ဗိုလ်နေဝင်းက စတင်လို့ စစ်အာဏာရှင်အဆက်ဆက်ဟာ သူတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် ဘယ်တုန်း ကမှဝန်ခံခဲ့ရိုးထုံးစံမရှိပါဘူး။
တကသ အဆောက်အဦပြိုခဲ့တာ နှစ်ပေါင်း ၆၀ ကြာခဲ့ပါပြီ။ အဆောက်အဦမရှိတော့ပေမယ့် မျိုးဆက် အလိုက် လက်ဆင့်ကမ်းခဲ့ကြလို့သာ ကျောင်းသားသမဂ္ဂဆိုတဲ့ အမည်နာမ ပျောက်ကွယ်မသွားခြင်း ဖြစ်ပါတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ သမဂ္ဂနဲ့ ကျောင်းသားလူငယ်များကို အမုန်းကြီးမုန်းကြ သလို၊ အကြောက်ကြီးလည်း ကြောက်ကြပါတယ်။ ခံ့ညားလှတဲ့ သမဂ္ဂအဆောက်အဦကို ကျွန်တော် မမြင်ဖူးခဲ့ပါ။ ၁၉၈၅ တက္ကသိုလ်သို့ရောက်သောအခါမှ7 July ရဲ့ သွေးပုံပြင်နဲ့ တကသမြက်ခင်းပြင်ကို သွားပြီးကြည့်ဖြစ်ခဲ့တယ်။ အဓိပတိလမ်းအဝင် ညာဘက်ခြမ်းက ကွင်းပြင်ကွက်လပ်ဟာ သမိုင်းအစဥ် အလာကြီးခဲ့တဲ့ တကသ အဆောက်အဦနေရာဖြစ်ပါတယ်။ ဗိုလ်အောင်ကျော်အ မှတ်တရကျောက်တိုင်ကို ကျော်လို့ ကွင်းပြင်ငယ် အဆုံးမှာတော့ ခြင်းလုံးရုံ နံရံနီနီကြီးကို လှမ်းမြင်ရပါတယ်။ ဘယ်အခါကြည့်ကြည့် ဝမ်းနည်းရင်နင့်စရာပါ။ သမိုင်းတွေကို သိလာလေလေ ပိုပြီးနာကျင်ခံခက်လေပါပဲ။
*တကသ အဆောက်အဦ သမိုင်းကြောင်း*
တကသ အဆောက်အဦကြီးရဲ့ ဥက္ကဋ္ဌထိုင်ခုံမှာ ကိုအောင်ဆန်းထိုင်ခဲ့ဖူးတယ်။ တိုင်းပြည်လွတ်မြောက်ရေး အတွက်ကိုအောင်ဆန်းလို ပညာတတ်လူငယ်များစွာကို မွေးဖွားသန့်စင်ပေးခဲ့တဲ့ မိခင်ခံတပ်ကြီးပါ။
သမဂ္ဂဟာ အနာဂတ်မြန်မာနိုင်ငံသားတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ဖြစ်စေရမယ်လို့ လွတ်လပ်ရေး ကြိုးပမ်းမှု အစောပိုင်းကာလကတည်းက ရည်ရွယ်ခဲ့ကြတာပါ။ ကျောင်းသားလူငယ်တွေအနေနဲ့ နိုင်ငံတော်အကျိုးထမ်းရွက်ကြဖို့၊လွတ်လပ်ရေးစိတ်ဓာတ်များ နိုးကြားလာစေဖို့ သမဂ္ဂကို ထူထောင်ခဲ့ခြင်းပါ။
သမဂ္ဂမှာ လူမှုရေးလုပ်ငန်းတွေ ရှိမယ်။ မိတ်ဆက်တွေ့ဆုံပွဲတွေရှိမယ်။ စားသောက်ဆိုင်တွေရှိသလို အားကစားလုပ်ဖို့ နေရာတွေ စုံအောင်ရှိခဲ့ပါတယ်။ကျောင်းသားများ ဗလငါးတန်နဲ့ ပြည့်စုံပြီး ကျန်းမာပျော်ရွှင်စည်းလုံးဖို့ ရည်ရွယ်ပါတယ်။ တက္ကသိုလ်ကထွက်ခွာသွားလို့ လူ့လောကဝန်းကျင်ထဲ ရောက်သွားတဲ့အခါ အဆင်ပြေစေဖို့၊ အနာဂတ်အခင်းအကျင်းနဲ့အတူ ကိုယ်ရေးကိုယ်တာဆိုင်ရာ ဘဝတလျှောက်လုံးအတွက် ပြင်ဆင်လေ့ကျင့်ပေးတဲ့ ပျိုးခင်းကြီးနဲ့လည်း တူပါတယ်။
အင်္ဂလိပ်ကျွန်လက်အောက်မှာ ရန်ကုန်တက္ကသိုလ်ကြီး ပေါ်ပေါက်လာခဲ့ပေမယ့် ၁၉၂၆ ခုနှစ်အထိ တကသ အဆောက်အဦဖြစ်မလာခဲ့သေးပါဘူး။ သူဌေးကြီးဦးညိုရဲ့ လှူဒါန်းမတည်ငွေ ၁သိန်း ၇သောင်းကျပ်နဲ့ ၁၉၂၉ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၃၀ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ပြီးစီးခဲ့ပါတယ်။
*ကိုအောင်ဆန်းပြောတဲ့ ကျောင်းသားဝတ္တရား*
“ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ်ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွှတ်၊ မလုပ်တတ်မကိုင်တတ်မဖြစ်ရအောင်၊ကျွနုပ်တို့သည် ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းသို့ ဝင်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ် ရှိသောလူငယ်တိုင်းတို့၏တာဝန်ဝတ္တရားပင်တည်း။
ကိုအောင်ဆန်းရဲ့ စကားတွေကို နားထောင်ကြည့်ရုံနဲ့တင် သမဂ္ဂဆိုတာကို ရှင်းလင်းမြင်သာစေမှာ ဖြစ်ပါတယ်။
