ဖက်ဒရယ်လစ်ဇင်ဆိုသည်မှာ ဗဟို သို့မဟုတ် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်၊ နယ်မြေ၊ စီရင်စု စသည့် အစိုးရအဆင့်ဆင့်အကြား လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေကျင့်သုံးခြင်းဖြစ်သည်။ ဖက်ဒရယ် တိုင်းပြည်များကို နှစ်ဦးနှစ်ဘက်အပြန်အလှန် လေးစားမှုများကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ သဘောတူညီမှုများဖြင့် အတူတကွပူးပေါင်းထူထောင်ထားကြခြင်းဖြစ်သည်။ ဖက်ဒရယ်စနစ် ဆိုသည်မှာ အစိုးရနှစ်ရပ်၊ သို့တည်းမဟုတ် နှစ်ရပ်ထက်ပိုသော အစိုးရများအကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လက်တွေ့အာဏာခွဲဝေ ကျင့်သုံးသည့် အစိုးရအုပ်ချုပ်မှု စနစ်တစ်ခုပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၉၅ နိုင်ငံတွင် နိုင်ငံပေါင်း ၃၀ မှာ ဖက်ဒရယ်စနစ်ကျင့်သုံးသည့် နိုင်ငံများ ဖြစ်သည်။ ၎င်းမှာ ကမ္ဘာ့လူဦးရေ၏ ၄၀% မှာ ဖက်ဒရယ် နိုင်ငံသားများ ဖြစ်ကြပါသည်။ ဖက်ဒရယ်လစ်ဇင် ဆိုသည်မှာ Foedus ဟူသော လက်တင်ဝေါဟာရမှ ဆင်းသက်လာခဲ့ပြီး၊ စာချုပ်စာတမ်း ချုပ်ဆိုခြင်း၊ ပဋိညာဉ်ပြုခြင်း သို့မဟုတ် သဘောတူညီမှုဟု အဓိပ္ပါယ်ရသည်။
ဖက်ဒရယ်နိုင်ငံတစ်ရပ်ထူထောင်ရာတွင် Social Contract (လူမှုရေးပဋိညာဉ်)အရ နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးတစ်ချို့ကို အစိုးရအား ပေးအပ်ကြသကဲ့သို့ပင် ယူနစ်များကလည်း ၎င်းတို့၏ လုပ်ပိုင်ခွင့် သို့မဟုတ် အာဏာတစ်ချို့ကို ဖက်ဒရယ်အစိုးရသို့ ဖွဲ့စည်းပုံအခြေခံဥပဒေဟူသည့် စာချုပ် ချုပ်ဆို ပေးအပ်ခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ ဖက်ဒရယ်စနစ်သည် တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-Rule) နှင့် တစ်စိတ်တစ်ဒေသ ပူးပေါင်းအုပ်ချုပ်ခြင်း (Share Rule) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ (IDEA) ကိုယ်ပိုင်အုပ်ချုပ်ခြင်း (Self-Rule)ဆိုသည်မှာ မတူကွဲပြားသော လူမျိုးစု သို့မဟုတ် ဒေသများတွင် ကိုယ်ပိုင်ယဉ်ကျေးမှုလက္ခဏာများနှင့် သီးခြားအခြေအနေများအတွက် ကိုယ်တိုင်စီမံခန့်ခွဲနိုင်သည့် သီးသန့်လုပ်ပိုင်ခွင့်ကို ဆိုလိုပါသည်။ တစ်ချို့သော ကဏ္ဍများတွင်မူ ပြည်နယ် သို့မဟုတ် ယူနစ်များအနေဖြင့် ကိုယ်တိုင်လုပ်ဆောင်ရန် တတ်နိုင်စွမ်းမရှိသောအခြေအနေများကြောင့် ဖက်ဒရယ်အစိုးရ သို့မဟုတ် ဗဟိုအစိုးရက ဝင်ရောက်ဆောင်ရွက်ပေးရခြင်းကို ပေါင်းစပ်ဆောင်ရွက်ခြင်း သို့မဟုတ် ပူးပေါင်းအုပ်ချုပ်ခြင်း (Share Rule)ဟုခေါ်ပါသည်။
