုရင်နှစ်ပါးမှာ ထင်ရှားပါတယ်။
စတုတ္ထရာမ လို့ခေါ်တဲ့ မောင်းကွတ်ဘုရင်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေ စတင်ခဲ့ပါတယ်။ ဗြိတိသျှဆရာမငှားပြီး သူ့သားတော်တွေကို စာသင်စေပါတယ်။ ဗြိတိန်နဲ့ ဘောင်းရင်းစာချုပ် ချုပ်ဆိုလိုက်ရတဲ့အတွက် ဘုရင်အစိုးရ အခွန်ငွေတွေလျော့ကျခဲ့သော်လည်း တိုင်းပြည်စီးပွားရေး တိုးတက်ခဲ့ပါတယ်။ တခြားစက်ရုံတွေနဲ့အတူ ဆန်စက်တွေ ဖြစ်ထွန်းလာပါတယ်။ ဆန်တင်ပို့မှုတိုးတက်လာခဲ့သလို လမ်းတွေဖောက် ၊ တံတားတွေဆောက်၊ တူးမြောင်းတွေဖော်ခဲ့ပြီး ဒင်္ဂါးသွန်းစနစ်လည်းစတင်ခဲ့ပါတယ်။
နောက်ဘုရင်တစ်ပါးကတော့ ပဉ္စမရာမဘုရင်လို့ခေါ်တဲ့ ချူလာလောင်ကွန်းဖြစ်ပါတယ်။ သူ့ကိုဂုဏ်ပြုပြီးအမည်ပေးခဲ့တဲ့ ချူလာလောင်ကွန်းတက္ကသိုလ်ဟာ အခုချိန်အထိ ထိုင်းနိုင်ငံရဲ့ ဂုဏ်ကိုဆောင်နေဆဲဖြစ်ပါတယ်။ ဘုရင်ချူလာလောင်ကွန်းဟာ ထိုင်းပဒေသရာဇ်ရဲ့ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးနဲ့ အတူ စစ်တပ်ကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ခဲ့ပါတယ်။ ၁၈၈၇ ခုနှစ်မှာ ထိုင်းဘုရင်စစ်ကျောင်းကို တည်ထောင်ပါတယ်။ ၁၈၉၂ ခုနှစ်မှာ အစိုးရဝန်ကြီးဌာနတွေ စဖွဲ့ပါတယ်။ ကျေးကျွန်စနစ်ကို ဖျက်သိမ်းပြီး မြေယာစနစ်ကို ပြုပြင်ပါတယ်။ ချူလာလောင်ကွန်းကိုယ်တိုင်က အိန္ဒိယ ရဲ့အုပ်ချုပ်ရေးကို လေ့လာသလို၊ ဂျာဗားကျွန်းရဲ့စီမံအုပ်ချုပ်ပုံကိုလည်း မျက်ခြေမပြတ်ခဲ့ပါဘူး။ သားတော်တွေကိုလည်း ဗြိတိန်အထိ စေလွှတ်ပြီး ပညာသင်ကြားစေပါတယ်။ တစ်ချက်ပြောစရာရှိတာကတော့ သူ့လက်ထက်မှာ ဂျပန်နိုင်ငံလို စည်းမျဥ်းခံဘုရင်စနစ်ကို ပြောင်းလဲကျင့်သုံးဖို့ အကြံပေးတောင်းဆိုမှုတွေကိုတော့ ချူလာလောင်ကွန်းအနေနဲ့ လိုက်လျောခဲ့ခြင်းမရှိပါဘူး။
ထိုင်းနဲ့ ခေတ်ပြိုင် မြန်မာဘုရင်တွေမှာတော့ ဦးစီဦးဆောင်စိတ်နဲ့ ပြုပြင်ပြောင်းလဲမှုလုပ်တာမတွေ့ရပါဘူး။ အိမ်ရှေ့မင်းသားက ဦးစီးဦးဆောင်ပြုပြီး ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီတိုးတက်ရေးကို ကြိုးပမ်းခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း မင်းတုန်းမင်းရဲ့ညီတော် အိမ်ရှေ့စံကနောင်မင်းသားကြီးပဲဖြစ်ပါတယ်။ ကနောင်မင်းသားအစီအမံနဲ့ မင်းညီမင်းသားတွေကို နိုင်ငံခြားပညာတော်သင်လွှတ်ပါတယ်။ အဲ့ဒီအချိန်ကအောက်ဗမာပြည်ကို ဗြိတိသျှ တို့သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။ ဖန်စက်၊ သံရည်ကျိုစက်၊ ဒင်္ဂါးစက် နဲ့လက်နက်စက်ရုံတွေတည်ပါတယ်။ ရေမြုပ်ဗုံးကိုပါတီထွင်စမ်းသပ်နိုင်ခဲ့ပါတယ်။ သတ္တဝါတွေသေကျေပျက်ဆီးစေတဲ့ အယူအဆနဲ့ မင်းတုန်းမင်းရဲ့တားမြစ်ခြင်းကို ခံခဲ့ရပါတယ်။ တချို့အင်္ဂလိပ်မှတ်တမ်းတွေမှာတော့ ကနောင်မင်းသားအနေနဲ့ တိတ်တဆိတ်စမ်းသပ်မှုတွေဆက်ပြီးပြုလုပ်နေတဲ့အထောက်အထားတွေ တွေ့ရတယ်လို့ဆိုထားပါတယ်။
ဦးဘိုးလှိုင်ဟာ ဂဏာန်းသင်္ချာကျမ်း၊ ကြေးနန်းရိုက်နည်းကျမ်း၊ ခန္ဓာဗေဒကျမ်းတွေကို မြန်မာပြန်ဆိုရေးသားခဲ့ပါတယ်။ ရာဇဓမ္မသင်္ဂဟကျမ်း ကိုလည်း ရေးသားပြီး သီပေါမင်းထံဆက်သခဲ့ပါတယ်။ ရာဇဓမ္မသင်္ဂဟကျမ်းဟာ အနောက်တိုင်းနိုင်ငံများရဲ့ နိုင်ငံရေး၊အုပ်ချုပ်ရေးအတွေးအခေါ် (ဗြိတိသျှပါလီမန်စနစ်) ကို မှီငြမ်းကိုးကားရေးသားထားခြင်းဖြစ်ပါတယ်။ မြန်မာဘုရင်အုပ်ချုပ်ရေးအတွေးအခေါ်ဟောင်းကို တော်လှန်ထားတဲ့ ကျမ်းတစ်စောင်ဖြစ်ပါတယ်။ သီပေါမင်းနဲ့ စုဘုရားလတ် တို့ကတော့ သဘောကျနှစ်ခြိုက်ခြင်းမရှိခဲ့ပါဘူး။ ဘုရင်မင်းမြတ်ရဲ့ အာဏာနဲ့ ဘဏ္ဍာငွေသုံးစွဲမှုတွေကို ကန့်သတ်ဖို့ ကြိုးစားလာခြင်းလို့ မြင်တော်မူပါတယ်။ ရာဇဓမ္မသင်္ဂဟကျမ်းကို တင်သွင်းတော်မူပြီး ရက်ပေါင်း၅၀ကြာတဲ့အခါမှာတော့ ယောအတွင်းဝန်ဦးဘိုးလှိုင်တစ်ယောက် ရာထူးချခြင်း ခံရပါတော့တယ်။
ဒီနေရာမှာ အုပ်ချုပ်သူတွေရဲ့ ဉာဏ်ပညာအတွေးအခေါ်က အများကြီးစကားပြောပါတယ်။ ထိုင်းဘုရင်နန်းတွင်းရေးကလည်း ရှုပ်ထွေးမှုမကင်းပါဘူး။ ဒါပေမယ့် မြန်မာ့နန်းတွင်းရေးက ပိုမိုရှုပ်ထွေးပြီး အာဏာရဖို့အတွက် အစုလိုက်အပြုံလိုက်ရက်စက်စွာ သတ်ဖြတ်တာကို တွေ့ရမှာပါ။ တိုင်းသူပြည်သားတို့က မင်းလောင်းကိုမျှော်တတ်ကြသလို အုပ်စိုးသူတွေကလည်း သူ့အာဏာကို လုယူမယ့် မင်းလောင်းပေါ်ပြီဆိုတဲ့သတင်းကြားတာနဲ့ ဆွေစဥ်မျိုးဆက် ကိစ္စတုံးအစဖျောက်တတ်ပါတယ်။ ဉာဏ်ပညာထက်မြက်ပြီး ပြုပြင်ပြောင်းလဲရေးကို လိုလားသူများ နေရာမရတတ်သလို၊ သက်ဆိုးမရှည်ဘဲ လုပ်ကြံသတ်ဖြတ်ခံရခြင်းကလည်း ဓလေ့တစ်ခုလို စွဲကပ်ခဲ့ပါတယ်။
ကနောင်မင်းသားကြီး လုပ်ကြံခံရသလို ယောအတွင်းဝန်ဦးဘိုးလှိုင်လို ရာထူးကျတဲ့အဖြစ်တွေဟာ ခေတ်အဆက်ဆက်မှာ မပြတ်ဖြစ်ပွားခဲ့ပါတယ်။
* ကိုလိုနီဖြစ်ခဲ့ရခြင်းကလည်း အကြောင်းအရင်းတစ်ခုဖြစ်တယ်*
အာဏာသိမ်းခြင်း ကြိမ်ပေါင်းများစွာဖြစ်ခဲ့ပေမယ့် အရှေ့တောင်အာရှမှာ ကိုလိုနီ မဖြစ်ခဲ့တဲ့နိုင်ငံဟာထိုင်းနိုင်ငံဖြစ်နေပြန်ပါတယ်။ ဒီအချက်ကလည်း တိုင်းပြည်ကို ဦးဆောင်အုပ်စိုးသူများရဲ့ စိတ်ရှည်သည်းခံမှုနဲ့ ဉာဏ်အမြော်အမြင်ကြီးပြီူ ပရိယာယ်ကြွယ်ဝမှုကြောင့်လို့ မှတ်ချက်ပြုနိုင်ပါတယ်။
ထိုင်းရာဇဝင်မှာတော့ မြန်မာဘုရင်ရဲ့အုပ်စိုးခြင်းကိုသာ ခံခဲ့ရဖူးပါတယ်။ ဒီအချက်ကို သားစဥ်မြေးဆက်လက်ဆင့်ကမ်း ခဲ့တာလည်း တွေ့ရပါတယ်။
ဗြိတိသျှတို့ရဲ့ သိမ်းပိုက်တာခံရခြင်းနဲ့အတူ မြန်မာဘုရင်စနစ်လည်း ပျက်သုဥ်းနိဂုံးချုပ်ခဲ့ပါတယ်။
