2022 August 1
“ရွှေပြည်တော်မျှော်တိုင်းဝေး”
လူ့လောကနယ်ပယ်တွင် အချို့သော လုပ်ငန်းများက အပြောလွယ်သလောက် လုပ်ရခက်ခဲလှသည်။ “နိုင်ငံတော်တည်ထောင်ခြင်း” ဟူသည့် လုပ်ငန်းအတွက်ကား ဆိုဖွယ်ရာပင် မရှိ။ လူမျိုး၊ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ မတူသော လူမျိုးများအကြား ညီညွတ်အေးချမ်းသည့် “နိုင်ငံတော်တစ်ခု” ဖြစ်တည်ရန်မှာ အတော်အားစိုက်ရသည့် လုပ်ငန်းကြီး ဖြစ်ပေသည်။ အချို့သော နိုင်ငံကြီးများတွင် လူမျိုးဓလေ့ထုံးတမ်း မတူသော်လည်း နယ်ပယ်အနှံ့ နေထိုင်နေသည့်အတွက် နယ်ပယ်(ဝါ) ပြည်နယ်အလိုက် (အာဏာခွဲဝေ၍) Federal State ကိုထူထောင်နေထိုင်ကြသည်မှာအဆင် ပြေလှသည် မဟုတ်သော်လည်း ပြဿနာတော့ ကြီးကြီးမားမား မရှိလှ။ မြန်မာနိုင်ငံကဲ့သို့သော လူမျိုး၊ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု တူသူများ စုပေါင်းနေထိုင်သည့် ကွဲပြားနေသော ပြည်နယ်များကို စုပေါင်း၍ “Federal State” ထူထောင်ရန်မှာ ခက်ခဲလှသည်။ အရင်းအမြစ်ခွဲဝေမှု၊ အာဏာခွဲဝေမှုစသည့် နယ်ပယ်တိုင်းအတွက် ပြဿနာများက ကြီးမားလှသည်။ ၁၉၄၇ နောက်ပိုင်းကတည်းက ပေါ်ပေါက်လာခဲ့သည့် လူမျိုးစုများနှင့် ဗမာလူမျိုးစုကြီးကြား ပြဿနာများက ယနေ့တိုင် မပြေလည်သေးပေ။ ဖယ်ဒရယ်ပြည်ထောင်စုကို ကြွေးကျော်တည်ဆောက်ရန် ကြိုးပမ်းမှုများလည်း ရှိခဲ့၏ ဟန်ပြကြွေးကျော်မှုများလည်း ရှိခဲ့၏။ ယနေ့ထက်တိုင် အကောင်အထည် မပေါ်သေးပေ။ ဖယ်ဒရယ်ရပြီးမှ ဒီမိုကရေစီလမ်းကြောင်း ဖော်လိုသည့် လူမျိုးစုရှိသလို ဒီမိုကရေစီရပြီးမှ ဖယ်ဒရယ်လမ်းကြောင်းကို လျှောက်လို သည့် လူမျိုးစုများလည်း ရှိ၏။ ယခုလည်း စစ်ကောင်စီမှ ဖယ်ဒရယ်နိုင်ငံတော်ဟူသော စကားရပ်ကို တွင်တွင်ပြော၍ လူမျိုးစုများကို စည်းရုံးကာ ၎င်း၏ ထွက်ပေါက်အတွက် အသုံးချနေပေသည်။ လူမျိုးစုအချို့က လည်း ၎င်းတို့လိုချင်သည့် ဖယ်ဒရယ်အတွက် ရသည့်အခွင့်အရေးကို အသုံးချလိုသည့် သဘောထား ရှိပုံရသည်။ သို့သော် အပြောလွယ်သ လောက် လုပ်ရခက်လှသည်။ စစ်မှန်သော “ဖယ်ဒရယ်နိုင်ငံတော်” ဟူသည်ကား “ရွှေပြည်တော် မျှော်တိုင်းဝေး” နေပေသေးသည်။
အယ်ဒီတာ
ဩဂုတ်