ဖက်ဒရယ်စနစ်ကို ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု မတူကွဲပြားသောနိုင်ငံများ၊ သို့မဟုတ် မျိုးနွယ်စုများပြားသော နိုင်ငံများတွင် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာရပ်များကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အများအပြားရယူနိုင်ရန် ကျင့်သုံးကြသည်။ ထို့အပြင် ပထဝီနယ်မြေကျယ်ပြန့်သောနိုင်ငံများနှင့် ပထဝီနယ်မြေအရ မကျယ်ပြန့်သော်လည်း လူဦးရေများပြားသောနိုင်ငံများတွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် စီမံခန့်ခွဲမှုလွယ်ကူ စေရန် အတွက် နယ်နမိတ်ပိုင်းခြားသတ်မှတ်ကာ လုပ်ပိုင်ခွင့်အာဏာများ ခွဲဝေကျင့်သုံးခြင်းဖြင့်လည်း ဖက်ဒရယ်စနစ်ကို တည်ဆောက်လေ့ရှိကြသည်။ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်တို့သည် ပိုမိုခိုင်ရေးအတွက် ဒဂ်ါးပြားတစ်ပြား၏ ခေါင်းနှင့် ပန်းကဲ့သို့ အပြန်အလှန် အထောက်အပံ့ ဖြစ်စေသည်။ ပိုမိုရှင်းလင်းသည့် ဖွင့်ဆိုချက်မှာ လစ်ဘရယ် ဒီမိုကရေစီစနစ်တွင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို အလေးအနက်ထားသကဲ့သို့ ဖက်ဒရယ်စနစ်တွင်လည်း ယူနစ်တစ်ခုစီ၏ လုပ်ပိုင်ခွင့်နှင့် အကျိုးစီးပွားကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အာမခံချက်ရှိစေခြင်းပင် ဖြစ်ပါသည်။ နောက်ထပ်အဓိပ္ပါယ်တစ်ခုမှာ တိုင်းရင်းသားမျိုးနွယ်စုများပြားသော နိုင်ငံများတွင် ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းအားဖြင့် လူ့အဖွဲ့အစည်းအတွင်းရှိ အကျိုးစီးပွားအသီးသီးကို ကိုယ်စားပြုစေနိုင်ပါသည်။
ဖက်ဒရယ်နိုင်ငံများ စတင်ဖြစ်ပေါ်လာပုံအပေါ်မူတည်၍ အတူယှဉ်တွဲနေထိုင်ရေး ဖက်ဒရယ်စနစ် (Coming Together) နှင့် အတူပေါင်းစည်းနေထိုင်ရေး ဖက်ဒရယ်စနစ် (Holding Together) ဟူ၍ နှစ်မျိုးနှစ်စား ရှိလာပါသည်။ နိုင်ငံများသည် ဘုံရန်သူနှင့် ရင်ဆိုင်ရသည့်အခါ သို့မဟုတ် ပြည်ပရန်ကို ကာကွယ်နိုင်ရန် အင်အားပိုမိုတောင့်တင်းလိုပြီး၊ မိမိတို့၏ မူလလွတ်လပ်မှုများကိုလည်း မဆုံးရှုံး လိုသောအခါများတွင်ပါဝင်သော အဖွဲ့ဝင်နိုင်ငံများက ပြည်တွင်းမူဝါဒကဏ္ဍအများစုတွင် လုပ်ပိုင်ခွင့် အာဏာ ဆုံးရှုံးစရာမလိုပဲ နိုင်ငံရေး