ထိုင်းဘုရင်စနစ်ကတော့ ဒီနေ့အထိ တည်တံ့နေခဲ့သလို မည်သည့်ကိုလိုနီမျှ မဖြစ်ခဲ့တာကိုတွေ့ရပါတယ်။
ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဟာ တတိယရာမဘုရင်လက်ထက်မှာ ဖြစ်ပွားခဲ့တာပါ။ ထိုင်းနဲ့ကပ်နေတဲ့ တနင်္သာရီကို ဗြိတိသျှတို့သိမ်းပိုက်ပါတယ်။ တနင်္သာရီကိုသိမ်းတဲ့စစ်ပွဲမှာ ထိုင်းတပ်တွေဟာ ဗြိတိသျှဘက်ကနေ ကူတိုက်ခဲ့ပါတယ်။ မြန်မာ့တပ်တွေကိုဝိုင်းဝန်းတိုက်ခိုက်ဖို့ တပ်တွေနဲ့အတူဆင်တွေကို စစ်ကူလွှတ်ခဲ့ပါတယ်။ ဗြိတိသျှတို့နဲ့ သင့်တင့်အောင်ပေါင်းပြီး စီးပွားရေးစာချုပ်တွေကို အလျော့ပေးချုပ်ဆိုခဲ့ပါတယ်။
ပြင်သစ်တို့ရဲ့ ကျူးကျော်ရန်စမှုကိုလည်း လိမ္မာပါးနပ်စွာရှောင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဗြိတိသျှကိုလိုနီရော ပြင်သစ်ကိုလိုနီပါ မဖြစ်ခဲ့ပါဘူး။ ပထမကမ္ဘာစစ်ဖြစ်တော့ ထိုင်းတပ်တွေဟာ ဗြိတိန်နဲ့ မဟာမိတ်တွေဘက်ကနေ လွတ်လပ်တဲ့နိုင်ငံအနေနဲ့ ကူတိုက်ပေးခဲ့ပါသေးတယ်။ မြန်မာကတော့ ဗြိတိသျှကိုလိုနီအောက်နှစ်ပေါင်းရာကျော် ကျရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာလည်း ထိုင်းဟာ မြန်မာနဲ့အတူ ဖက်ဆစ်ဂျပန်ကို ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ မြန်မာကတော့ အခြေအနေအရ ဂျပန်အုပ်ချုပ်မှုအောက် ကျရောက်ခဲ့တယ်။ ထိုင်းကတော့ ဖက်ဆစ်ဂျပန်နဲ့ လိုက်လျောညီထွေအောင်ဆက်ဆံခဲ့တာ ကြောင့် သိမ်းပိုက်ခံရခြင်း မရှိပါဘူး။ ဂျပန်နဲ့ဆက်ဆံရေးအဆင်ပြေလွန်းလို့ ရှမ်းပြည်က ကျိုင်းတုံနဲ့ မိုင်းပန် နှစ်နယ်ကို ထိုင်းတို့လက်ဆောင် ရလိုက်ပါသေးတယ်။ လာအိုနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကိုလည်း စစ်ကြီးပြီးတဲ့အထိ ထိုင်းတို့ သိမ်းယူထားနိုင်တာကို တွေ့ရပါတယ်။
ဘုန်းသွေးနီ
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
– ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မ သင်္ဂဟကျမ်း ( မောင်ထင် )
– တို့ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ
( ဒေါက်တာမောင်မောင်)
– တပ်ပြုပြင်ပြောင်းလဲရေး
( လှကျော်ဇော)
-သွေးမော်ကွန်း
( ရှစ်လေးလုံးပြတိုက်ဖြစ်မြောက်ရေးကော်မတီ)
– ကျွန်တော်သိသော တစ်ရံရောအခါများ
( ကိုကိုမောင်ကြီး)
– ကိုလိုနီခေတ် မြန်မာသမိုင်းအဘိဓါန်
(မြဟန် )
– မြန်မာ့ ရက်စဥ်သမိုင်း
( ဒုတိယတွဲ )
-Bangkok Post ပါ ဆောင်းပါး
-Channel News Asia အင်တာဗျူး
-Nikkei Asia Review ပါ ဆောင်းပါး
– CNN, VOA, BBC တို့၏
သတင်းထုတ်လွှင့်ချက်များ
– မိမိကိုယ်ပိုင်မှတ်စုများတို့မှ ကိုးကားထုတ်နှုတ်၍
ရေးသားထားခြင်း ဖြစ်ပါသည်။ }