၁၈၁၉ ခုနှစ်တွင်မူ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၁၀ ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြီးနောက် အစိုးရများအကြား အာဏာနှစ်ရပ်ပိုင်းခြားမှု ဖက်ဒရယ်စနစ် (Dual Federalism) ကို စတင်ကျင့်သုံးလာရာ ပြည်နယ်နှင့် ပြည်ထောင်စုတို့အကြား အာဏာခွဲဝေမှုမှာ ညီမျှလာပါသည်။ အဆိုပါဖက်ဒရယ်စနစ်က အစိုးရအလွှာအသီးသီးတွင် ကဏ္ဍအလိုက် လုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်ခံရမည့် မူဝါဒများနှင့်ပတ်သက်၍ ရှင်းလင်းစွာ ခွဲဝေပိုင်းခြား သတ်မှတ်ပေးထားသည်။ ယင်းကို ဖက်ဒရယ်၏ လုပ်ပိုင်ခွင့်အာဏာနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်အာဏာတို့အကြား ထိရောက်သည့်ချိန်ခွင်လျှာဖြစ်စေနိုင်သည်ဟူသော ယူဆချက်မှလာသည်။ Dual Federalism ကို Layer Cake Federalism ဟုလည်း ခေါ်ပြီး ၁၇၈၉ ခုနှစ်မှ ၁၉၃၇ ခုနှစ်အထိ အသုံးပြုခဲ့ကြသည်။
ဤစနစ်တွင် အစိုးရတစ်ရပ်စီသည် သီးခြားလုပ်ပိုင်ခွင့် အာဏာများဖြင့် ၎င်းတို့၏ အာဏာကို ကန့်သတ်ထားပြီး ၎င်းတို့အနေဖြင့် တစ်ခြား အစိုးရအလွှာတစ်ခုကို တာဝန်ခံစရာမလိုပေ။ Dual Federalism တွင် ဖက်ဒရယ်နှင့် ပြည်နယ်များကို နှစ်ဘက်လုံးတွင် တိကျသည့်လုပ်ပိုင်ခွင့် အာဏာများ အပ်နှင်းထားပြီး ၎င်းအစိုးရများက မိမိတို့သက်ဆိုင်ရာ ဧရိယာနယ်ပယ်တွင်း၌ အာဏာလွှမ်းမိုးမှုရှိသည်။ ပြည်ထောင်စုအစိုးရက သော်လည်းကောင်း၊ ပြည်နယ်အချင်းချင်းကသော်လည်း လုပ်ပိုင်ခွင့်အာဏာကို ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိချေ။ ဤစနစ်တွင် ပြည်ထောင်စု နှင့် ပြည်နယ်အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းလွန်းပြီး၊ ပြည်နယ်များက ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တိတိပပပြဌာန်းထားသော အာဏာများအပြင် ကျန်အာဏာများကိုလည်း ကျင့်သုံးခွင့်ရှိကြသည်။ ဖက်ဒရယ်၌ လုပ်ပိုင်ခွင့်အာဏာနည်းပါးမှုကြောင့် အခက်အခဲတစ်ချို့ကြုံတွေ့လာခဲ့ရပြီးနောက် အမေရိကန်သမ္မတ ဖရန်ကလင်း ရုစဗဲ့လက်ထက်တွင် ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေအား အနက်အဓိပ္ပယ်ဖွင့်ဆိုချက်များ ပြုလုပ်ကာ ပြည်ထောင်စု၏ လုပ်ပိုင်ခွင့်အာဏာကို ချဲ့ထွင်ပေးနိုင်ရန် ကြိုးပမ်းခဲ့သည်။ ၁၉၂၉ ခုနှစ် အောက်တိုဘာလ ၂၉ရက် စတော့ဈေးကွက် ပြိုလဲခြင်းမှ အစပြုသော ကမ္ဘာ့ စီးပွားပျက်ကပ်ကြီးကြောင့် အမေရိကန်နိုင်ငံ၌ ပူးပေါင်းဆောင်ရွက်သည့် ဖက်ဒရယ်စနစ် (Cooperative Federalism) သို့ ပြောင်းလဲ အသုံးပြုရန် အကြောင်းဖန်လာခဲ့သည်။ ယင်းစနစ်တွင် ယခင်က ပြည်နယ်များက ကြွင်းကျန်အာဏာရယူထားသည့်အပြင် သီးခြားအာဏာများကို ကျင့်သုံးခွင့်ရှိသော်လည်း အရင်းအမြစ်ချို့တဲ့မှုကြောင့် ထင်သလောက်ခရီးမပေါက်နိုင်ခဲ့သဖြင့် ပြည်ထောင် စုက ဝင်ရောက်ပူးပေါင်း ဆောင်ရွက်ပေးခြင်းဖြင့် လုပ်ပိုင်ခွင့်အာဏာများ ဖက်ဒရယ်ထံတဖြည်းဖြည်း ရောက်ရှိသွားခဲ့သည်။
လူမှု့ဖူလုံရေး၊ လမ်းတံတား အခြေခံ အဆောက်အအုံစသည့် ဘုံပြဿနာနှင့် ဘုံအကျိုးစီးပွားများကို ပူးတွဲဖြေရှင်းကြရာမှ ပြည်နယ်၏ အာဏာများ တဖြည်းဖြည်း လျော့နည်းလာခဲ့ခြင်း ဖြစ်သည်။ ၁၉၅၀ နှောင်းပိုင်းမှအစပြုကာ ၁၉၆၀ ပြည့်နှစ်နှောင်းပိုင်း ကာလများအထိတွင် ဖက်ဒရယ်နှင့် ပြည်နယ်များက စီမံကိန်းများကို ပူးတွဲဖေါ်ဆောင်မှုများပြုလုပ်ခဲ့ကြပြီး၊ ဖက်ဒရယ်က ပြည်နယ် များအား ဘဏ္ဍာရေးထောက်ပံ့မှုများ အများအပြားပေးအပ်ခဲ့သည်။ ပူးပေါင်းဆောင်ရွက်မှု ဖက်ဒရယ်စနစ်ကို အခြေခံကာ ဆင့်ပွားလာသည့် တီထွင်ဖန်တီးမှု ဖက်ဒရယ်စနစ် (Creative Federalism) ဟူ၍ပေါ်ပေါက်လာခဲ့ပြီး သမ္မတ လန်ဒန် ဂျွန်ဆင် Lyndon Johnson (1963-69) လက်ထက်တွင် ၎င်းစနစ်က အထွဋ်အထိပ် အောင်မြင်မှုများရရှိခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်မှု ဖက်ဒရယ်စနစ်ကို အစားထိုးသည့် တီထွင်ဖန်တီးမှုဖက်ဒရယ်စနစ်အရ ဖက်ဒရယ်အစိုးရသည် ပြည်နယ်များအား ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများနှင့်အတူ ပြည်နယ်အစိုးရ၏ ကျန်းမာ ရေးစောင့်ရှောက်မှု၊ ပညာရေးစသည့်ကဏ္ဍများတွင် လုပ်ပိုင်ခွင့်အာဏာများအား တိုးချဲ့နေရာယူလာ ခဲ့သည်။ တီထွင်ဖန်တီးမှုရ ဖက်ဒရယ်စနစ်၏ ပုံစံကွဲတစ်ခုဖြစ်သည့် Picket-fence federalism သည် ဒေသန္တရအဆင့်မှ အမျိုးသားအဆင့်အထိ အစိုးရ အလွှာအဆင့်အားလုံးပါဝင်ပြီး ဤစနစ်ရှိ အစိုးရအဆင့်တစ်ခုစီသည် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အိမ်ရာစီမံကိန်းနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးစသည့်ကိစ္စများအပေါ် အတူတကွ လုပ်ဆောင်ကြသည်။
-K.L-