သဘောတူစာချုပ် ချုပ်ဆိုကာ တစ်ချို့သော အာဏာများကို အတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းကို ကွန်ဖက်ဒရေးရှင်းဟု ခေါ်ပါသည်။ ကွန်ဖက်ဒရေးရှင်း စုဖွဲ့မှု များက Coming Together ဟုဆိုနိုင်ပါသည်။ Coming Together (အတူယှဉ်တွဲရေးဖက်ဒရယ်)နှင့် ပတ်သက်သည့် ထင်ရှားသည့် ဥပမာတစ်ခုမှာ အမေရိကန်ပြည်ထောင်စုပင်ဖြစ်ပါသည်။ အမေရိကန် ပြည်ထောင်စု၏ မူလအစတွင် ဗြိတိသျှကိုလိုနီ နယ်မြေ (၁၃)ခုက ၁၇၈၁ ခုနှစ် မတ်လ (၁)ရက်နေ့ တွင် ပြည်ထောင်စုဖွဲ့စည်းပုံ စည်းမျဉ်း (Articles of Confederation)ဖြင့် စုဖွဲ့ခဲ့ကြခြင်း ဖြစ်ပါသည်။ Coming Together အတွက် ရှင်းလင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာ တူညီသောရည်ရွယ်ချက် များဖြင့် ပြည်နယ်များ ညီညွတ်စွာပါဝင်၍ ပြည်ထောင်စုစနစ်အရ စုပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံကို ဆိုလိုပါသည်။
Holding Together (အတူပေါင်းစည်းရေးဖက်ဒရယ်) မှာ လိုအပ်ချက်အရ ဗဟိုချုပ်ကိုင်မှုရှိသည့် တစ်ပြည်ထောင်စနစ် (Unitary)မှ ဗဟိုချုပ်ကိုင်မှုလျှော့ချကာ အာဏာခွဲဝေကျင့်သုံးခြင်းဖြင့် ဖက်ဒရယ်စနစ်သို့ ပြောင်းလဲ လိုက်ခြင်းဖြစ်ပါသည်။ အိန္ဒိယနှင့် စပိန် တို့မှာ အတူပေါင်းစည်းရေး ဖက်ဒရယ်နိုင်ငံများ ဖြစ်ကြပါသည်။
နောက်တစ်မျိုးဖြစ်သော အတင်းအကြပ် သွတ်သွင်းပေါင်းစည်းထားသော ဖက်ဒရယ်စနစ် (Putting Together) မှာ ဗဟိုမှ အာဏာဖြင့် အတင်းအကြပ်စုစည်းသွတ်သွင်းထားသည့် ပုံသဏ္ဍာန်ဖြစ်ပြီး ဥပမာ အားဖြင့် ဆိုဗီယက် ယူနီယံ နှင့် မြန်မာနိုင်ငံတို့ကို ရည်ညွှန်းရမည်ဖြစ်ပါသည်။ ယင်း Putting Together စနစ်က ဗဟိုအစိုးရက အာဏာချုပ်ကိုင်သော ဖက်ဒရယ်စနစ်(Coercive Federalism)ကို ဖြစ်ပေါ်စေသည်။ Coercive Federalism ဟူသည် ဗဟိုအစိုးရက အမျိုးသားစည်းလုံးညီညွတ်ရေးကို အကြောင်းပြ၍ လုပ်ပိုင်ခွင့်အာဏာကို အခြေခံဥပဒေဖြင့် အတင်းအကြပ်လက်ဝါးကြီးအုပ်ရယူကာ ပြည်နယ်အစိုးရများကို လွှမ်းမိုးခြယ်လှယ် ချုပ်ကိုင်ထားသည့် ဖက်ဒရယ်စနစ်ပင် ဖြစ်ပါ သည်။