“လူတိုင်းလူတိုင်း တစ်ဦးနဲ့တစ်ဦး အပေါင်းအသင်း သမဂ္ဂရှိနေမှသာ အမျိုးမျိုးသော အယူအဆ၊ အမှတ်အသားတို့ကို တွေ့မြင်သိရှိရ၍ ပိုမိုအမြင်ကျယ်လာနိုင်လေသည်။ သို့ အမြင်ကျယ်မှ တစ်ဦးကို တစ်ဦး နာခံတတ်ခြင်း၊ ဆောင်မကူညီတတ်ခြင်း၊ အပြောအဆို အနေအထိုင် ပြုပြင်လာခြင်း စသဖြင့် လူလုပ်တတ်သည့် အရည်အချင်းများ ရရှိနိုင်လေသည်”။
ယနေ့ဖြစ်သော ကျောင်းသားများဟာ မနက်ဖြန် ပြည်ကြီးသားဖြစ်စေဖို့ အုပ်ချုပ်နည်း၊ မိမိအရေးအတွက် တိုက်ခိုက်နည်း၊ စကားပြောနည်း၊ စည်းကမ်းသေဝပ်နည်း၊ ကိုယ်လက်ကျန်းမာရေးအတွက် အသင်းအပင်းများက ကစားနည်းများ ထွင်ကြရမယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က ဖြစ်ပျက်နေတဲ့ တရုတ်၊ စပိန်၊ ပါလက်စတိုင်း တိုင်းပြည်များရဲ့ အဖြစ်အပျက်တွေဟာ ကျုပ်တို့ တိုင်းပြည်ကို သာမကဘဲ ကမ္ဘာ့ယဥ်ကျေးမှုနဲ့ လူတွေအပေါ် ထိခိုက်လာနိုင်စရာ ရှိနေတာမို့ ကမ္ဘာ့အခြေအနေကိုပါ သိထားရမှာက ကျောင်းသားများရဲ့ ဝတ္တရားလို့ ဆိုပါတယ်။ ဒီအပြင် ကျောင်းသားတွေဟာ စစ်မက်တားမြစ်ရေးနဲ့ အလုပ်လက်မဲ့ ပပျောက်ရေး အကြောင်းအချက်တွေကိုပါ ရှာဖွေရမယ်လို့ ဆိုပါတယ်။ ကျောင်းသား သမဂ္ဂ အသင်းကြီးရဲ့ ဂုဏ်ကို မြှင့်တင်ပြီး ပါဝင်လှုပ်ရှားကြဖို့ ကျောင်းသားအပေါင်းကို ဖိတ်ခေါ်ထားပြန်ပါတယ်။
“ဤပြဆိုခဲ့ပြီးသော ကျောင်းသားဝတ္တရား အားလုံးကို သိမြင်သည်နှင့်အညီ နောင်ခေတ် ဗမာပြည်ကို ဖန်တီးမည့် ကျောင်းသားများသည် ယခုလူများကဲ့သို့ မညီမညွှတ်၊ မလုပ်တတ် မကိုင်တတ် မဖြစ်ရအောင်၊ ကျွနုပ်တို့သည်ယခုအခါ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းကြီးကို အထင်အရှား တည်ထောင်ထား၏။ ထိုအသင်းသို့ ဝင်ရောက်အားပေးရန်မှာ ကျောင်းသားတိုင်း၊ တိုင်းပြည်ချစ်စိတ်ရှိသော လူငယ်တိုင်းတို့၏ တာဝန်ဝတ္တရားပင်တည်း။”
ကျောင်းသားရှိရင် သမဂ္ဂရှိရမယ်ဆိုတဲ့ စကားနဲ့သမဂ္ဂရဲ့ ရည်ရွယ်ချက်တွေကို အထင်းသားမြင်တွေ့ နိုင်ပါတယ်။ တကသအဆောက်အဦကြီးမှာ လေ့ကျင့်သင်ယူရင်း တိုင်းပြည်ခေါင်းဆောင်တွေ ပေါ်ထွက် လာခဲ့တာလည်း သမိုင်းမှာအထင်အရှားပါပဲ။ တကသ အဆောက်အဦကြီးဟာ အမိမြန်မာပြည်နဲ့ ကျောင်းသားမျိုးဆက်အသီးသီးရဲ့ သမဂ္ဂမိခင်ကြီး ဖြစ်ခဲ့ပါတယ်။
ကိုလိုနီလွတ်မြောက်ရေးကာလကို လွန်ခဲ့ပေမယ့် ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေး အတွက် ကျောင်းသားထုဟာ သမဂ္ဂကို ခံတပ်ပြုခဲ့ရပါတယ်။ကိုယ့်မင်းကိုယ့်ချင်း ကာလမှာပဲ ဖိနှိပ်မှု တွေတိုးလာခဲ့ပါတယ်။
*သမဂ္ဂလျှောက်ခဲ့ရတဲ့ ခရီးကြမ်း*
တပါးကျွန်အောက်မှာ သမဂ္ဂကြီးပေါ်ခဲ့တယ်။ တိုင်းပြည်လွတ်လပ်ဖို့နဲ့အတူ ပြည်သူများရဲ့ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေးလွတ်လပ်မှုတွေအတွက်ပါ သမဂ္ဂအနေနဲ့ ခံတပ်ကြီးသဖွယ် တိုက်ပွဲဝင် ခဲ့ပါတယ်။ တပါးကျွန်အောက်မှာ ဖိနှိပ်မှုတွေရှိခဲ့တယ်ဆိုပေမယ့် သမဂ္ဂအနေနဲ့ ဆုတ်သာတက်သာ ရှိခဲ့ပါသေးတယ်။
၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်နုနုမှာ မုန်တိုင်းတွေ ထန်လွန်းခဲ့ပါတယ်။ သမဂ္ဂလည်း ပိုမို အဖိအနှိပ်ခံရရင်း မလူးသာမလွန်းသာ ရှိခဲ့ပါတယ်။ ကိုလိုနီ လွတ်မြောက်ရေးကာလကို လွန်ခဲ့ပေမယ့် ဒီမိုကရေစီအရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကျောင်းသားထုဟာ သမဂ္ဂကို ခံတပ်ပြုခဲ့ရပါတယ်။
