အယ်ဒီတာ့အာဘော်

2022 September (1)

မြန်မာနိုင်ငံ၏ အနာဂါတ်နှင့် အကြမ်းဖက်မှု

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် နိုင်ငံရေး မတည်ငြိမ်မှုများ နှင့် စတင်ကြုံတွေ့ခဲ့ရသည်။ ကိုယ်ပိုင်လွတ်လပ်ခွင့်အခြေပြု တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ပေါ်ပေါက်လာသကဲ့သို့ အတွေးအခေါ်အခြေပြု ဗမာတိုင်းရင်းသားများ ဦးဆောင်သော လက်နက်ကိုင်အဖွဲ့များလည်း ပေါ်ပေါက်လာခဲ့သည်။ တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့များသည် ယခုအချိန်အထိ စဉ်ဆက်မပြတ်ဗမာအခြေပြုအစိုးရကို တော်လှန်နေခဲ့သော်လည်း ဗမာတိုင်းရင်းသားအများ စုဦးဆောင်သော လက်နက်ကိုင်အဖွဲ့များသည် စဉ်ဆက်မပြတ်တော်လှန်ရေးကို မဆောင်ရွက်နိုင်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ၂၀၂၁ ခုနှစ်တွင်ပေါ်ပေါက်ခဲ့သော စစ်အာဏာသိမ်းအစိုးရကို ဆန့်ကျင်မှုသည် ယခင်အာဏာရှင်ကို ဆန့်ကျင်မှုများ နှင့်မတူပဲ နိုင်ငံရေးအရဆန့်ကျင်ဆန္ဒပြမှုဆီမှ လက်နက်ကိုင်ဆန့်ကျင်မှုဆီသို့ တစ်နိုင်ငံလုံးအနှံ့ လျှင်မြန်စွာ ပြောင်းလဲသွားခြင်းဖြစ်သည်။ ယခုအချိန်တွင် ၎င်းပြောင်းလဲမှုသည် အကြမ်းဖက်မှုဟု အဓိပ္ပါယ်ဖွင့်ဆိုထားသော အသွင်သဏ္ဍာန်များကိုပါ စိတ်ပါလက်ပါကျူးလွန်လာသည်ကိုတွေ့မြင်ရသည်။မြန်မာနိုင်ငံတွင် နိုင်ငံတော်အာဏာ ကို လက်နက်အားကိုးဖြင့် သိမ်းယူထားသော စစ်တပ်ဦးဆောင်သော အင်အားစုများနှင့် ၎င်းတို့ကိုဆန့်ကျင်နေသော ဒီမိုကရေစီလက်နက်ကိုင်အင်အားစုများအကြား အပြန်အလှန်တိုက်ခိုက်မှုသည် လက်နက်မဲ့ အရပ်သားများကိုပါ ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံသတ်ဖြတ်သည့် အဆင့်သို့ ရောက်ရှိနေသည်။ မြန်မာနိုင်ငံ၏ သတင်းစာ၊ဂျာနယ်၊ ရုပ်သံသတင်းနှင့် ဆိုရှယ်မီဒီယာပေါ်တွင် အကြမ်းဖက်မှု ဆိုသော စကားလုံးသည် အလွန်ရေပန်းစားလာသည်။ အကြမ်းဖက်မှုဆိုသည်မှာ အထူးသဖြင့် အပြစ်မဲ့၊ လက်နက်မဲ့ ပြည်သူများကို ဥပဒေမဲ့ အကြမ်းဖက် ချိန်းခြောက်သောနည်းဖြင့် မိမိတို့၏ နိုင်ငံရေး ရည်ရွယ်ချက်များကို အောင်မြင်စွာ အကောင်အထည် ဖေါ်နိုင်ရန် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဤကဲ့သို့သောလုပ်ရပ်များသည် လူအဖွဲ့အစည်းတစ်ခုအတွင်းတွင် တည်ရှိလေ့ရှိသော မတူကွဲပြားသည့် ယုံကြည်မှုကို လွတ်လပ်စွာ ကိုင်စွဲထားပိုင်ခွင့်ကို အလုံးစုံပျက်သုံးစေသည် သာမက လက်နက်ကိုင်တိုက်ခိုက်သူများတွင် ထားရှိရမည့် တစ်ဖက်နှင့်တစ်ဖက်ထိတွေ့မှုအခြေအနေ စည်မျဉ်း စည်းကမ်းများကိုပါ ပေါ်ပေါ်ထင်ထင်ချိုးဖေါက်ခြင်း ဖြစ်သည်။ ဤရလဒ်က လူ့အဖွဲ့အစည်းအတွင်း စေ့စပ်ဖြေရှင်း ၍ မရနိုင်သော အမုန်းတရားနှင့်အတူ ပေါက်ပွားလာမည့် အပြန်အလှန် လက်စားချေမှုများ ဖြစ်လာပါသည်။ လက်နက်မဲ့ ပြည်သူများကို ဥပဒေမဲ့ လုပ်ကြံသတ်ဖြတ်ခြင်းသည် မည်သည့် အကြောင်းပြချက် ပေးသည်ဖြစ်စေ အကြမ်းဖက်မှုဟုသာ သတ်မှတ်ရမည်ဖြစ်သည်။ အကြမ်းဖက်မှုသည် ကျူးလွန်ခံရသည့် လူဦးရေ အရေအတွက် နှင့်မဆိုင်ပါ။ ကျူးလွန်သည့် ပုံသဏ္ဍာန်နှင့် ကျူးလွန်ခံရသည့် သူ၏ အခြေအနေနှင့်သာ ဆိုင်မည်ဖြစ်သည်။ မည်သည့်ဘက်ကနိုင်သည်ဖြစ်စေ ပဋိပက္ခကာလအတွင်း ကျူးလွန်ခဲ့သော အဖြစ်အပျက်များအထူးသဖြင့် အကြမ်းဖက်မှုများကို နည်းလမ်းကျကျ မဖြေရှင်းနိုင်ပါက မြန်မာနိုင်ငံ၏ လူအဖွဲ့အစည်း အတွင်းတွင် ဆန့်ကျင်ဘက် အုပ်စုကြီး နှစ်ခုအကြား အမုန်းတရားနှင့် ရန်လိုမှုများသည် ဖွဲမီးကဲ့သို့ အတွင်းလှိုက် လောင်ကျွမ်း နေသော အနာဂါတ်နှင့်သာ တွေ့ကြုံရပါလိမ့်မည်။ ၎င်းအခြေအနေကို ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ အကြမ်းဖက်မှုကျူးလွန်ခံရသည့် မည်သူကိုမဆို တရားမျှတမှုပြန်လည်ရှာဖွေပေးခြင်းနှင့် ကျူးလွန်ခဲ့သူများ ကို ဘက်မထားပဲ ဥပဒေအရ အပြစ်ပေးအရေးယူခြင်းသာရှိပါသည်။ ၎င်းကဲ့သို့သော အခြေအနေမျိုး လုပ်ဆောင်နိုင် မြန်မာနိုင်ငံနှင့် နိုင်ငံသူနိုင်ငံသားများအပေါ် အမှန်တကယ်အကျိုးလိုလားသော၊ စေတနာထားသော ခေါင်းဆောင်မျိုး အသွင်ကူးပြောင်းရေးကာလတွင် ပေါ်ပေါက်ရန်လိုအပ်သည်ဟု LAMP အယ်ဒီတာ အဖွဲ့မှ ယုံကြည်မိပါသည်။

အယ်ဒီတာ

စက်တင်ဘာ