Holding Together (အတူပေါင်းစည်းဖက်ဒရယ်စနစ်)က နိုင်ငံတော် ဆက်လက်တည်တံ့ခိုင်မြဲရေးကို ရှေ့ရှုခြင်းကြောင့် ထူးခြားအခြေအနေများတွင် လူအုပ်စု သို့မဟုတ် နယ်မြေအခြေအနေအတိုင်း အတာအပေါ်မူတည်၍ လုပ်ပိုင်ခွင့်အာဏာများ ပိုမိုပေးရလေ့ရှိပါသည်။ ဥပမာအားဖြင့် အင်ဒိုနီးရှား နိုင်ငံ၏အာချေး၊ ပါပူဝါ အစရှိသောပြည်နယ်များနှင့် ကနေဒါနိုင်ငံတွင် ကွီးဘက်ပြည်နယ် တို့ကဲ့သို့ ဖြစ်ပါသည်။ ယင်းကို အချိုးမညီဖက်ဒရယ်စနစ် (Asymmetrical Federalism) ဟုခေါ်ပါသည်။ အချိုးမညီစနစ်တွင် ဖက်ဒရယ်နိုင်ငံအတွင်းရှိ ပြည်နယ်များသည် ၎င်းတို့၏ နောက်ခံအခြေအနေ အပေါ်မူတည်၍ အခွင့်အာဏာရရှိမှု အနည်းအများ တူညီလိမ့်မည်မဟုတ်ချေ။ တစ်ချို့ပြည်နယ်များ သည် တခြားသောပြည်နယ်များထက် လုပ်ပိုင်ခွင့်အာဏာ ပိုမိုရရှိထားခြင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ပိုင်းခြားပြဌာန်းပေးထားခြင်းဖြင့် အချိုးမညီမှုကို ဖြစ်ပေါ်စေနိုင်သည်။ ပေါင်းစည်း ဖက်ဒရယ်စနစ်အောက်၌ပင် အိန္ဒိယသည် ပြည်နယ်အသစ် (၆)ခု ဖွဲ့စည်းနိုင်ခဲ့ပါသည်။ Coming Together (အတူယှဉ်တွဲရေး ဖက်ဒရယ်စနစ်)တွင် ထိုသို့ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဥပမာအားဖြင့် Coming Together (အတူယှဉ်တွဲရေး ဖက်ဒရယ်စနစ်) ဖြင့်စုဖွဲ့ထားသော အမေရိကန် ပြည်ထောင်စု သည်အဖွဲ့ဝင်ပြည်နယ်အသစ်ထပ်မံဖွဲ့စည်းရန် ခက်ခဲလိမ့်မည် ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စုသည် အချိုးညီ (Symmetrical) ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည်။ ၎င်း၏ ပြည်နယ်များသည် အရွယ်အစားနှင့် လူဦးရေ မည်သို့ပင် ဖြစ်စေကာမူ အထက်လွှတ်တော် (ဆီးနိတ်) ၌ ကိုယ်စားပြုမှုမှာ အတူတူပင်ဖြစ်သည်။ ဥပမာ- လူဦးရေ (၅)သိန်း (၈)သောင်းမျှသာရှိသော ဝိုင်ယိုးမင်ပြည်နယ် နှင့် လူဦးရေ သန်း(၄၀)နီးပါးခန့်ရှိသည့် ကယ်လီဖိုးနီးယားပြည်နယ်တို့၏ ဆီးနိတ်၌ ကိုယ်စားပြုမှုမှာ တစ်ပြည်နယ်လျှင် (၂)ဦးနှုန်း အတူတူသာ ဖြစ်ပါသည်။ သတိချပ်ရ မည်မှာ အမေရိကန်ပြည်ထောင်စုသည် နယ်မြေကို အခြေပြုပြီး ပြောင်းရွှေ့နေထိုင်သူများဖြင့် စုဖွဲ့ ထားသော State-Nation ဖြစ်ပါသည်။ အကယ်၍ တိုင်းရင်းသား မျိုးနွယ်စုများနှင့် ယဉ်ကျေးမှု မတူ ကွဲပြားသော လူ့အဖွဲ့အစည်း များရှိသည့် ဖက်ဒရယ်နိုင်ငံများအတွက်မူ အမေရိကန်ပြည်ထောင်စု ကဲ့သို့ ကိုယ်စားပြုမှု တန်းတူ သို့မဟုတ် အချိုးတူညီစွာ ကျင့်သုံးရန် သင့်တော်လိမ့်မည်မဟုတ်ချေ။