ကိုယ့်မင်းကိုယ့်ချင်းကာလမှာပဲ ဖိနှိပ်မှုတွေ တိုးလာခဲ့ပါတယ်။ ပိတ်ပင်တားဆီးမှုတွေအထိ ဖြစ်လာခဲ့တယ်။ ၁၉၅၉မှာတော့ “အထက်တန်းကျောင်းများမှာ ကျောင်းသားသမဂ္ဂများ မတည်ရှိစေရ” ဆိုတဲ့ အမိန့်ကို အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ ကိုလိုနီဘဝမှာ ငြိမ်းချမ်းစွာဆန္ဒပြရင်း စစ်ပုလိပ်တွေရဲ့ ရိုက်နှက်မှုကြောင့် ကိုအောင်ကျော် အသက်ပျောက်ခဲ့တယ်။ ဖဆပလ အစိုးရလက်ထက် ‘ဟယ်ရီတန်’ လှုပ်ရှားမှုမှာလည်း အသက်ပေးခဲ့ရပြန်တယ်။ များမကြာမီမှာပဲ ဆိုးဝါးလွန်းတဲ့ စစ်အာဏာရှင် မုန်တိုင်းကြီး ကျရောက်လာပါတော့တယ်။ ဒါကတော့၁၉၆၂မှာ စစ်တပ်က အာဏာသိမ်းလိုက်လို့ပါပဲ။ပါလီမန် ဒီမိုကရေစီစနစ် ကွယ်ပျောက်ပြီး စစ်အာဏာရှင်စနစ် အသက်ဝင်ပြီဆိုတာနဲ့ သမဂ္ဂကို အရင်ဆုံး ဖိနှိပ်ပါတော့တယ်။ စစ်အာဏာရှင် စရိုက်ဆိုးကြောင့်ပဲ ကျောင်းသား ရာချီပြီး သေဆုံးခဲ့ရသလို တကသအဆောက်အဦကြီးပါ ပြိုပျက်ခဲ့ရပါတော့တယ်။
* 7 July အရေးတော်ပုံကြီး *
အာဏာသိမ်းရတာကိုလည်း တိုင်းရင်းသားတွေအရေးဆိုတဲ့ ဖက်ဒရယ်မူကြောင့်လို့ အကြောင်းပြပါတယ်။အဲ့ဒီအချိန်က စစ်တပ်အာဏာသိမ်းတာကို ထောက်ခံတဲ့ လက်ဝဲနိုင်ငံရေးသမား အချို့တော့ ရှိပါတယ်။ ဆိုရှယ်လစ်လမ်းစဥ်နဲ့ သွားမယ်ဆိုတဲ့ လေသံပစ်မှုအပေါ် ယုံကြည်ခဲ့ကြဟန် တူပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ အာဏာသိမ်းမှုကိုတော့ ကျောင်းသားသမဂ္ဂကြီး သုံးခုကနေပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြေညာချက်ထုတ်ပြန်ကာ ကန့်ကွက်ခဲ့ကြပါတယ်။ အာဏာသိမ်း တော်လှန်ရေးကောင်စီဟာ ၁၉၆၂ခုနှစ် မေလ ၉ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သူတို့သဘောနဲ့သူတို့ ရုပ်သိမ်းလိုက်ပါတယ်။ အဲ့ဒီနေ့မှာပဲ မန္တလေးတက္ကသိုလ် အက်ဥပဒေကိုလည်း ရုပ်သိမ်းပါတယ်။
မေလ၁၀ရက်မှာတော့ ၁၉၆၁-၆၂ပညာသင်နှစ် တက္ကသိုလ်ကောင်စီအဖွဲ့ကို ဖျက်သိမ်းလိုက်ပါတယ်။ တက္ကသိုလ်ကောင်စီရဲ့ အဓိပတိဟာ ဝန်ကြီးချုပ်ဦးနုဖြစ်ပြီး သူ့ကိုလည်း ထိန်းသိမ်းထားပါတယ်။ တက္ကသိုလ်ကောင်စီမှာ ပါမောက္ခချုပ်၊ အရပ်ဘက်ပညာရှင် ကိုယ်စားလှယ်တွေ၊ ကျောင်းသား ကိုယ်စားလှယ်တွေနဲ့အတူ ၄၀ ဦး ပါဝင်ပါတယ်။
မေ ၁၇ရက်မှာပဲ တော်လှန်ရေးကောင်စီရဲ့ အမိန့်အမှတ်(၃၀)အရ တက္ကသိုလ်ကောင်စီကို ပြန်လည် ဖွဲ့စည်းပါတယ်။ အဓိပတိဟာ ဗိုလ်မှူးချုပ်သန်းဖေဖြစ်ပြီး အဖွဲ့ဝင်များကတော့ ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီးသန်းစိန်၊ ဗိုလ်မှူးကြီးတင်စိုးနဲ့ ပါမောက္ခချုပ် ဦးကာတို့သာ ပါဝင်ပါတော့တယ်။
*တင်းကျပ်လွန်းတဲ့ ကျောင်းဆောင်စည်းကမ်း*
တက္ကသိုလ်တွေ စာမေးပွဲဖြေခါနီးမှာပဲ အာဏာကောက်သိမ်းပါတယ်။ မတ်လထဲမှာပဲ စာမေးပွဲ စစ်ပြီး ကျောင်းပိတ်လိုက်တယ်။ ဇွန်လ ကျောင်းပြန်ဖွင့်တာနဲ့ ဖိနှိပ်ရေး ယန္တရားကို အသက်သွင်း ပါတော့တယ်။ ဇွန်လ ၁၈ရက်မှာ တင်းကျပ်လွန်းတဲ့ ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ကို ထုတ်ပြန်ပါတယ်။ အဆောင်များရဲ့ အဝင်အထွက်ကို စာရင်းကောက်ပြီး စစ်ထောက်လှမ်းရေး ထံ အစီရင်ခံဖို့အထိ လုပ်လာပါတယ်။
ကျောင်းဆောင် စည်းကမ်းချက်တွေကို ကျောင်းသားတွေက မကြိုက်ကြပါဘူး။ တကသ ကိုယ်စားလှယ်တွေဟာ ကျောင်းသားထုရဲ့ နစ်နာမှုနဲ့အတူ ဖြေလျော့ပေးနိုင်ရန် ကျောင်းအာဏာပိုင် တွေနဲ့တွေ့ဆုံ ဆွေးနွေးပါတယ်။ ကျောင်းသားတွေ ဖြစ်ချင်တာကတော့ ကျောင်းသားကျောင်းသူများ ကျောင်းဆောင်နေရာရရေး၊ ညထမင်းကျွေးချိန်ကို ည၇နာရီခွဲအထိပြောင်းလဲရေး၊ ကျောင်းဆောင်သို့ ပြန်ဝင်ချိန်အား ည၈နာရီအစား ည ၁၁ နာရီအထိ ခွင့်ပြုပေးရေး စတဲ့ အချက်တွေကို အဓိကထားပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေ မပါဝင်ပါဘူး။ တကသကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးကြပေမယ့် အာဏာပိုင်များက အရေးမလုပ်ပဲ လစ်လျူရှုခဲ့ကြပါတယ်။
