အယ်ဒီတာ့အာဘော်

2022 September (2)

စေ့စပ်ညှိနှိုင်းမှု မရှိခြင်း၏ ဘေးထွက်ဆိုးကျိုး

၁၉၅၈-၅၉ ခုနှစ်တွင် စစ်တပ်အနေဖြင့်စစ်တပ်သည် အိမ်စောင့်အစိုးရအမည်ဖြင့် (နိုင်ငံတော်)အာဏာ (လွှဲ)ယူပြီး ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ် လွတ်လပ်ရေးရပြီးစ ဒီမိုကရေစီစနစ် အစပျိုးနေသော နိုင်ငံတော်ကို စစ်အာဏာသိမ်းမှုဖြင့် မိတ်ဆက်ခဲ့သည်။

ဖဆပလအကွဲအပြဲသည် လူထုကို နိုင်ငံရေးအားစိတ်ပျက်စေမှုနှင့်အတူ နိုင်ငံရေးသမားများ အစွန်းရောက် ဝါဒစွဲများက စစ်အာဏာရှင်အတွက် အခွင့်သာခဲ့သည်။ ဗိုလ်နေဝင်းအနေဖြင့် ၎င်း၏နိုင်ငံတော် အာဏာသိမ်းမှုလုပ်ငန်းစဉ်တွင် ကြီးကြီးမားမား ဆန့်ကျင်မှုများနှင့် မကြုံခဲ့ရ။ သို့သော် နိုင်ငံအတွင်း လက်ဝဲဝါဒ  လွှမ်းမိုးမှုနှင့် လက်ဝဲဝါဒီတို့၏ ဆန့်ကျင်မှုက အဆက်မပြတ်ခဲ့။ ၁၉၇၄, ၁၉၇၅, ၁၉၇၆ စသည့် အရေးအခင်း များသည် စစ်အာဏာရှင်ကိုအကြွင်းမဲ့ဆန့်ကျင်သည့် ပြယုဒ်ဖြစ်ခဲ့သည်။ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုသည်ကား ယိမ်းယိုင်စပြုနေသော မြန်မာ့စီးပွားရေးနှင့်အတူ အခြေခိုင်မာနေသော မဆလပါတီကြီး ပြိုလဲခဲ့သည်အထိ  ပြင်းထန်ခဲ့သည်။ ဒီမိုကရေစီ တောင်းဆိုမှုနှင့်အစပြုပြီးနောက် ဖက်ဒရယ်ပြည်ထောင်စုအထိ ပါတောင်းဆိုမှုများ ရှိလာခဲ့သည်။ ဝါဒရေးရာလွှမ်းမိုးမှုများက မှေးမှိန်စပြုလာခဲ့သည်။ စစ်အာဏာရှင်တို့၏ ထုံးစံအတိုင်း ထပ်မံ အာဏာသိမ်းခဲ့သည်။ သည့်နောက် ၁၉၉၁ ဒီဇင်ဘာ နိုဘယ်ငြိမ်းချမ်းရေးလှုပ်ရှားမှု, ၁၉၉၆-၉၇ ကျောင်းသား လှုပ်ရှားမှုမှသည် ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်ရှားမှုအထိ ဒီမိုကရေစီလှုပ်ရှားမှုများစဉ်ဆက်မပြတ်ရှိခဲ့သည်။ စစ်အာဏာရှင်တို့သည် ၎င်းတို့စိတ်ကြိုက်ရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံနှင့်အတူ ၂၀၁၀ ရွေးကောက်ပွဲဖြင့် နိုင်ငံတော်အာဏာကိုတစ်နည်းတစ်ဖုံ ဆက်လက်ထိန်းချုပ်ထားရန်ကြိုးပမ်းခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ် နှင့်အတူ ပေါ်ထွက်လာသော အတိုက်အခံ NLDအစိုးရလက်ထက် တစ်စိတ်တစ်ပိုင်း ရရှိခဲ့သော ဒီမိုကရေစီ အခွင့်အရေးများကလူထုအတွက်အနည်းငယ်ကျေနပ်စရာ။ သို့သော် ၂၀၂၁ စစ်အာဏာရှင်၏ ထပ်မံအာဏာသိမ်းမှု နောက်တွင် ဆုံးရှံးသွားသော ဒီမိုကရေစီအခွင့်အရေးအတွက် ပြန်လည်တောင်းယူသော မျိုးဆက်သစ်တို့၏ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများက ၁၉၈၈ လူထုအုံကြွကဲ့သို့ ပြင်းထန်လှသည်။ လုယူခံရသည့် အခွင့်အရေးများအတွက် မျိုးဆက်သစ်တို့ ခံပြင်းနာကျဉ်းခဲ့ကြသည်။ ငြိမ်းချမ်းစွာဆန္ဒပြမှုကို အကြမ်းဖက်နှိပ်နှင်းခြင်းခံရသည့်အခါ ပထမမိမိကိုယ်ကိုခုခံကာကွယ်မှုဆိုသော အစီအစဉ်မှသည် လက်နက်ကိုင်တော်လှန်မှုသို့လျှင်မြန်စွာကူးပြောင်းခဲ့ကြသည်။ ဤတော်လှန်ရေးတွင် အဓိကပါဝင်ခဲ့သည့် လူငယ်မျိုးဆက်များတွင် အစွန်းရောက် နိုင်ငံရေးဝါဒစွဲမရှိ၊ လွတ်လပ်မှုကို ချေဖျက်ခံရပြီး ရက်စက်သော ဖိနှိပ်မှုကို ပေးသော စစ်အာဏာရှင်တို့အား အပြီးသတ်ချေမှုန်းလိုသော ဆန္ဒသာရှိနေကြ၏။ သည့်အတွက်စေ့စပ်ညှိနှိုင်းမှု ဆိုသည့် ပဋိပက္ခများတွင် ကြားခံဆောင်ရွက်တတ်သည့်နည်းလမ်းကို လက်မခံ။ တစ်ဖက်မှာလည်းအာဏာရမက် လွှမ်းခြုံမှုက အထွဋ်အထိပ်၊ဤအခြေအနေကား အပြီးသတ်နှစ်ဖက်စလုံး အောင်မြင်ပြီးမြောက်နိုင်မည့် (Win – Win )ဖြစ်ရန်လမ်းစရှာမတွေ့ တစ်ဖက်က လုံးဝပျက်သုန်းပြီး  တစ်ဖက်က အပြီးသတ်အောင်ပွဲခံမည့် (Win –Lose)အခြေသို့သာ ဦးတည်ခဲ့လေပြီ။ သို့အတွက်တိုင်းပြည်၏ နယ်ပယ်အများစု ပြာပုံဖြစ်တော့မည်။ ဤအခြေအနေ မရောက်ခင်အပြောင်းအလဲကိုကြားခံဆောင်ရွက်ပေးနိုင်သောသူ (သို့မဟုတ်) အဖွဲ့အစည်းများ ပေါ်ပေါက် လာလေမည်လား မျှော်တွေးမိသည်။

အယ်ဒီတာ

စက်တင်ဘာ