ဖက်ဒရယ်နိုင်ငံများတည်ထောင်ရာတွင် အာဏာမည်သို့ခွဲဝေသည်အပေါ်မူတည်၍ ဖက်ဒရယ်နှင့် ပြည်နယ်များတွင် အာဏာအလေးသာမှုလည်း ကွဲပြားကြပါသည်။ ပြည်နယ်များ သို့တည်းမဟုတ် အဖွဲ့ဝင်ယူနစ်များ ပေါင်းစည်းကာ ပြည်ထောင်စုတစ်ရပ်တည်ထောင်ပါက ပြည်နယ်များတွင် လုပ်ပိုင်ခွင့်အာဏာ ပိုမိုများပြားစွာ ကျန်ရစ်တတ်ပြီး၊ ကြွင်းကျန်အာဏာ (Residual Power) ကိုလည်း ဆုပ်ကိုင်ထားလေ့ ရှိတတ်ကြပါသည်။ ဥပမာအားဖြင့် အမေရိကန်၊ ဆွစ်ဇာလန်နိုင်ငံတို့ဖြစ်သည်။
အကယ်၍ တစ်ပြည်ထောင်စနစ်မှ ဖက်ဒရယ်စနစ်သို့ ပြောင်းလဲကျင့်သုံးရန် အာဏာခွဲဝေသော အခါတွင်မူ ဗဟိုတွင် အာဏာပိုမိုများပြားနေလိမ့်မည်ဖြစ်ပြီး၊ ကြွင်းကျန်အာဏာသည်လည်း ဗဟိုမှပင် ဆက်လက်ရယူထားကြလေ့ ရှိပါသည်၊၊ (ဥပမာ- အိန္ဒိယ)။ တစ်နည်းအားဖြင့် Coming Together ဖက်ဒရယ်နိုင်ငံများတွင် ကြွင်းကျန်အာဏာကို ပြည်နယ်များက ရယူထားလေ့ရှိပြီး၊ Holding Together နိုင်ငံများတွင်မူ ကြွင်းကျန်အာဏာများကို ဖက်ဒရယ် သို့မဟုတ် ပြည်ထောင်စုအဆင့်က ရရှိလေ့ရှိကြပါသည်။
ဖက်ဒရယ်နိုင်ငံများတွင် ပြည်ထောင်စုနှင့် ပြည်နယ်များအကြား ခွဲဝေပိုင်းခြား ကျင့်သုံးသည့် အာဏာများကို အထူးလွှဲအပ်ထားသောအာဏာ Delegated Power (Expressed Powers or Enumerated Power)၊ သီးခြားလုပ်ပိုင်ခွင့်အာဏာ (Exclusive Power)၊ မျှဝေကျင့်သုံးသည့်အာဏာ (Shared Power) သို့မဟုတ် ထပ်တူပြုအာဏာ၊ တစ်နည်းအားဖြင့် ပူးတွဲကျင့်သုံးရသောအာဏာ (Concurrent Power)၊ ကြွင်းကျန်အာဏာ (Residual Power)ဟူ၍ သတ်မှတ်ထားပါသည်။
Delegated Power ဆိုသည်မှာ ဖက်ဒရယ်အစိုးရ သို့မဟုတ် ဗဟိုအစိုးရအတွက်သာ အထူးသီးခြား ပေးအပ်ထားသော အာဏာဖြစ်ပြီး ငွေစက္ကူရိုက်နှိပ်ထုတ်ဝေခြင်း၊ တိုင်းတပါးအား စစ်ကြေငြာခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းခြင်း၊ စာတိုက်ရုံးစနစ်တည်ထောင်ခြင်း စသည့်အချက်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။
သီးခြားလုပ်ပိုင်ခွင့်အာဏာ (Exclusive Power) ဆိုသည်မှာ ပြည်ထောင်စုအစိုးရက သော်လည်းကောင်း၊ ပြည်နယ်များကသော်လည်းကောင်း အစိုးရနှစ်ရပ်အကြား ထပ်တူမကျပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် သီးခြားခွဲဝေပိုင်းခြားပေးထားသော အထူးသီးသန့်လုပ်ပိုင်ခွင့်ရှိသောအာဏာဖြစ်သည်။ မျှဝေကျင့်သုံးသည့်အာဏာ (Shared Power) သို့မဟုတ် ထပ်တူပြုအာဏာ၊ တစ်နည်းအားဖြင့် ပူးတွဲကျင့်သုံးရသောအာဏာ (Concurrent Power)မှာ ဖက်ဒရယ် (ပြည်ထောင်စု) အစိုးရနှင့်ပြည်နယ် အစိုးရများအကြား မျှဝေသုံးစွဲရသော လုပ်ပိုင်ခွင့်အာဏာများ ဖြစ်သည်။ ဥပမာအားဖြင့် အခွန်စနစ်၊ တရားရေး၊ ကျန်းမာရေး၊ ကယ်ဆယ်ရေး၊ လူမှုဖူလုံရေး၊ ပြည်နယ်ချင်းဆက် သို့မဟုတ် ပြည်နယ် များနှင့် ပြည်ထောင်စုလမ်းမကြီးများ ချိတ်ဆက်ဖေါက်လုပ်ခြင်း (အစိုးရအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ခြင်း – Intergovernmental Cooperation) တို့ကဲ့သို့ ဖြစ်ကြပါသည်။ တစ်ချို့ဖက်ဒရယ် နိုင်ငံများတွင် ပညာရေး၊ ရွေးကောက်ပွဲတို့ကိုလည်း ထပ်တူပြုလုပ်ပိုင်ခွင့်အာဏာအဖြစ် ထည့်သွင်း ကျင့်သုံးကြပါသည်။ အိန္ဒိယနိုင်ငံတွင် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရများက ကျန်းမာရေးနှင့် ပညာရေးတို့ကို ထပ်တူပြုအာဏာအဖြစ် ကျင့်သုံးသည်ကို တွေ့ရသည်။
ကြွင်းကျန်အာဏာ (Residual Power)ဟူသည်မှာ ဖွဲ့စည်းပုံအခြေခံရေးဆွဲစဉ်က မည်သည့်လုပ်ပိုင်ခွင့်များကို မည်သည့်အစိုးရ (အလွှာ)အား ပေးအပ်သည်ဆိုသည်ကို အလုံးစုံ (အပြည့်အစုံ၊ အားလုံး) ထည့်သွင်း မရေးသားနိုင်သည့်အတွက် နောင်တစ်ချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲ၌ ထည့်သွင်း မပြဌာန်းနိုင်ခဲ့သော ကိစ္စရပ်တစ်ခုခု ပေါ်ပေါက်လာပါက ထိုကိစ္စရပ်အတွက် တာဝန်ယူဆောင်ရွက်နိုင်သည့် အခွင့်အာဏာပင် ဖြစ်ပါသည်။ ထို ကြွင်းကျန်အာဏာသည် အတူပေါင်းစည်းရေးဖက်ဒရယ် စနစ် (Holding Together)ကြောင့် ဗဟို (သို့မဟုတ်) ဖက်ဒရယ် (ပြည်ထောင်စု) အစိုးရထံတွင် ကျန်ရစ်လေ့ရှိပြီး၊ အတူယှဉ်တွဲရေး (Coming Together)ဖက်ဒရယ်စနစ်ဖြင့် ဖွဲ့စည်းပါက ပြည်နယ်များထံတွင် ကျန်ခဲ့လေ့ရှိကြောင်း ကနဦးစာမျက်နှာများတွင် ရှင်းပြခဲ့ပြီးဖြစ်ပါသည်။ ဥပမာ- ကြွင်းကျန်အာဏာကို အမေရိကန်ပြည်ထောင်စု၌ ပြည်နယ်များက ပိုင်ဆိုင်ခဲ့ပြီး၊ တောင်ဆူဒန်၊ တောင်အာဖရိက၊ အိန္ဒိယနိုင်ငံတို့တွင် ပြည်ထောင်စုအစိုးရထံ ပေးအပ်ထားသည်ကို တွေ့နိုင်ပါသည်။
အာဏာခွဲဝေသတ်မှတ်ရာတွင် Model (ပုံစံ)နှစ်မျိုးရှိပါသည်။ Dualist Model နှင့် Integrated Model (Interlocking) တို့ဖြစ်ကြပါသည်။ ထိုပုံစံနှစ်မျိုးကို နှစ်မျိုးစလုံး ကျင့်သုံးသည့် နိုင်ငံများစွာ ရှိကြပြီး မည်သည့် ဖက်ဒရယ်နိုင်ငံကမှ တစ်မျိုးတည်း ကျင့်သုံးခြင်းမရှိချေ။ အဆိုပါ Model နှစ်မျိုးလုံးကို ကျင့်သုံးသည့်နိုင်ငံများအနေဖြင့် Dualist ကိုအားသန်သလော၊ Interlocking ကို ပိုမို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲသလောဆိုသည့်သာ ကွဲပြားပါသည်။ ဥပမာ- ကနေဒါ၊ ဘရာဇီး၊ အမေရိကန် ပြည်ထောင်စုတို့သည် Dualist ကို အဓိကကျင့်သုံးသော်လည်း၊ ဂျာမနီ၊ ဩစတြီးယား၊ စပိန်၊ တောင်အာဖရိကနိုင်ငံတို့က Interlocking နည်းလမ်းနောက်ကို လိုက်သည်။ အိန္ဒိယနှင့် ဆွစ်ဇာလန် နိုင်ငံတို့ကမူ ၎င်းပုံစံနှစ်မျိုးစလုံးကို ခိုင်ခိုင်မာမာကျင့်သုံးသည်။ ဩစတြေးလျနိုင်ငံသည် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များတွင် Dualist ကို အသုံးပြုပြီး ထပ်တူပြုအာဏာကျင့်သုံးရသည့်ကဏ္ဍမှာလည်း အများအပြားရှိပါသည်။
Dualist သို့မဟုတ် Classical Model တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရများအတွက် ကဏ္ဍအလိုက် သီးခြားစီ အပ်နှံထားသော လုပ်ပိုင်ခွင့်အာဏာများရှိကြပြီး ထိုအစိုးရများက ၎င်းတို့ တာဝန်ရှိရာဒေသများ၌ မိမိတို့ကိုယ်ပိုင် အစီ အစဉ်၊ စီမံကိန်းများဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ကြပါသည်။ Dualist Model တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပိုင်းခြားခွဲဝေ ပေးထားသော သီးခြားလုပ်ပိုင်ခွင့်အာဏာများ (Exclusive Powers) နှင့် အတူပူးတွဲကျင့်သုံးရသော အာဏာများ (Concurrent Powers) ဟူ၍ နှစ်မျိုးလုံးပါဝင်သည့်အတွက်၊ အစိုးရတစ်ရပ်ချင်းစီက မိမိတို့ လွှမ်းခြုံရပ်ဝန်းတွင် သီးခြားလုပ်ပိုင်ခွင့် အာဏာများကို ကျင့်သုံးနိုင်သည့်အပြင် အခြားအစိုးရ များနှင့်လည်း အတူပူးတွဲကျင့်သုံးရသော အာဏာကို အသုံးပြုနိုင်ပါသည်။ ကနေဒါနှင့် ဘယ်ဂျီယံ နိုင်ငံတို့၌ အတူပူးတွဲကျင့်သုံးရသော အာဏာမှာ အနည်းငယ်မျှသာရှိသော်လည်း ဩစတြေးလျနိုင်ငံ တွင်မူ ထပ်တူပြုအာဏာ/ ပူးတွဲ ကျင့်သုံးရသောအာဏာမှာ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထား သည်ကို တွေ့ရမည်ဖြစ်ပါသည်။
Integrated Model (Interlocking Model)ဆိုသည်မှာ ဗဟိုအစိုးရက ယူနစ်များထံသို့ မူဝါဒများ ချပေးပြီး ပြည်နယ်အစိုးရများက အကောင်အထည်ဖေါ် ဆောင်ရွက်ပေးရသည့်ပုံစံဖြစ်ပါသည်။ ဂျာမနီနိုင်ငံသည် Interlocking Model ကို ကျင့်သုံးပြီး ၎င်း၏ ဖက်ဒရယ်အုပ်ချုပ်ရေးကို တိုက်ရိုက် ဖက်ဒရယ်အုပ်ချုပ်ရေး၊ သွယ်ဝိုက်ဖက်ဒရယ်အုပ်ချုပ်ရေးနှင့် တာဝန်ပေးဖက်ဒရယ်အုပ်ချုပ်ရေးဟူ၍ (၃)မျိုး သတ်မှတ်ထားပါသည်။ တောင်အာဖရိကနိုင်ငံသည်လည်း ဂျာမနီ၏ ဖက်ဒရယ်စနစ်ကို နမူနာယူ သုံးစွဲသည့်ပုံပေါ်ပါသည်။
-KL-
(ဆက်လက်ဖော်ပြပါမည်)