ဒါကြောင့်ပဲ တကသအနေနဲ့ ဇွန်၂၆ ရက်မှာ ကျောင်းဆောင်ကိုယ်စားလှယ်များကို ဖိတ်ခေါပြီး နည်းလမ်းရှာကြဖို့ ဆွေးနွေးကြပါတယ်။ ဆွေးနွေးမှုကနေ ဆုံးဖြတ်လိုက်တဲ့ အချက်တွေကတော့ ကျောင်းသားထု မလိုက်နာနိုင်တဲ့ ကျောင်းဆောင်စည်းကမ်းများကို ဖျက်သိမ်းရေး၊ တက္ကသိုလ်ကောင်စီမှာ ကျောင်းသားကိုယ်စားလှယ် ပါဝင်ခွင့်ရရေး၊ ၄င်းကျောင်းသားကိုယ်စားလှယ် ပါဝင်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတစ်ခုခုကနေ ကျောင်းသားထုနဲ့ သင့်လျော်မယ့် ကျောင်းဆောင်စည်းကမ်းသစ်များကို ပြန်လည်ရေးဆွဲရေးတို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုနိုင်ငံရေး ပယောဂမှ ပါဝင်ခြင်း မရှိပါဘူး။ တကသကိုယ်စားလှယ်တွေ ကြားဝင်ညှိနှိုင်းပေမယ့် အရာမထင်ခဲ့သလို ကျောင်းသားတွေဟာလည်း ပိုမိုဒေါသထွက်ခဲ့ကြပါတယ်။ စစ်တပ်စည်းကမ်းအတိုင်း အမိန့်နဲ့ တမင်ဖိနှိပ်နေတာပဲလို့ သဘောပေါက် ခဲ့ပြီးပဋိပက္ခဆီသို့ ဦးတည်လာပါတော့တယ်။
*ဇူလိုင်၇ရက်မတိုင်မီ ကျောင်းသားများ၏ ပေါက်ကွဲမှု*
ဇူလိုင် ၆ ရက်ညမှာတော့ ကျောင်းသားထုဟာ သူတို့ မျိုသိပ်ထားရသမျှတွေကို တက္ကသိုလ် ပရဝုဏ်ထဲမှာ ပေါက်ကွဲပြပါတော့တယ်။ ည ၉နာရီခွဲကျော်တာနဲ့ အကျဥ်းထောင်များ သဖွယ် ပိတ်လှောင်ထားတဲ့ အဆောင်တံခါးသော့များကို ရိုက်ချိုးပြီး အဓိပတိလမ်းပေါ် ထွက်လာကြတယ်။ စီတန်းလှည့်လည် ကြွေးကြော်တယ်။ ည၁၂နာရီခွဲမှာတော့ ပါမောက္ခချုပ်ဦးကာအိမ်ကို ဝိုင်းပြီးဆန္ဒပြတယ်။ အဲ့ဒီကနေ ကျောင်းသားရေးရာမှူး ဦးစံထွန်းအိမ်ကို သွားကြပါတယ်။
တကသ ဥက္ကဌကို ဗဆွေလေး၊ ဒုတိယဥက္ကဌနဲ့ အတွင်းရေးမှူးတို့ ရောက်လာပြီး စည်းကမ်းသေဝပ်စွာ ဆန္ဒပြကြဖို့ ဝင်ရောက် ထိန်းသိမ်းပေးပါတယ်။
အဆောင်ရေးမှူး ဦးယုခင်အိမ်ကိုသွားပြီး ဦးယုခင်နဲ့ တွေ့ဆုံ ညှိနှိုင်းကြတယ်။ ဦးယုခင်မှ “ကျောင်းသားတွေရဲ့ ဆန္ဒကို ဆရာသိရပါပြီ။ အထက်ကို ပြန်လည်တင်ပြပေးပါမယ်။”လို့ ကတိပေးတဲ့ အတွက်ကြောင့်ပဲ ကျောင်းသားများဟာ ငြိမ်းချမ်းစွာလူစုခွဲပြီး အဆောင်အသီးသီးတို့ ပြန်သွားခဲ့ကြတယ်။
* ဇွန်လိုင်၇ရက် ဆန္ဒပြမှု *
ဇူလိုင်၇ရက် နေ့လယ် ၁နာရီမှာတော့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကြီးမှူးပြီး ကျောင်းဆောင်စည်းကမ်း ရုပ်သိမ်းပေးရေး ဆန္ဒပြပွဲအတွက် အစည်းအဝေး ပြုလုပ်ပါတယ်။ သဘာပတိမှာ ကိုဗဆွေလေးဖြစ်ပြီး အတွင်းရေးမှူးမှာ ကိုသာဒိုး ဖြစ်ပါတယ်။ ဒီအစည်းအဝေးကတော့ တကသရဲ့ နောက်ဆုံးအစည်းအဝေးတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။
တကသရဲ့ နောက်ဆုံး အစည်းအဝေးတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။ တကသ အဆောက်အဦမှာ ကျင်းပတဲ့ အစည်းအဝေးကနေ ကျောင်းဆောင်စည်းကမ်းများ ဖျက်သိမ်းပေးရန်၊ ကျောင်းဆောင်ကော်မတီတွင် ကျောင်းသားကိုယ်စားလှယ် ပါဝင်ခွင့်ပေးရန်၊ ကျောင်းဆောင်နေလိုသူတိုင်း အဆောင်ရရေးအတွက် အစိုးရမှဆောင်ရွက်ပေးရန်၊ အဆောင်သစ်များဆောက်လုပ်ပေးရန် စတဲ့ ဆုံးဖြတ်ချက်များကို ချပါတယ်။ ပြီးတာနဲ့ ငြိမ်းချမ်းစွာပဲ လှည့်လည် ဆန္ဒပြကြဖို့ အများသဘောအရ ဆုံးဖြတ်ပါတယ်။
ကျောင်းသူကျောင်းသား ၂၀၀၀ခန့်ဟာ တကသ အစည်းအဝေးခန်းမမှ ထွက်လာကြပြီး တကသ အဆောက်အဦရှေ့မှာ စုရုံးကြပါတယ်။ ပြီးမှ မန္တလေးဆောင်၊ တောင်ငူဆောင်၊ ဒဂုံဆောင်၊ ရွှေဘိုဆောင်၊ အဓိပတိလမ်းမှ ဘွဲ့နှင်းသဘင်ကို ပတ်ပြီး အဓိပတိလမ်းတလျောက် စီတန်းလှည့်လည် ကြတယ်။ တကသရှေ့ပြန်အရောက်မှာပဲ လူစုခွဲလိုက်ကြတယ်။ စီတန်း လှည့်လည်ရာမှာ ကြွေးကြော်သံတွေဟာ ကျောင်းသားအရေး ကိစ္စပဲ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ မပက်သက်ပါဘူး။ ကြွေးကြော်ခဲ့ကြတာတွေကတော့…
