အယ်ဒီတာ့ အာဘော်

2022 June 2

စိုးရိမ်ရေမှတ်သို့ ရောက်လာသော မြန်မာ့စားနပ်ရိက္ခာ ရှားပါမှု

စိုက်ပျိုးရေးသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသော ကဏ္ဍတွင် ပါဝင်လျှက် ရှိသည်။ အဘယ်ကြောင့်ဆိုသော် စိုက်ပျိုးရေး ထွက်ကုန်များ၏ ပြည်ပသို့နှစ်စဥ် တင်ပို့ရောင်းချရာမှ ရရှိသော ဝင်ငွေသည် မြန်မာနိုင်ငံ၏ တစ်မျိုးသားလုံးအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃၇.၈ % ရှိသောကြောင့်ပင် ဖြစ်သည်။

ထို့ပြင် နိုင်ငံလူဦးရေ၏ ၇၀% ကိုပါ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးထား နိုင်ပါသေးသည်။ ပြည်တွင်းစားသောက် ကုန် ဖူလုံစေရုံသာမက ပြည်ပဝင်ငွေပါ ရှာဖွေပေးနိုင်သော အဖိုးတန် စိုက်ပျိုးရေးကဏ္ဍသည်ကား ယခုအခါ ခြိမ်းခြောက်မှုဖြင့် ကြုံတွေ့နေရလေပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင် သမိုင်းတစ်လျှောက် မကြုံဖူးသော အခြေအနေဆိုးများကို အောက်ပါအတိုင်း ကြုံတွေ့လာရပြီဖြစ်သည်။

  • စိုက်ပျိုးရေး အဓိက လုပ်ကိုင်သော နေရာ‌‌ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း‌ဒေသေကြီးရှိ နေရာအများစုနှင့် မကွေးတိုင်းဒေသကြီးရှိ နေရာအချို့တွင် စစ်ကောင်စီသည် နေအိမ်များကိုသာမကပဲ ရိတ်သိမ်းထားပြီးသော သီးနှံများကိုပါ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာခြင်း။
  • ယခုနှစ် စိုက်ပျိုးရာသီတွင် စိုက်ပျိုးရေး မလုပ်ကိုင်နိုင်တော့ပဲ စစ်ကောင်စီ၏ နှိမ်နင်းမှုမှ လွတ်မြောက်အောင် ထွက်ပြေးနေရခြင်း။
  • စိုက်ပျိုးရေးနှင့် တိုက်ရိုက်အချိုးကျသည့် သွင်းအားစုစျေးနှုန်းများ အဆမတန် မြင့်မားလာခြင်း။
  • စက်သုံးဆီစျေးနှုန်းများ အဆမတန် မြင့်တက်လာသည့်အတွက် သယ်ယူပို့ဆောင်စရိတ်များ မြင့်တက်လာခြင်း။

အစရှိသည့် ပြဿနာများနှင့် ကြုံတွေ့လာရပေရာ ပြည်ပသို့ တင်ပို့နိုင်ရန်ဝေးစွ ပြည်တွင်း၌ပင် ကုန်စျေးနှုန်း ကြီးမြင့်မှု အပြင် စျေးနှုန်းသာရှိပြီး ကုန်ပစ္စည်း မရှိသော အခြေအနေများ ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။

ကျွမ်းကျင်ပညာရှင်များက လက်ရှိအခြေအနေအား အချိန်မီ မကုစားနိုင်လျှင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စားနပ်ရိက္ခာအကျပ်အတည်းကြောင့် အငတ်ဘေး ဆိုက်နိုင်ပြီး ကျေးလက်‌ဒေသများတွင် အဆိုပါကပ်ဘေး ပိုမိုခံစားရလိမ့်မည် ဖြစ်ကြောင်း ဟောကိန်းထုတ်နေကြပြီ ဖြစ်သည်။

ဆိုရလျှင် မြန်မာ့စားနပ်ရိက္ခာ အခြေအနေသည် စိုးရိမ်ရေမှတ်သို့ ရောက်နေပြီဖြစ်ကြောင်း ခေါင်းလောင်းထိုးလိုက်ခြင်းပင် ဖြစ်ပေရာ မိမိတို့ မြန်မာပြည်သူများအနေဖြင့် အချင်းချင်း ရိုင်းပင်းကူညီနိုင်စေရန်နှင့် ပြင်ဆင်ထားနိုင်ရန် အလို့ငှာ LAMP အယ်ဒီတာအဖွဲ့မှ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

အယ်ဒီတာ

ဇွန်လ