အယ်ဒီတာ့အာဘော်

2022 November (1)

ဆူးကြားက ရွေးကောက်ပွဲ

မြန်မာ့သမိုင်းတွင် ဆိုရိုးစကား တစ်ခုရှိသည်။ ဆူးကြားက ဗူးခါးဟူ၍။ ကျဉ်းထဲကြပ်ထဲ ရောက်ရှိချိန်၊ မလူးသာ မလွန့်သာ အခြေအနေမျိုးတွင် သုံးလေ့ရှိကြသည်။ လာမည့် ၂၀၂၃ သြဂုတ်လတွင် စစ်ကောင်စီက ကျင်းပရန် စီစဉ်ထားသည့် အထွေထွေ ရွေးကောက်ပွဲသည်လည်း ထို ဆိုရိုးစကားအတိုင်းပင်နည်းနှင်နှင် ဖြစ်ပေလိမ့်မည်။

ကျင်းပရန် မဲဆန္ဒနယ် အများစုတွင်လည်း တိုက်ပွဲများ အရှိန်မြင့်နေလေရာ ရွေးကောက်ပွဲကို မည်ကဲ့သို့ ကျင်းပမည် ဆိုသည်မှာ စိတ်ဝင်စားဖို့ ကောင်းလှသည်။ စစ်ကောင်စီအနေဖြင့်လည်း ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပနိုင်မှ ရမည့်အနေအထားသို့ ရောက်ရှိ နေခြင်းကလည်း ၎င်းတို့အတွက် dilemma တစ်ခုကို ဖြစ်စေသည်။

လက်ရှိ အာဏာသိမ်းပြီး နှစ်နှစ်နီးပါး ကာလအတွင်း စစ်ကောင်စီ၏ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရာတွင် အစိုးရတစ်ရပ်ကဲ့သို့ ဆက်ဆံခံရမှုမျိုး၊ ပြည်တွင်းတွင်လည်း နိုင်ငံရေးအရ ဆက်ဆံရာတွင် ခေါင်းတလုံး နိမ့်နေသည့် အနေအထားမျိုး ရင်ဆိုင်နေရခြင်းကို စစ်ကောင်စီ ခေါင်းဆောင် အနေဖြင့် ခံပြင်းနေမည် ဖြစ်ရာ ရွေးကောက်ပွဲသည်သာ Legitimacy ရရှိနိုင်မည့် တခုတည်းသော နိုင်ငံရေးထွက်ပေါက် အနေဖြင့် အားသွန်ခွန်စိုက် ဖြစ်မြောက်အောင် လုပ်မည်ဆိုသည်မှာ မလွဲပါ။

သို့သော် ၎င်းအနေဖြင့် ပြည်သူလူထု ကန့်ကွက်မှုများ၊ မငြိမ်းချမ်းသည့်နေရာများ၊ ရွေးကောက်ပွဲအတွက် ကူညီပေးမည့် resources ရှားပါးမှုများ၊ ပြည်သူနှင့် နိုင်ငံတကာက တန်ဖိုးထားသည့် နိုင်ငံရေးပါတီ များ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ရှိ မရှိ မသေချာမှုများနှင့် ရွေးကောက်ပွဲအား ဆန့်ကျင်မည့် လက်နက်ကိုင် အဖွဲ့များကြားတွင် ၎င်းအနေဖြင့် ဗျာများကာ ကျဉ်းထဲကြပ်ထဲ ရောက်ရှိပြီး ဆုပ်လည်းဆူး စားလည်းရူး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သုံးသပ်မိပါသည်။

အယ်ဒီတာ

နိုဝင်ဘာ