“မတရားစည်းကမ်းတွေအလိုမရှိ”
“မတရားချုပ်ချယ်မှုတွေအလိုမရှိ”
“ကျောင်းဆောင်တွေကိုအကျဥ်းထောင်မလုပ်နဲ့”
“ချုပ်ချယ်မှုတွေအလိုမရှိ”
“မတရားစည်းကမ်းတွေဖျက်သိမ်း”
“ကျောင်းသားထုညီညွှတ်ကြ”
*လူဖမ်းပွဲလုပ်ပြီးအကြမ်းဖက်ကြပြီ*
ဆန္ဒပြပွဲပြီးလို့ လူစုခွဲနေပြီ။ အဆောင်ကို ပြန်ကြသူပြန်ကြ၊ တကသ အဆောက်အဦရဲ့ လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်သူသောက်၊ ကော်ဖီသောက်သူသောက်နဲ့ ဝိုင်းဖွဲ့တဲ့ လူတချို့ရှိတယ်။ တကသ ခေါင်းဆောင်ပိုင်းကတော့ အဆောက်အဦပေါ်မှာ ရှိနေကြသလို တကသ အဆောက်အဦရဲ့ အပေါ်ထပ်မှာလည်း ခရိုင်အသင်းတစ်ခုက မောင်မယ်သစ်လွင်ကြိုဆိုပွဲ လုပ်နေကြတယ်။
အဲ့ဒီအချိန်မှာပဲ အဓိပတိလမ်းဘက်ကနေ မောင်းဝင်လာတဲ့ ကားသုံးစီးဟာ တကသအရှေ့မှာထိုးရပ်ပြီး ကျောင်းသားတွေကို စဖမ်းပါတော့တယ်။ ရန်ကုန်ရဲအဖွဲ့ဟာ အင်အား ၁၀၀ ကျော်လောက်နဲ့ ညနေသုံးနာရီ မှာလာဝိုင်းကြတာ ဖြစ်တယ်။ တိုက်ပုံအင်္ကျီဝတ်ထားတဲ့ လူမှန်သမျှကို လိုက်ဖမ်းတယ်။ တကသအပေါ်မှာ ရှိနေတဲ့ တကသဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသဥက္ကဋ္ဌအသစ် ကိုသက်၊ ကိုဥာဏ်ဝင်း၊ ကိုစိုးတင့်၊ ကိုရဲမြင့် စတဲ့သူတွေကို ပုလိပ်အဖွဲ့က ဖမ်းဆီးလိုက်ကြတယ်။ ဒီလိုမျိုးအခြေအနေတွေကြောင့်ပဲ ကျောင်းသားတွေ အမြန်ပြန်စုဝေးတယ်။ ပြန်လည် ခုခံကြတယ်။ ပုလိပ်အဖွဲ့ဟာ တက္ကသိုလ်ဝင်းထဲကနေ ပြန်ထွက်သွားကြတယ်။
ညနေ ၄နာရီမှာ သီးသန့် ရဲအဖွဲ့မှ အဓိကရုဏ်းနှိမ်နင်းရေး ကားနှစ်စီးနဲ့အတူ အင်အား ၁၀၀ လောက် ထပ်ရောက်လာတယ်။တချိန်တည်းလိုလိုမှာပဲ သေနတ်ကိုင် စစ်သားတွေဟာ ထရပ်ကားငါးစီးနဲ့ ထပ်ရောက်လာကြတယ်။ ကမာရွတ် ရဲဌာနမှာတော့ ဒုဗိုလ်မှူးကြီးစိန်လွင်၊ ဒုဗိုလ်မှူးကြီးမောင်မောင်၊ လက်ထောက်ရဲမင်းကြီး ဦးလှငွေတို့က ကြီးကြပ်ကွပ်ကဲနေကြတယ်။
ကျောင်းသားတွေက ငြိမ်မသွားဘူး။ အော်ဟစ် ဆန္ဒပြနေကြတယ်။ ကျောင်းသားတွေရဲ့ ဒေါသအရှိန်ဟာ မြင့်တက်နေကြပြီဖြစ်တယ်။ ညနေ ၅နာရီ ထိုးခါနီးလောက်မှာ မျက်ရည်ယိုဗုံး ၆လုံး ပစ်သွင်းပြီး ဖြိုခွဲတယ်။ ကျောင်းသားတွေ ငြိမ်မသွားလို့ နောက်ထပ် မျက်ရည်ယိုဗုံး ၄ လုံး ပစ်သွင်းတယ်။
မျက်ရည်ယိုဗုံး အငွေ့ကြားမှာပဲ ကျောင်းသားတွေ ဒေါသပိုထွက်လာတယ်။ “အစိုးရအလိုမရှိ”လို့ စတင် ကြွေးကြော်လာကြပြီ။
ဒုဗိုလ်မှူးကြီးစိန်လွင်ရဲ့ ဖိတ်ခေါ်မှုကြောင့် ကျောင်းသားကိုယ်စားလှယ်တချို့ အပြင်ထွက်ပြီး ညှိကြတယ်။ ကိုယ်စားလှယ်တွေကျောင်းဝင်းထဲ ပြန်ဝင်လာတာနဲ့ ကျောင်းသားတွေက ဝိုင်းပြီးလှောင်ပြောင်ကြတယ်။ သွားညှိတဲ့ အထဲမှာ ပါသွားတဲ့ တက္ကသိုလ် အရန်တပ်ရင်းက တပ်သားကိုလှထွန်းဝတ်ထားတဲ့ စစ်ဝတ်စုံကို ဝိုင်းချွတ်ကြပြီး ဘောလုံးလုပ်ကာ ကျောင်းသားတွေ ဝိုင်းကန်ကြတယ်။
ရဲများအားလုံး ရုပ်သိမ်းသွားပြီး စစ်သားများကိုသာ အစောင့်ချထားလိုက်တယ်။ အခြေအနေက ပိုတင်းမာ သွားခဲ့ပြီ။စစ်သားများနဲ့ မျက်နှာချင်းဆိုင် အနေအထားကနေ ကျောင်းသားတွေက အဓိပတိလမ်းဘက်သို့ ပေ၂၀ခန့် ပြန်ဆုတ်လိုက်ကြတယ်။ ပါမောက္ခချုပ် ဦးကာရဲ့ ကားနဲ့ ကျောင်းရုံးပိုင် ကားတစ်စီးတို့ကို လမ်းမပေါ် တွန်းတင်လာပြီး မီးရှို့လိုက်ကြတယ်။အခြေနေက ပိုဆိုးလာခဲ့ပြီ။ တက္ကသိုလ်စာတိုက်ဘက်က တကောင်း၊ ပုဂံစတဲ့ ကျောင်းဆောင်တွေကပါ အော်ဟစ် ဆန္ဒပြနေကြတယ်။
“အစိုးရအလိုမရှိ”
“တက္ကသိုလ်နယ်မြေက စစ်သားတွေ ထွက်သွား”
ညနေ ၅နာရီ ၄၀မိနစ်မှာတော့ “ဆူပူမှုကို ရပ်ဆိုင်းရန်၊ မရပ်ပါက သေနတ်ဖြင့် ပစ်နှိမ်ရမည် ဖြစ်ကြောင်း”အသံချဲ့စက်ဖြင့်သတိပေးလာတယ်။ ကျောင်းသားတွေက အော်ဟစ်နေကြဆဲ။ ခဲနဲ့ပေါက်သူကလည်း ပြန်ပေါက်နေကြတယ်။ ညနေ ၆နာရီအချိန်မှာတော့ နေဝင်းဂန်း၊ တောမီဂန်း၊ ဘရင်းဂန်း ပစ်ခတ်သံတွေ တက္ကသိုလ်နယ်မြေမှာ ဖုံးလွှမ်းသွားတော့တယ်။ သေဆုံးသူများရှိသလို ဒဏ်ရာရသူအများအပြား ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာတယ်။ ကမာရွတ် အဝိုင်းတဝိုက်ကို ပုဒ်မ ၁၄၄ ထုတ်လိုက်သလို တက္ကသိုလ်နယ်မြေဟာလည်း နေဝင်မီးငြိမ်း အမိန့်အောက် ရောက်သွားတယ်။
ကျောင်းတွေ ပိတ်လိုက်ကြောင်း အမိန့်ထုတ်လိုက်သလို ရေဒီယိုကလည်း အောက်ပါအတိုင်း ကြေညာလိုက်ပြန်တယ်။
“ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် ဆက်လက်၍ ပညာသင်ကြားလိုလျှင် အာဏာပိုင်တို့ သတ်မှတ် ထားသည့် စည်းကမ်းများကို လိုက်နာပါ့မည်ဟု ခံဝန်ချုပ်တွင် ကိုယ်တိုင် လက်မှတ်ရေးထိုး ပေးပို့ရမည်။ ကျောင်းဆောင်များနေလိုလျှင်လည်း သက်မှတ်ထားသည့် ကျောင်းဆောင် စည်းကမ်းများကို လိုက်နာပါ့မည်ဟု ကိုယ်တိုင် လက်မှတ်ရေးထိုး၍ အဆောင်မှူးထံ သို့ပေးပို့ရမည်။ ဤကဲ့သို့ လက်မှတ်ထိုးရန် သဘောမတူသည့် ကျောင်းသား၊ ငြင်းသည့် ကျောင်းသား၊ စည်းကမ်းကို ဖောက်ဖျက်သည့် ကျောင်းသားသည် တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံရမည်။ တော်လှန်ရေး ကောင်စီသည် စည်းကမ်းမဲ့ ဆူပူသူများ အားအလျော့ပေးမည် မဟုတ်ဘဲ လိုအပ်လျှင် တက္ကသိုလ်များကို ပိတ်ထားမည်ဖြစ်ကြောင်းအသိပေးလိုက်သည်”။
*တကသ အဆောက်အဦကို မိုင်းဖြင့် ဖောက်ခွဲကြပြီ*
ဇူလိုင်၈ရက် မနက် ၆ နာရီ အချိန်ခန့်တွင် ရန်ကုန်တက္ကသိုလ်မှ ပေါက်ကွဲမြည်ဟီးသံကြီး ထွက်ပေါ်ခဲ့တယ်။ ရန်ကုန်တစ်မြို့လုံးလိုလို ကြားလိုက်ကြတယ်။ တကသ အဆောက်အဦကြီးကို ခြေစလက်စ မကျန်အောင် ဖြိုခွဲလိုက်ကြပြီဆိုတာ အားလုံးသိလိုက်ကြတယ်။ ညတုန်းက သေဆုံးသူ၊ ဒဏ်ရာရသူတွေရဲ့ သတင်းတွေကြောင့်ပဲ မိဘတွေအားလုံး စိတ်ပူနေကြတဲ့ကြားထဲကပဲ သမဂ္ဂပါ ဖြိုခွဲခံလိုက်ရတယ်။ ကျောင်းသားတွေကို ထိန်းမရလို့ ပစ်ခတ်တဲ့အထိ ဖြေရင်ဖြေလို့ ရသေးတယ်။ ကျောင်းသားတွေလည်း ဒဏ်ရာရခဲ့ သေခဲ့ပြီးပြီ။ သမိုင်းဝင် အဆောက်အဦကြီးကို ဖြိုချပစ်လိုက်တာ ကတော့တရားလွန်လွန်းတယ်လို့ အားလုံး ယူကြုံးမရ ဖြစ်ရရှာတယ်။
ဇူလိုင် ၈ရက် ည ၇နာရီမှာ ဗိုလ်နေဝင်းကိုယ်တိုင် တကသ ဖြိုခွဲလိုက်တာနဲ့ ပက်သက်ပြီး တိုင်းပြည်ကို မိန့်ခွန်းပြောတယ်။ သူအလွန်ပဲ စိတ်မချမ်းမြေ့ရပါဘူးတဲ့။ မလွှဲသာ မရှောင်သာလွန်းလို့ ရှိတဲ့အား တစ်စိတ်တစ်ဒေသကို သုံးပြီး ဖြေရှင်းလိုက်ရပါတယ်လို့ ဆိုတယ်။ သမဂ္ဂဖြိုချလိုက်တာကို ရည်ရွယ်ပြီး “ဓားဓားချင်း၊ လှံလှံချင်း ဆိုင်ဖို့သာ ရှိတော့တယ်”လို့ တရားဝင်စိန်ခေါ်စကား ဆိုခဲ့ပါတယ်။
သေဆုံးခဲ့သူမှာ ရာဂဏာန်းအထိ ရှိနိုင်တယ်လို့ ဝေဖန်သုံးသပ်နေကြသော်လည်း အာဏာပိုင်တွေကတော့ သေဆုံးသူ ၁၆ဦးသာ ရှိတယ်လို့ သတင်းထုတ်ပြန်တယ်။ ဆေးရုံသို့ ဒဏ်ရာဖြင့် ရောက်လာသူ ၄၂ဦး ရှိပြီး သူတို့ လက်ရဖမ်းဆီးထားသူများမှာ ၂၁ဦး ရှိတယ်လို့ ဆိုပါတယ်။
ဖောက်ခွဲလိုက်တဲ့ အဆောက်အဦထဲမှာ ကျောင်းသားတွေ ရှိနေတယ်ဆိုတဲ့ အချက်ကိုလည်း အစိုးရဘက်က ငြင်းပါတယ်။ဖောက်ခွဲရာမှာလည်း မိုင်းဗုံးဖြင့် ခွဲခြင်းမျိုး မဟုတ်ဘဲ နံရံကပ် ယမ်းကတ်များကိုသာ ကပ်ပြီး ခွဲခဲ့တာလို့ ဆိုပါတယ်။ စာရင်းမပြနိုင်ဘဲ ပျောက်ဆုံးနေတဲ့ ကျောင်းသား ၄၀သတင်းကိုတော့ အာဏာပိုင်များ အနေနဲ့ ငြင်းဆိုခဲ့ခြင်း မရှိပါဘူး။
*သမဂ္ဂကို ဖြိုတာ ဘယ်သူ့လက်ချက်လဲ*
နောင်လာ နောင်သားတို့အနေနဲ့ တကသ အဆောက်အဦးကို မြင်တွေ့နိုင်စွမ်း မရှိနိုင်တော့ပါဘူး။ စစ်အာဏာရှင်ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ စစ်အုပ်စုကအငြိုးနဲ့ ဖြိုခဲ့ကြတယ်ဆိုတာ အားလုံးက သိနေကြပါတယ်။ ဗိုလ်နေဝင်းက စတင်လို့ စစ်အာဏာရှင် အဆက်ဆက်ဟာ သူတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် ဘယ်တုန်းကမှ ဝန်ခံခဲ့ရိုး ထုံးစံမရှိပါဘူး။
၁၉၆၂ခုနှစ် သမဂ္ဂဖြိုခဲ့တုန်းကလည်း “ဓားဓားချင်း လှံလှံချင်း”လို့ သူပဲစိန်ခေါ်ခဲ့တာ ဖြစ်တယ်။ ၈လေးလုံးမရောက်ခင်မှာပဲ “နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး”
တကသ အဆောက်အဦးကို ဖြိုဖျက်ဖို့ အမိန့်ပေးသူဟာ သမိုင်းတရားခံပါ။ သူတို့ဟာ သမိုင်းတရားခံ မဖြစ်လိုလို့ ဗြောင်ငြင်းခဲ့ကြပါတယ်။ သမဂ္ဂဖြိုဖို့ အမိန့်ပေးသူဟာ သူမဟုတ်ဘူး။ သူနဲ့ လုံးဝ မပက်သက်ဘူးလို့ ပထမဆုံး ငြင်းခဲ့သူကတော့ အဲ့ဒီအချိန်တုန်းက ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်တာဝန်ယူထားတဲ့ ဗိုလ်အောင်ကြီးပဲ ဖြစ်ပါတယ်။ ဇူလိုင်၇ရက်နေ့ ဖြစ်စဥ်မှာ သူ့အနေနဲ့ မပါဝင်ဘဲ နေခဲ့တယ်။ ပစ်တာခတ်တာကိုလည်း ဗိုလ်နေဝင်းကိုယ်တိုင် အမိန့်ပေးတာ ဖြစ်တယ်။ ဒဏ်ရာရတဲ့ကျောင်းသားတချို့ကို သမဂ္ဂ အဆောက်အဦ အတွင်းသို့ ဆွဲသွင်းပြီး သံတခါးများ ပိတ်ထားတယ်လို့ ဗိုလ်နေဝင်းထံ သတင်း ပို့ပါသတဲ့။ အဲ့ဒီအချိန်မှာပဲ ဗိုလ်နေဝင်း ကိုယ်တိုင်က Union ကြီးကိုပါ Recoiless Gun နဲ့ ပစ်ဖြိုလိုက်ပေါ့လို့ အမိန့်ပေးတော်မူတယ်လို့ ဗိုလ်အောင်ကြီးက ရှင်းပါတယ်။
ဗိုလ်နေဝင်းကတော့ သမဂ္ဂဖြိုဖို့ အမိန့်ပေးခဲ့တာ သူမဟုတ်ကြောင်း၊ ဗိုလ်အောင်ကြီးသာ အမိန့်ပေးခဲ့ခြင်းသာ ဖြစ်ကြောင်းကို ၁၉၈၈ခုနှစ် ဇူလိုင်၂၃ရက် အရေးပေါ် ပါတီညီလာခံမှာ မိန့်ခွန်းပြောကြားရင်း ထည့်သွင်း ရှင်းလင်းပါတော့တယ်။ သူ့အနေနဲ့ သမဂ္ဂ အဆောက်အဦးအတွင်း ရှိသူများကို အဆောက်အဦမှ ထွက်ကာ အဖမ်းခံရန် အသံချဲ့စက်ဖြင့် ပြောရန်၊ ထွက်မလာပါက လက်နက်ကြီး သုံးမည်ဆိုသည့် အချက်ကို ထည့်ပြောရန်၊ အသာတကြည် ထွက်၍ အဖမ်းမခံက ရီကွိုင်း လက်ဂန်းဖြင့် ပစ်ဖမ်းရန်၊ လိုကရီကွိုင်းလက်ဂန်းသုံးရန်၊ အဆိုပါ အချက်များကို မမှောင်ခင် ပြီးအောင် ဆောင်ရွက်ရန် တို့ကိုသာ ညွှန်ကြားတာမျိုးပဲ ရှိပြီး သမဂ္ဂဖြိုပစ်ဖို့ အမိန့်မပေးခဲ့ဘူး လို့ဆိုပါတယ်။ သမဂ္ဂဖြိုတာနဲ့ ပတ်သက်ပြီး ရှင်းရာမှာတော့…” ထို ၇ရက်နေ့က အသံလွှင့်ရုံရှိ လူတစ်စုထဲမှ တစ်ဦးတစ်ယာက်က ဒီသမဂ္ဂအဆောက်အဦကြီးဟာ သူပုန်ဌာနချုပ် ဖြစ်နေတယ်။ ဖျက်ပစ်ရင် ကောင်းမည်ဟု ဖျက်သင့် မဖျက်သင့် ဆွေးနွေးကြပါသည်။ နောက်ဆုံး ဗိုလ်ချုပ်(ဗိုလ်နေဝင်း)ကို အသိပေးပြီး ဗိုလ်ချုပ် သဘောတူလျှင် ဖျက်မည်ဟု ဆုံးဖြတ်ကြပါသည်။ ဗိုလ်အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားတင်ပြမည်။ သဘောတူမတူ အဖြေသူယူခဲ့မည် ပြောပြီး၊ ကိုလှဟန် ကိုခေါ်၍ ကားဖြင့်ထွက်သွားပါသည်။ ထို့နောက် ဗိုလ်အောင်ကြီး အသံလွှင့်ရုံသို့ပြန်လာပြီး ဗိုလ်ချုပ်က သဘောတူလိုက်ပြီ၊ ok ဟု ပြောသဖြင့် အသံလွှင့်ရုံရှိ လူသိုက်တို့က သမဂ္ဂအဆောက်အဦကို ဖျက်ဖို့ ပစ္စည်းများစုပြီး ဖျက်ပစ်လိုက်ပါသည်”။
အမိန့်ပေးသူဟာ သူမဟုတ်ဘူး။ ဗိုလ်အောင်ကြီးသာ ဖြစ်တယ်လို့ ရှင်းလင်းရတာက အကြောင်းရှိပါတယ်။ အဲ့ဒီအချိန်က ၈လေးလုံး အရေးတော်ပုံကြီး အုံကြွဖို့ တာစူ နေတဲ့အချိန်ပါ။ မဆလရဲ့ နေဝင်ချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မိန့်ခွန်းထဲမှာ ထည့်ပြီး ရှင်းလင်းခြင်း ဖြစ်ပါတယ်။ တစ်ပါတီစနစ်နဲ့ ပါတီစုံ စနစ်ကို ပြည်သူတွေက ကြိုက်တာရွေးလို့ ပြောခဲ့သလို သူကိုယ်တိုင်ကလည်း နိုင်ငံရေးကနေ ကျောခိုင်းတော့မယ်လို့ ပြောပြန်ပါတယ်။
၁၉၆၂ခုနှစ် သမဂ္ဂဖြိုခဲ့တုန်းကလည်း “ဓားဓားချင်း လှံလှံချင်း”လို့ သူပဲစိန်ခေါ်ခဲ့တာ ဖြစ်တယ်။ ၈လေးလုံးမရောက်ခင်မှာပဲ “နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး” လို့ သူပဲပြည်သူကို ခြိမ်းခြောက်ခဲ့တာ ဖြစ်တယ်။
* ဝန်မခံတတ်တဲ့ စစ်အာဏာရှင် စရိုက်ဆိုး *
ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးတို့ နှစ်ယောက်အကြားမှာပဲ လက်သည်မပေါ်ဖြစ်ကာ သမဂ္ဂပြိုခဲ့တာ နှစ်ပေါင်း၆၀တင်းတင်း ရှိပြီဖြစ်ပါတယ်။ ဗိုလ်နေဝင်းကစလို့ စစ်အာဏာရှင် မျိုးဆက်အသီးသီးတို့ဟာ သူတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် ဘယ်တုန်းကမှ တိုင်းပြည်ကို ဝန်ချတောင်းပန်ခဲ့ခြင်းမရှိပါဘူး။
ဗိုလ်နေဝင်းနဲ့ ဗိုလ်အောင်ကြီးတို့ နှစ်ယောက်အကြားမှာပဲ လက်သည်မပေါ်ဖြစ်ကာ သမဂ္ဂပြိုခဲ့တာ နှစ်ပေါင်း၆၀တင်းတင်း ရှိပြီဖြစ်ပါတယ်။ ဗိုလ်နေဝင်းကစလို့ စစ်အာဏာရှင် မျိုးဆက်အသီးသီးတို့ဟာ သူတို့လုပ်ခဲ့တဲ့ အမှားတွေအတွက် ဘယ်တုန်းကမှ တိုင်းပြည်ကို ဝန်ချတောင်းပန်ခဲ့ခြင်းမရှိပါဘူး။ ၁၉၆၂ မှာလည်း မရှိခဲ့ပါဘူး။ ၁၉၈၈မှာလည်း မရှိခဲ့ပါဘူး။ လုပ်ခဲ့သမျှတွေ အားလုံးဟာ အမှန်တွေဖြစ်ပြီး ကျန်သူများသာ အမှားလုပ်တဲ့ လူတွေလို့ တရားခံရှာလေ့ ရှိပါတယ်။ ဘယ်သူတွေမှန်လို့ ဘယ်သူတွေ မှားခဲ့လဲဆိုတာကို အချိန်အခါက အဖြေပေးခဲ့ပြီး ဖြစ်သလို ပြည်သူတွေ အားလုံးလည်း သိပြီးဖြစ်ပါတယ်။
၆၂ မှာ အာဏာသိမ်းပြီး သမဂ္ဂကို ဖြိုတယ်။ ၈၈မှာ အာဏာသိမ်းပြီး တက်လာတဲ့ စစ်အုပ်စုကလည်း ရန်ကုန်တက္ကသိုလ်သမိုင်းကို အစဖျောက်ဖို့ ကြံစည်ခဲ့ပါတယ်။ ရန်ကုန် တက္ကသိုလ်ကို ပိတ်ပစ်ပါတယ်။ ရန်ကုန်မြို့ပြင်တွေဆီမှာ တက္ကသိုလ်အသစ်တွေကို ဆောက်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်နဲ့တကွ တက္ကသိုလ်အဝန်းအဝိုင်း ပညာရေးကို စနစ်တကျနဲ့ ဖျက်ဆီးခဲ့ကြပါတယ်။ ဒီလိုလုပ်ခဲ့တာကို ဘယ်စစ်အာဏာရှင်ကမှ ဝန်မခံခဲ့ပါဘူး။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာလည်း သံဃာတော်တွေကို ရိုက်နှက် သတ်ဖြတ်ခဲ့ခြင်း အတွက်လည်း သူတို့ဝန်ချတောင်းပန်ခဲ့ခြင်း မရှိပါဘူး။ အခုချိန်မှာလည်း တစ်ပြည်လုံးကို သေနတ်မိုး၊ အကျဥ်းချထားပြီး စစ်အာဏာရှင်တွေ လုပ်သမျှ “အားလုံးကောင်းပါသည်ခင်ဗျား” လို့ ပြည်သူလူထု အနေနဲ့ သံပြိုင်ပြောဆိုရမယ့် အနေအထားကို ရောက်နေရပြီ ဖြစ်ပါတယ်။
ဒေါင်းသွေး
(ယခုဆောင်းပါးပါ အချက်အလက်များနှင့် အကြောင်းအရာများ၊ အမြင်သဘောထားများသည် ဆောင်ပါးရှင်၏ အာဘော်သာဖြစ်ပြီး LAMP အဖွဲ့၏ အာဘော်မဟုတ်ပါ။)
– တကသကို ဤသို့စခဲ့ကြသည်( ကိုရာရှစ် )
– ကျောင်းသား ဝတ္တရား( ကိုအောင်ဆန်း)
– ဥဒါန်းမကြေ ( အောင်စောဦး )
– ကျောင်းသားသမဂ္ဂ အဆောက်အအုံဖျက်ဆီးသူ တရားခံဘယ်သူလဲ ( ဒေါက်တာမင်းသိမ်း )
– မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း ( အောင်ထွန်း )
– တိုက်ပွဲဝင်စာများ ( ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး)
– မိမိ၏ ကိုယ်ပိုင်မှတ်စု များမှ ထုတ်နှုတ်ကိုးကားပြီး ရေးသားထားခြင်း ဖြစ်ပါသည်။